Healing Love 🍁
Part-10
ကောင်လေးကို ဘူချွန်းအိမ် ပို့ပေးပြီးအပြန် ဆေးရုံဘက်သို့ ဦးတည်ခဲ့သည်။ လူခွဲမရှိတဲ့ အခက်အခဲကို သိနေတာမို့ နေ့တိုင်းမဟုတ်တောင် ရက်ခြားလေးဖြစ်ဖြစ် ကူညီဖို့တွေးထား၏။ တစ်နေ့ ၂ နာရီလောက် စောင့်ပေးရတာ အပန်းတော့မကြီးပါဘူး။
အခန်းဆီ မရောက်ခင် ကောင်တာကို ဖြတ်ရတာကြောင့် ရုတ်တရက် သတိရမိသည်က ဆေးရုံစရိတ်။ကိုယ်လည်း အကုန်လုံးတော့ မကူညီနိုင်ပေမယ့် မေးသင့်တာတော့ မေးရမည်ဖြစ်သည်၊
သူအခန်းထဲ ရောက်တော့ ဦးလေးရော အန်တီပါ ရှိနေ၏၊ စနေနေ့မို့ ဦးလေးက အလုပ်ပိတ်တာ မေ့ပြီး လာမိသည်ပဲ။ ရောက်လာမှတော့ဖြင့် မထူးတော့ပါလေ... သူ့ကိုမြင်တော့ အန်တီက~~
" သြော်... သား ဝင်လာလေ "
" ဟုတ်ကဲ့ .. ဦးလေး ရှိနေတာ မသိပဲ ဝင်ခဲ့လိုက်တာ "
" လာပါကွာ...မင်းကလည်း သူစိမ်းတွေကျလို့ "
ဖော်ဖော်ရွေရွေ ဆက်ဆံနေကြပေမယ့် ကိုယ်က စိတ်မသက်မသာ ဖြစ်နေမိတာ။ တစ်ချိန်က ရင်းနှီးခဲ့တဲ့ သူမနဲ့ သူမရဲ့ မိသားစု မှန်ပေမယ့် ကြားထဲက ပြသာနာကြောင့် ကိုယ်က အရင်လို မဖော်ရွေချင်မိ။ မပတ်သက်ချင်ရလောက်အောင်လည်း မဟုတ်ပြန်ဘူး။
သူမ အခြေအနေနဲ့ တခြားအကြောင်းအရာလေးတွေ ပြောပြီးနောက်....
" ဒါနဲ့ ကျွန်တော် မေးစရာရှိလို့ ဦးလေး ... ဆေးရုံစရိတ်တွေက အဆင်ပြေရဲ့လား "
ထိုအခါ အမေးခံရတဲ့ ဦးလေးက မျက်နှာ တစ်ချက် ပျက်သွားပေမယ့် အန်တီကတော့ ရည်ရည်မွန်မွန်ပဲ ပြန်ဖြေလာသည်။
" အဲ့ဒါ သားအဖေ ကူညီထားတာလေ သားရဲ့... သားကို မပြောဘူးလား "
" ဗျာ "
သိလိုက်ရချင်း အံကိုကြိတ်ကာ လက်သီးကိုလည်း ခပ်တင်းတင်း ဆုပ်မိတာပဲ။ လူ့ကျင့်ဝတ်ကို နားမလည်တဲ့လူ။ ဒီလိုတောင် လာမပတ်သတ်သင့်တာ မဟုတ်ဘူးလား။ ဘာလဲ....မယားငယ်အဖြစ်နဲ့ ထောက်ပံ့တာလား။ ဒါမှမဟုတ် ချွေးမလောင်းအဖြစ်နဲ့ ကြည့်ပေးတာလား။