လွင်တို့ ဆယ်တန်းစာမေးပွဲဖြေဖို့ ရက်တွေ နီးသထက်နီးလာလေ လွင်မှာ စိတ်တွေဂယောက်ဂယက်ဖြစ်လာသည်။
လွင်ဘာစာမှမလုပ်နိုင်တော့ပေ။ ဘယ်အပုဒ်ကိုကျက်ရမလဲ။ ဘယ်ဘာသာကို ပြန်ကြည့်ရမလဲ။ အရင်က ခဏခဏအလွတ်ရေးလိုက်၊ ကျက်လိုက်နဲ့ အလွတ်ရနေပြီပေမယ့်လည်း ခုက ရတာလိုလို၊ မရတာလိုလိုဖြစ်နေပြန်သည်။
"လွင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထား.... ကိုကြီးပြောတာ သေချာနားထောင်နော်"
ကိုကြီးပြန်လာပြီးနောက်တော့ လွင်ကိုကြီးအိမ်မှာ ပြောင်းအိပ်တော့သည်။ ကိုကြီးနဲ့ဆို အဘကခွင့်ပြုပြီးသားမဟုတ်လား။
မမိုးပြည့်ကလည်း အားလျှင် လွင့်ကိုစာကူကြည့်ပေးသည်။ ကိုကြီးကတော့ လွင်စာမရလျှင် သိပ်စိတ်မရှည်တတ်ပါ။ ထုံးစံအတိုင်း လွင့်ကိုစာကြည့်ပေးပေမယ့် စာမှားပြီဆို ဆူဖို့အော်ဖို့ပဲသိသူလေ။
"မင်းခုနကမှ ဒီအပုဒ်ကို ရှေ့မှာတွက်ထားတာ၊ ခုအဖြေကမတူဘူးရှေ့ကဟာနဲ့"
ဒသမတန်းကိုရောက်လာသည့်အခါ ရူပဗေဒဟာ လွင်အမုန်းဆုံးဘာသာတစ်ခုဖြစ်လာသည်။ အရှိန်၊ အဟုန်၊ အသံလှိုင်း၊ ကြိမ်နှုန်း ဘာတွေမှန်းကိုမသိ ရှုပ်ရှက်ခက်လို့...။ ဒီလိုပြောရင်ကိုကြီးက စိတ်ဆိုးတတ်၏။ ကိုကြီးအကြိုက်ဆုံးဘာသာက ရူပဗေဒတဲ့လေ။
"လွင် စာကိုအာရုံစိုက်စမ်း"
"အိမ်ကောင်း နင်ကလေးကိုဆူမနေစမ်းနဲ့၊ သူလည်းတစ်နေကုန်ဒီစာအုပ်နဲ့မျက်နှာကိုမခွာရဘူးလေ .... နင်ဘာဖြစ်လို့ ကလေးကိုအော်နေတာလဲ"
မမိုးပြည့်နှင့် ကိုကြီးဆုံလျှင် ထိုနေ့က ရန်ပွဲကိုမြင်ရလိမ့်မည်။ မမိုးပြည့်ကတော့ လွင့်ကိုဆိုအမြဲစာနာပြီး ဂရုစိုက်တာမို့ကိုကြီးရဲ့စိတ်မရှည်မှုတွေကိုမြင်လျှင် မမိုးပြည့်က မခံဘဲ ပြန်ပက်ပြီး ပြောလေ့ရှိ၏။
"နင် ဘာလို့အဲ့လောက် ကလေးကိုအလိုလိုက်နေတာလဲ"
"ငါဘာမှအလိုမလိုက်ဘူး ကြာရင်ဒီကလေး ဒီစာတွေနဲ့ ရူးသွားလိမ့်မယ် အိမ်ကောင်း နင်တောင် ဆယ်တန်းတုန်းက သူ့လောက်စာလုပ်လို့လား အဆောင်မှာ စော်ပတ်ငမ်းနေပြီတော့..."
YOU ARE READING
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။