Healing Love 🍁
Part-2
Professor ထွက်သွားတာနဲ့ လွယ်အိတ် ကိုယ်စီလွယ်ကာ အခန်းပြင်ထွက်သွားတဲ့ ကျောင်းသားတစ်ချို့လည်း ရှိသလို နေရာမှာတင် အင်တာနက် သုံးနေသူတစ်ချို့လည်း ရှိသည်။ နောက်အတန်းချိန်တစ်ခုက အချိန်ကွာနေတာမို့ တစ်နေရာရာမှာ စောင့်နေမယ့်အစား အတန်းထဲမှာသာ စောင့်ဖို့ ဆုံးဖြတ်လိုက်တဲ့ Baekhyun ။ အထူးတလည် စကားလာပြောတဲ့ သူ မရှိသလို သူကလည်း မြင်တာမကြာသေးပဲ မခင်တတ်သူမို့ ခုံပေါ်ကို လွယ်အိတ်တင်ကာသာ ခေါင်းမှောက်ချလိုက်၏။
ဒီရက်ပိုင်း မျက်စိမှိတ်လိုက်ရင်တောင် အတွေးထဲ ပေါ်လာတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေရယ် ။ ထပ်ခါထပ်ခါ ကြားယောင်မိတဲ့ sorry ဆိုတဲ့ အသံရယ် ။ သတိရရင် ရသလို ထုတ်ဆော့နေမိတဲ့ Turbo မီးခြစ်လေးရယ် ။ ဖြတ်လျှောက်မိတိုင်း ရှိနေမလားဆိုတဲ့ အတွေးနဲ့ ရှာကြည့်မိတဲ့ smoking area လေးရယ် ။
ဘာလဲ ဒီလူက !!!
ငိုင်နေရင်း vibration အသံကြားတာကြောင့် လွယ်အိတ်ထဲက ဖုန်းကို ထုတ်ကြည့်တော့ မေမေ ။
ငယ်ငယ့်ကို သတိရလို့ပေါ့ ဆိုတဲ့ စကားနဲ့ စ ပြီး ' ဒီပိတ်ရက် အိမ်ပြန်လာနော် ငယ်ငယ် ' ဆိုတဲ့ စကားနဲ့ အဆုံးသတ်သွားတာကြောင့် Baekhyun ပြုံးလိုက်မိသေးတယ်။ အိမ်မှာ တူ တူမတွေနဲ့အပြိုင် သူက ကလေးလေ။ကျောင်းကအပြန် ခဏနားပြီး အချိန်ပိုင်း အလုပ် ဝင်ရသေးတယ်။ ချို့တဲ့တဲ့ မိသားစုမဟုတ်ပေမယ့် ကိုယ် လိုအပ်တာကအစ ကိုကိုနဲ့ ဖေဖေ့ဆီ ပူဆာရတဲ့ အရွယ်မဟုတ်တော့ဘူးလေ။ ၂၁ အရွယ်က ရှုပ်လို့ပွေလို့တောင် ရနေတဲ့အရွယ်။ အထူးသဖြင့် မျက်ဝန်းဝိုင်းတွေ ရှိတဲ့ လူတစ်ယောက်ကို ရှုပ်ချင်မိတဲ့ အရွယ်။
" ဟိုက် !! "
မတွေ့မိတာ ၂ ရက်ရှိပြီမို့ ဒီနေ့လည်း ရှိနိုးနိုးနဲ့ လှမ်းကြည့်လိုက်တော့ smoking area မှာ မရှိပေမယ့် အခုမှ အပြင်က ပြန်လာတဲ့ပုံစံ။ လက်ထဲမှာလည်း ကျွတ်ကျွတ်အိတ်အမည်းနဲ့မို့ တစ်ခုခု ထွက်ဝယ်ပုံရသည်။
အလုပ်ကအပြန် ပူလို့ ဝယ်သောက်လာတဲ့ အအေးဘူးကို လက်က မြဲမြဲကိုင်လို့ ခပ်သွက်သွက် လျှောက်သွားလိုက်မိတယ်။ တော်ကြာ တိုက်ထဲဝင်သွားမှဖြင့်။
သူ့ကို သတိထားမိပုံလည်း မပေါ်တာကြောင့် မျက်နှာချင်းဆိုင် အနေအထားကိုမှ ပုခုံးချင်း ဝင်တိုက်ပစ်လိုက်သည်။