Part 33

591 24 0
                                    

(Unicode)

ဒီနေ့တော့ မိသားစုလေးယောက်လုံး အတူတူအပြင်ထွက်ဖြစ်ကြသည်။ အိမ်သုံးပစ္စည်းအချို့နှင့် အမြွှာတွေလိုချင်တာ ‌ဝယ်ပေးရန်ဖြစ်သည်။ လိုချင်တာတွေဆိုပေမယ့် mallကိုရောက်တော့မှ တွေ့ရာကောက်ဆွဲပြီး မလိုအပ်တာတွေကို ဝယ်ခိုင်းတာမျိုး မဖြစ်စေရန် အိမ်မှာတည်းက သူတို့ကိုမေးပြီး စာရင်းလေးနဲ့ မှတ်ထားသည်။ ဤသို့ဖြင့် ငွေပိုငွေလျှံသုံးမှုကို ကာကွယ်ရန်ဖြစ်သည်။

Mall ကိုရောက်တော့ အမြွှာနှစ်ယောက်မှာ အဖေနှစ်ယောက်ရဲ့ လက်ကိုဆွဲပြီး တတောက်တောက်နှင့် ပျော်ရွှင်စွာ သွားကြသည်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ဖြင့် ငြီးငွေ့ပုံလည်း မရကြ။ Mart ထဲဝင်ပြီး အိမ်သုံးပစ္စည်းတွေ ဝယ်ချိန်မှာတောင် အဖေတွေနှင့်အတူတူ ရွေးပေးကြသည်။ အရုပ်ဆိုင်သည်ကား သူတို့ရဲ့ စိတ်အလှုပ်ရှားရဆုံးနေရာ ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲ။ မိုချီက အမွေးပွအရုပ်တွေကို သဘောကျပြီး မိုတီကတော့ ယောကျာ်းလေးပီပီ စက်ရုပ်တွေ၊ ရီမုတ်ကားတွေ စသည်တို့ကို နှစ်သက်သည်။ ဤသည်မှာ မောင်နှမနှစ်ယောက်၏ အကြိုက်ကွဲပြားကြမှုသာ။ သူတို့လိုချင်သည့်အရုပ်တွေကို ဝယ်ပေးသည့်အပြင် အသက်အရွယ်နဲ့လိုက်အောင် ဆော့လို့ရသည့် စကားလုံးဆက်ကစားနည်းများကိုလည်း ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေရန် ပိုင်မြင့်မြတ်ကျော်နှင့် အာကာလင်းသန့် တိုင်ပင်ကာ ဝယ်ပေးဖြစ်သည်။

ဈေးဝယ်စာရင်းထဲမှာ ပါတာတွေ ဝယ်ပြီးချိန်တွင် နေ့လည်စာစားချိန်ကျော်သွားပြီ ဖြစ်သည့်အတွက် Mallထဲမှာရှိတဲ့ တစ်ဆိုင်ဆိုင်မှာပဲစားရန် အလွယ်တကူ ရွေးလိုက်ကြသည်။

"ဒယ်ဒီနဲ့ ပါပါး ဟိုမှာ ဦးဦးထက်နဲ့ ဦးဦးလင်း"

မိုတီက ဘယ်ကနေဘယ်လိုမြင်သည်မသိ။ အဖေနှစ်ယောက်ကို ပြောလည်းပြော လက်ကလည်း လက်ညှိုးထိုးကာ ညွှန်ပြသည်။ မိုတီ လက်ညှိုးထိုးပြသည့်နေရာကို အာကာလင်းသန့်ကြည့်လိုက်တော့ ရင်လူးဆေးနှစ်ယောက်ကို ဘွားကနဲ တွေ့လိုက်ရသည်။ ရင်လူးဆေးနှစ်ယောက်ဆိုသည်မှာ စွမ်းရည်ထက်နှင့် ထွန်းလင်းသီဟတို့အား ခေါ်ဆိုခြင်းသာဖြစ်၏။ ကလေးတွေ စကားသင်ခါစတုန်းက သူတို့ကိုယ်သူတို့ နာမည်တစ်လုံးစီကို 'ဦးဦး'‌ ရှေ့ကတပ်ပြီး ရည်ညွှန်းပြောဆိုရာမှ နာမည်တွင်ရန် အကြောင်းဖန်သွားသည်။ ကလေးတွေအခေါ် 'ဦးဦးလင်း၊ ဦးဦးထက်' ဆိုသည်များကို အာကာလင်းသန့်အတွေးပေါက်ပြီး ဆက်စပ်ကြည့်ရာမှနေ 'ထက်လင်း' ဟုပေါင်းမိသွား၏။ ထို့ကြောင့် အနှီနှစ်ယောက်အား သူကိုယ်တိုင် ရင်လူးဆေးဟူ၍ အမည်ပေးကင်ပွန်းတပ်ပေးခဲ့လေ၏။ သူမှည့်ထားတာ ခေါ်လို့ကောင်းသည်ဆိုကာ အာကာလင်းသန့်ကတော့ အပီအပြင်ကို အကြိုက်တွေ့သည်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now