လွင် အိပ်မက်မက်နေတာလား။ တကယ်လားမသိနိုင်တဲ့ အသူရာတောအုပ်ကြီးရဲ့ ချောက်ကမ်းပါးတစ်ခုမှာ လွင်ပြုတ်ကျနေပုံကို လွင့်ကို လွင်မြင်နေရတယ်။ လွင်ဘယ်ရောက်နေတာပါလိမ့်။ ဒီလိုသိခြင်းနှင့် မသိခြင်းတရားများ ရှုပ်ထွေးပွေလီနေသော သတ္တလောကကြီးတွင် လွင်အသက်ရှင်နေခဲ့တာလား။ ဒါကြောင့် လွင့်ရှင်သန်မှုကိုလွင်မေးခွန်းထုတ်မိလာတယ်။
လွင်တို့တွေဟာ မသိနိုင်သော၊ ကျယ်ပြန့်နက်ရှိုင်းသော အနန္တစကြဝဠာရဲ့ ချောက်ကမ်းပါးကြီးထဲမှာ အဆုံးသတ်တစ်နေ့ရောက်လာမယ့် မနက်ဖြန်ဆိုတဲ့ နေ့စွဲအတွက် ရှင်သန်ဖို့ ရုန်းကန်ကြိုးစားနေကြရတယ်မဟုတ်လား။ အဲ့ဒီစကြဝဠာရဲ့ အယုတ်ညံ့ဆုံး သက်ရှိတွေဟာ လွင်တို့လူသားတွေပင်ဖြစ်လိမ့်မယ်။
လွင့်ရဲ့နားထဲမှာ အမြဲကြားနေတဲ့ အဲ့လူတစ်ယောက်ရဲ့အသံ။ အဲ့အသံဟာ စူးခနဲကျင်ခနဲ လွင့်နားနားမှာ တစေလိုက်နေတယ်။ အဲ့လူရဲ့ ရွံရှာစက်ဆုပ်စရာ ကိုယ်အင်္ဂါတစ်ခုဟာ လွင့်ခန္ဓာကိုယ်ထဲ တိုးဝင်လှုပ်ရှား။ ရွံမုန်းစရာ။
"တစ်ခါထဲပါ သားငယ်ငယ်ရာ... လာပါ"
အဲ့အသံတစ်ခုဟာ လှိုင်ခေါင်းထဲကပဲ့တင်သံလို အကြိမ်ကြိမ်လွင့်ရင်ဘတ်ကနေ ဟိန်းထွက်နေတယ်။ လွင့်ရဲ့လက်အောက်က ဘယ်ရီသီးအကြွေတွေကို လွင်စမ်းမိပြီး အရည်တွေစိုရွှဲကုန်တယ်။ အဲ့အရည်တွေကရော ဘာအရည်တွေလဲ။"အား"
လွင်အသားကုန် ကုန်းအော်ပြီး လန့်နိုးလာတော့သည်။
"လွင်... အိပ်မက်ဆိုးတွေမက်ပြန်ပြီလား" ကိုကြီးက စာအုပ်ဖတ်နေရာကနေ လွင့်ဆီ လှမ်းလာ၏။
ကုတင်ခြေရင်းအခန်းထောင့်၊ ကုလားထိုင်ဘေး ခြေတံရှည်မီးအိမ်မှ အဝါရောင်မီးသေးသေးလေးသာ အခန်းထဲတွင် မှိန်ပြပြရှိနေသည်။ ကိုကြီးက ထိုမီးအိမ်ဘေးတွင်ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေခြင်း ဖြစ်သည်။
"လွင် ဒါတွေကို ပြန်မြင်နေပြန်ပြီလား"
"လွင် ဒါတွေကို လုံးဝမမေ့ဘူးကိုကြီး ... လွင့်ကို မေ့ပျောက်နိုင်စွမ်း ရှိတဲ့လူလို့ထင်နေလား"
YOU ARE READING
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။