Part 11

669 34 2
                                    

(Unicode)

ပိုင်မြင့်မြတ်ကျော်နှင့် အာကာလင်းသန့် ယနေ့တွင်တော့ ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုင်ဖြစ်ကြသည်။ သူတို့ တွဲစကတည်းက သူသွားချင်တဲ့နေရာဆိုတာထက် အာကာလင်းသန့်သွားချင်တဲ့နေရာကိုသာ မေးပြီး အတူလျှောက်သွားကြသည်။ သူဖြစ်ချင်တာတွေအပါအဝင် သူ့စိတ်သူ့ဆန္ဒတွေက အာကာလင်းသန့်နှင့်ဆိုလျှင် အစရှာမရအောင် ပျောက်ကွယ်ကုန်သည်မှာ ဘာကြောင့်မှန်း သူကိုယ်တိုင်တောင်မသိ။ ထို့ကြောင့် တစ်ခါတလေ အာကာလင်းသန့်ရဲ့ လူငယ်အရွယ်အရ သွားချင်သည်ဟု ပူဆာသည့်နေရာ‌တွေသည် သူ့လိုလူလတ်ပိုင်းတစ်ယောက်အနေနဲ့ စိတ်ထဲမရှိလှသော နေရာဖြစ်နေတတ်သည်။ ဥပမာအားဖြင့် ကစားကွင်းသွားပြီး ဆော့တာမျိုးဖြစ်သည်။

သူ့မှာ ထိုနေရာတွေကို မသွားချင်ပေမယ့်လည်း မငြင်းသာပါ။ ထို့အပြင် သူဖြစ်ချင်သည့် မနက်အစောကြီး ဘုရားအတူတက်တာမျိုးဆို အာကာလင်းသန့်နှင့်က ဘယ်လိုမှ အဆင်မပြေ၍ ထိုဆန္ဒဆိုတာ သူ့ရင်ဘတ်ထဲမှာ မှိုတောင်တက်နေလောက်ပြီ။ ဘုရားရိပ်တရားရိပ်လေးကို ခိုလှုံရင်း မနက်စောစော ဘုရားကို အေးအေးဆေးဆေးဖူးကာ အာကာလင်းသန့်နှင့်အတူ ပန်း၊ရေချမ်း၊ဆီမီး များ ဆပ်ကပ်လှူဒါန်းရင်း အေးချမ်းစွာ နေ့တစ်နေ့ကို အစပြုချင်မိသည်။ သို့ပေမဲ့ အာကာလင်းသန့်က မနက်အစောကြီးဆို လုံးဝမထနိုင်သည့် လူစားဖြစ်ပြီး အာကာလင်းသန့်အတွက် အစောဆုံး နိုးသည့်အချိန်ဆိုတာ မနက်(၈)နာရီဖြစ်သည်။ ဒါတောင်မှ ထိုအချိန်နိုးခြင်းသည် သူကျောင်းတက်ရသည့် တနင်္လာမှ သောကြာ (၅)ရက်သာဖြစ်၏။ ပိတ်ရက်တွေဆိုလျှင်တော့ (၁၀)နာရီခွဲမှ နိုးလေ့ရှိသည်။

အာကာလင်းသန့်က စိတ်ကူးပေါက်ပြီး ဘုရားသွားချင်သည်ဟု ပြောလာလေမလားဟု သူမျှော်လင့်မိသော်လည်း ဘုရားရှေ့ကနေ ကားဖြတ်မောင်းဖူးတာပဲရှိသည်။ တစ်ခါမှ ပြောမလာပါ။

သူတို့မှာထားသည့် ကိတ်နှင့်ကော်ဖီကို စားပွဲထိုးက လာချပေးသည်။ သူ ကော်ဖီခွက်ကို ယူသောက်ရင်း အာကာလင်းသန့်ကို ကြည့်သည်။ အာကာလင်းသန့်က ကော်ဖီကို မသောက်သေးဘဲ ချိ့စ်ကိတ်ကို ဖြည်းဖြည်းချင်း စားနေသည်။ စားနေရင်းနဲ့ ချိ့စ်တွေ နှုတ်ခမ်းပေါ်မှာပေသွားကုန်တော့ အာကာလင်းသန့်က သူ့ကို မျက်လုံးချင်းဆုံပြီး ကြည့်လာသည်။ ပိုင်မြင့်မြတ်ကျော် လက်ထဲက ကော်ဖီခွက်ကို စားပွဲပေါ်သို့ ချလိုက်ရင်းကနေ ပြုံးမိသည်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now