အပိုင်း ၁ ကြယ်ပန်းတွေရဲ့ပုံပြင်

1K 46 12
                                    

ခပ်ဝေးဝေးက တိမ်စိုင်ခဲများ၊ တဝီဝီတိုက်လာသည့် လေပြေနုနုလေးများနှင့်အတူ ကွေ့ကွေ့ကောက်ကောက် တောင်ပေါ်လမ်းတစ်လမ်းဟာ ကျွန်တော့်အတွက် အစိမ်းသက်သက်ကြီး မဟုတ်ပါချေ။ တောင်တန်းတွေကိုပတ်ပြီးဖောက်ထားသော ကားလမ်းဟာ ကျွန်တော့်ကို ရင်ခုန်စိတ်လှုပ်ရှားမှုများပေးမြဲပင်ဖြစ်သည်။

ကျွန်တော့်ဘေးဘီတွင် ကောင်းကင်ပြာကြီးနှင့် သူ့အဖော်တိမ်လိပ်များကလွဲလျှင် ချောက်ကမ်းပါးကြီးတစ်ခုသာ ရှိ​၏။ အရာရာဟာ တစ်ခုလေးလွဲမှားသွားရင်ကို ချောက်ကမ်းပါးကြီးထဲ ပြိုပျက်သွားကြရမှာ မဟုတ်လား။ ဒီလိုအတိမ်းအစောင်းမခံနိုင်သော လောကကြီးတွင် လွင်အသက်ရှင်နေထိုင်ခဲ့ရတာပဲ။

အခုတော့ လောကကြီးဟာ စိတ်ပျက်စရာအတိပင်။ လောဘဇော၊ ဒေါသဇော၊ မောဟဇော စသော ဇောပေါင်း ကုဋေကုဋာဖြင့် လူသားတွေ အသက်ရှင်ကြရတာ သိပ်ပြီး ရယ်စရာကောင်းသလို အရာရာကို တစ်ယောက်ထဲရင်ဆိုင်ဖြေရှင်းခဲ့တာ မွန်းကြပ်ဖွယ်ပါပဲ။

အို .... စိတ်ညစ်ညူးစရာတွေကနေ ထွက်ပြေးလာခဲ့ပြီး ဘာလို့ ပြန်တွေးနေရတာလဲ။ မတွေးနဲ့ လွင်... မတွေးစမ်းတော့နဲ့ ဆိုပြီး ကိုယ့်ဖာသာ နှစ်သိမ့်ပေးရပြန်သည်။ ဒီဆယ်စုနှစ်အတွင်းမှာ ဟောဒီတောင်ပေါ်လမ်းဟာ ဒီတိုင်းလေးရှိနေသလို၊ တိမ်တိုက်တွေဟာလည်း သူတို့တာဝန်ကို ထမ်းနေမြဲ။ ဒီနှစ်တွေအတွင်း ဘာတွေများ ပြောင်းလဲသွားလဲ...။

ကျွန်တော် ကားမှန်ဘောင်လေးပေါ် လက်တင်ပြီး မေးမှီထောက်ကာ အဝေးကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

ခပ်စိမ်းစိမ်းတောင်တန်းပြာတွေက စိတ်ကို ကြည်လင်စေ​၏။ တိမ်တွေကို ကြည့်ရင် တိမ်တွေပေါ်မှာ ပြေးကစားချင်ခဲ့တဲ့ ငယ်အိပ်မက်တွေကို သတိရမိပါသည်။ ငယ်အိပ်မက်တွေဟာ ပြန်တွေးတိုင်းမှာ တိမ်တွေလို ပေါ့ပါးဖြူစင်လျက်ရှိသေးသလားတော့ မပြောတတ်တော့ပါ။

"ကဲ ကောင်လေး ခဏနားရအောင်"
ကားဆရာ ဦးလေးစိုးဝင်းက ပြော​၏။ ဦးလေးက အမေတို့ မိုးကုတ်အသွားအပြန်လုပ်တိုင်း ငှားကြသည့် ကားဆရာပင်။ ဒါကြောင့် လေးစိုးဝင်းက မိသားစုဝင်လိုပင်ဖြစ်နေသည်။

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေजहाँ कहानियाँ रहती हैं। अभी खोजें