Part 8

706 37 0
                                    

(Unicode)

ပိုင်မြင့်မြတ်ကျော် rooftop bar တစ်ခုသို့ ထွက်လာသည်။ ထွန်းဝီရက သူနှင့်နှစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောချင်သည်ဟု ချိန်းဆိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပဲ အာကာလင်းသန့်ကို အိမ်ပြန်ပို့ပြီးတာနဲ့ ထွန်းဝီရချိန်းသည့် bar ကို အမြန်ဦးတည်လာခဲ့သည်။ သူရောက်သွားတော့ အရင်ရောက်နှင့်နေသည့် ထွန်းဝီရက ထိုင်နေသည့် ဝိုင်းကနေ လက်လှမ်းပြသည်။ ပိုင်မြင့်မြတ်ကျော် ထွန်းဝီရရှိရာသို့ ခပ်သွက်သွက် လျှောက်သွားပြီး ခုံတစ်လုံးကို ဆွဲယူကာ ထိုင်လိုက်သည်။

"ဆောရီးကွာ၊ ငါနည်းနည်းနောက်ကျသွားတယ်"

"ငါလည်း ရောက်တာမကြာသေးပါဘူး"

"ဟိုတစ်နေ့က ငါတို့သူငယ်ချင်းတွေ စကားကောင်းကောင်း မပြောလိုက်ရလို့ ဒီနေ့ချိန်းတာလား ဝီရ"

"ဒီလိုလည်း ဟုတ်ပေမယ့် အဓိကက ငါအတည်ပြုချင်တာရှိလို့"

ထွန်းဝီရ ဘာကို သိချင်နေမှန်း ပိုင်မြင့်မြတ်ကျော် ခန့်မှန်းမိသည်။ အမှန်အတိုင်းပြောပြဖို့လည်း စိတ်ကူးသည်။ ထွန်းဝီရနဲ့ သူ့နဲ့ဆိုတာ အိမ်ချင်းကလည်း နီးသလို၊ မူကြိုကနေ ထွန်းဝီရတို့ မိသားစု အိမ်မပြောင်းခင် ခြောက်တန်းအထိ ကျောင်းအတူတူ တက်ခဲ့ကြသူများ ဖြစ်သည်။ တစ်ယောက်ကို တစ်ယောက်လည်း အတော်လေးကို ရင်းနှီးသည်။ ထွန်းဝီရတို့ အိမ်ပြောင်းသွားကြသည့် နောက်ပိုင်းမှသာ လူချင်းမတွေ့ဖြစ်တော့ဘဲ ကွဲသွားကြခြင်းပင်။

ထို့အပြင် ထွန်းဝီရရဲ့ စိတ်ဓာတ်ကို သူရင်းနှီးခဲ့သည့်အတိုင်းအတာအရ‌ တွေးတောကြည့်ရသလောက် အမှန်တရားကို သိသွားရင်တောင် ထူးထူးခြားခြား တုံ့ပြန်မည်မဟုတ်။ နောက်တစ်ချက်အနေဖြင့် ထွန်းဝီရက နိုင်ငံခြားမှာ အနေကြာလာခဲ့သည့်သူလည်း ဖြစ်သည့်အလျောက် သူ့အတွက် တွေ့နေမြင်နေကျကိစ္စတစ်ခုသာ ဖြစ်နေလိမ့်မည်။

"မင်းအတည်ပြုချင်တာက မင်းထင်နေတဲ့အတိုင်းပဲ"

"ဒါဆို ဟိုကလေးနဲ့ မင်းနဲ့က"

"အင်း၊ သန့်ကငါ့ချစ်သူ"

"မမြိုင်ရော သိလား"

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now