သိပ်မကြာခင်မှာပင် သုတတို့အတွဲရောက်လာကြသည်။ ကိုကြီး ပီဇာဟာ ပူပူနွေးနွေးမို့ အငွေ့တထောင်းထောင်းထနေ၏။ ပီဇာပေါ်က ချိစ်ရွှဲရွှဲနှင့် သင်းပျံ့လာသော ပေါင်မုန့်သား၏ အနံ့တို့မှာ စားချင်လာအောင် စွဲဆောင်နေသည်။
"ပီဇာဆိုတာ အငွေ့တထောင်းထောင်းနဲ့ စားမှ အရသာရှိတာ လွင်ရ..."
လွင့်ကို သုတကောင်လေးက စူးစူးစိုက်စိုက်ကြည့်တာ သတိထားမိသည်။ အဲ့ကောင်လေးရဲ့ မျက်လုံးတွေဟာ တစ်မျိုးပဲ...။ ဖျော့တော့တော့ မျက်ဝန်းတွေလို့ပဲ ပြောရမလား။
"လွင်... မင်းမေးကြည့်လေ နွေရိပ်ကို အဲ့ပန်းချီကား အကြောင်း"
မောင်ကိန်းပြောတော့ နွေရိပ်က ကျွန်တော့်ကို ထပ်ကြည့်ပြန်သည်။ သူက ပီဇာတစ်စိပ်ကို ကိုက်ရင်း
"အဲ့တာ ညီလေးတို့ သူငယ်ချင်းသုံးယောက် အကြောင်း အိပ်မက်မက်တုန်းက အဲ့ပန်းချီကားကို ရေးထားတာပါ..."
"ဘယ်လိုမျိုး အိပ်မက်လဲ"
ကျွန်တော်က ထပ်မေးတော့ နွေရိပ်က"ညီအိပ်မက်မက်တယ် ... အိပ်မက်ထဲမှာ ညီတို့ ညမှောင်မှောင်ကြီးပေါ့ လကြီးကလည်းထိန်ထိန်သာနေတယ်။ ညီတို့ တကယ်က လှေပေါ်ရောက်နေတာ ... အဲ့လှေကလည်း နစ်လုနီးနီးဖြစ်နေတာ ညီတို့သူငယ်ချင်းသုံးယောက်လုံး အဲ့လှေပေါ်မှာ အသက်မရှင်နိုင်ဘူးတဲ့... အဲ့တာကိုသိတော့ သုံးယောက်လုံးက ဘယ်သူအသက်ရှင်နိုင်လဲ ငါတကောကောပြီး အသက်ရှင်ဖို့မစဉ်းစားကြဘူး။ ငါတို့အချစ်ဆုံးတစ်ယောက်အတွက်အသက်ရှင်ဖို့စဉ်းစားပေးနေတာ... ဒါပေမယ့် ညီတို့သုံးယောက်လုံးက သေဖို့ ရွေးခဲ့ကြတယ်တဲ့"
"ဟော... " ထိုခါမှကျွန်တော်ပန်းချီကားကိုပြန်ကြည့်ရင်း ဝမ်းနည်းကရုဏာသက်မိသည်။ နွေရိပ်မျက်လုံးတွေကိုကြည့်တော့ အားငယ်နေဟန်ပေါက်တာမို့ ကျွန်တော်ကပင် စကားစဖြတ်ပြီး
"ဆရာဝန်အစ်ကိုကြီးရော ဒီနှစ်တွေမှာ ဘာတွေလုပ်ဖြစ်သတုန်း" ဟုကျွန်တော့်အမေးကို သုတက
"အမယ် ... ငါ့အစ်ကိုကတော့ ဒီညီလေးကိုမေ့ထားပြီးတော့များ ဟို ဖေ့စဘွတ်ခ်မှာတောင် စကားလာမပြောဘဲနဲ့..."
YOU ARE READING
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။