Healing Love 🍁
Part-21
Chanyeol တစ်ယောက် ကုတင်ခြေရင်းက စားပွဲမှာထိုင်ကာ စာလုပ်နေသည်။ စာမေးပွဲက သေချာတွက်ရင် တစ်လလောက်သာ လိုတော့၏။ မနက်ပိုင်း ရုံးသွားပြီး ပြန်လာတော့လည်း စာလုပ်ရတာကြောင့် ကောင်လေးကသာ သူ့ဆီ လာရသည်။ ချစ်စ ခင်စ ပေမယ့်လည်း သူများအတွဲတွေလို ဟိုဟိုဒီဒီ လျှောက်မလည်ဖြစ်။ သူ လိုက်မပို့နိုင်တာဆို ပိုမှန်လိမ့်မည်။
ဒါကိုလည်း ကိုယ့်ကောင်လေးက မငြိုငြင်ရက် , နားလည်ပေးရှာသည်.....
အခုလည်း မီးဖိုချောင်ထဲမှာ ညစာအတွက် တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေပါလိမ့်မည်။ မနက်ဆို ကိုယ် မနိုးခင် လာပြီး နှိုးပေးတယ်။ နောက်ပြီး ကျောင်းပိတ်တုန်းလေး နေ့ခင်းဘက် အလုပ် လုပ်ပါရစေဆိုကာ ကိုယ့် ရုံးနားက 24 hours mart မှာ ညနေအထိ အလုပ်လုပ်သည်။ ကိုယ် ရုံးမဆင်းခင် သူ အလုပ်ဆင်းတာမို့ သူ့ အလုပ်ချိန်ပြီးတာနဲ့ ရုံးပေါ်တက်လာကာ အိမ်အတူပြန်၊ ညစာပါ စားပြီးမှ သူ့အိမ်ကို ကိုယ် လိုက်ပို့ရ၏။
အိမ်မပြန်ဘဲ ကိုယ်နဲ့သာ အတူလာနေပါလို့ ပြောတော့ မိဘတွေက ခွင့်မပြုပါဘူးတဲ့။ အငယ်ဆုံးလေးမို့ အဖေရော အစ်ကိုရောက အရမ်း သည်းသည်။ တော်သေးတာ အမေနဲ့မရီးက ကိုယ့်ဘက်ကမို့။
စာလုပ်နေရင်း အတွေးတို့က သူ့ဆီ ရောက်သွားတာမို့ စာထဲမှာ အာရုံမရှိတော့။ ထိုအချိန် ရုတ်တရက် ကျောပေါ်ကနေ ဖက်တွယ်လာတဲ့ ခန္ဓာကိုယ် နုထွေးထွေးလေး။ ကိုယ့် ပုခုံးပေါ် မေးတင်လာကာ တစ်ကိုယ်လုံး အားကိုသုံးပြီး မှီချလာသည်၊
" ပြုတ်ကျမယ်လေကွာ..."
" ပြုတ်မကျအောင် အစ်ကိုက ထိန်းပေးပေါ့ "
ပြောလည်းပြော ကိုယ့် နားရွက်ကိုလည်း နှုတ်ခမ်းနှစ်လွှာကြား ညှပ်ကာ ခပ်ဖွဖွ ဖိကိုက်လာသည်မို့ ကြက်သီးပါ ထရ၏။ ညစာ ပြင်ဆင်ပြီးတာနဲ့ လူကို ကပ်ချွဲတတ်တာလည်း ညတိုင်းနီးပါး။
" လာ...အရှေ့ကို "
ထိုင်ခုံကို အနောက်နည်းနည်းဆုတ်ကာ စားပွဲနဲ့ ခွာလိုက်ပြီး ကိုယ့် ပေါင်ပေါ် လာထိုင်ခိုင်းလိုက်သည်။ နုနုထွေးထွေးလေး ပေါင်ပေါ်ရောက်လာတာနဲ့ ခါးကနေ ထိန်းဖက်ထားကာ လည်ဂုတ်လေးကို တဝကြီး နမ်းရှိုက်ရင်း အမောဖြေရ၏။ အခုနောက်ပိုင်း ကောင်လေး ကိုယ်သင်းနံ့မှ မရရင် တစ်ခုခု လိုအပ်နေသလို။