Healing Love 🍁
Part-11
ထမင်းစားပွဲရယ်လို့ သက်သက် မထားတာကြောင့် ဧည့်ခန်းက စားပွဲခုံလေးသည်သာ ထမင်းစားတဲ့ နေရာ။ နှစ်ယောက် ဘေးချင်း ယှဥ်ထိုင်ကာ ကောင်လေး ချက်ထားတဲ့ မနက်စာကို စား၍ ငြိမ်သက်နေကြ၏။ ဖွယ်ဖွယ်ရာရာတော့ မဟုတ်ပေမယ့် အရသာရှိအောင်တော့ ကောင်လေးက ပြင်ပေးထားသည်။
" အစ်ကို ဒီနေ့ရော ဆေးရုံသွားဦးမှာလားဗျ "
" မသွားတော့ဘူး ... ငါ ~~ အလုပ်ပြန်ဝင်တော့မလို့ "
ထိုအခါ ကောင်လေးက ထမင်းပန်းကန်လုံးလေးကို အလျင်အမြန်ချကာ သူ့ဘက် တည့်တည့်လှည့်ထိုင်၏။
" အစ်ကို တကယ်ပြောနေတာလား !! "
" အင်း~~"
" ဟားဟား ! ကောင်းတယ် အစ်ကို ... ကျွန်တော် အစ်ကို့ကို အလုပ် ပြန်လုပ်စေချင်နေတာ "
" အင်း..."
" ဒါနဲ့ အစ်ကို့ပုံက ဘာဖြစ်နေတာလဲ...စိတ်မပါလို့လားဟင် "
ထိုအခါ Chanyeol က သက်ပြင်းချ၏။ လက်ထဲက ပန်းကန်လုံးကိုလည်း အသာချလိုက်ကာ သူ့ကို တစ်ဖန် ပြန်ကြည့်လာသည်။
" ပထမတစ်ခါကလိုပဲ chamber ဆင်းမယ် ... ပြီးတော့ စာမေးပွဲ ပြန်ဖြေမယ်.... ကောင်လေး .. ငါ ပထမတစ်ခါကလိုပဲ ထပ်ကျရင် ဘယ်လိုလုပ်မလဲ ! ဒါ ငါ့ရဲ့ နောက်ဆုံးအခွင့်အရေးလေ "
Chanyeol ကိုယ်တိုင်တောင် အံ့သြမိသည်။
တစ်ဖက်လူကို ထုတ်မပြဖြစ်တဲ့ သူ့ရဲ့ dark side တွေကို ဒီကောင်လေးကိုတော့ဖြင့် အမြဲ ဖွင့်ဟမိသည်။ အားပေးမှုတွေလည်း လိုချင်သလို ကောင်လေးရဲ့ အားပေးစကားသံလည်း ကြားချင်မိ၏။ သူဟာ သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ ကောင်လေးကို ခင်တွယ်မိပြီလား။ဒီလိုဆိုရင်တော့ဖြင့် မဖြစ်တန်ရာ~~~~
" အစ်ကို အခု အနားယူတဲ့ ခဏတာက အရှေ့ကို အရှိန်နဲ့ ပြေးထွက်ဖို့ နောက်တစ်လှမ်းဆုတ်ပြီး အားယူလိုက်တာ မဟုတ်ဘူးလား "
Chanyeol အဖြေမပေးမိ။
စားပွဲထောင့်က ဆေးလိပ်ဘူးလေးနဲ့ မီးခြစ်ကိုသာ အကြည့်ပို့ထား၏။ ကောင်လေးပြောသမျှကိုတော့ သေချာနားထောင်နေပါသည်။