သီတင်းကျွတ်လပြည့်နေ့တွင် ဖြစ်သည်။
လွင်တို့မိုးကုတ်မြို့လေးတွင် သီတင်းကျွတ်ရောက်တိုင်း အင်္ကျီအသစ်တွေဝတ်ပြီး လူကြီးမိဘတွေကို ကန်တော့ကြသည့် အစဉ်အလာတစ်ခုရှိပါသည်။ အိမ်တိုင်းကလည်း လာကန်တော့သည့်ကလေးတွေကို ကျွေးဖို့ မုန့်တွေဝယ်ထားတတ်ကြသည်။ တချို့အိမ်တွေကျ ရှမ်းခေါက်ဆွဲလုပ်သူကလုပ်၊ မုန်ညင်းပေါင်းလုပ်သူကလုပ်နဲ့... အိမ်တကာပတ်ပြီး စားရတဲ့ ရာသီပွဲတော်တွေကို လွင်အမျှော်ဆုံးပင်မဟုတ်လား။
လွင်ကတော့ ဒီနှစ် ကိုကြီးနှင့် အစ်မမိုးပြည့်ဝယ်ပေးသည့် ရှပ်အင်္ကျီကို သစ်လွင်စွာဝတ်ဆင်ထားသည်။
အရှေ့အိမ်က ဖွားဆွေကို လွင်တို့ဦးစွာသွားကန်တော့ကြသည်။ ဖိုးဖိုး ဦးသူမရှိခဲ့တော့သည်မှာ သုံးနှစ်ကျော်ပြီဖြစ်သည်။ ဖိုးဖိုး ဦးသူနှင့် ဖွားဖွားဒေါ်ဆွေမှာ လွင်တို့အပြင် ဟောဒီဂေါင်းဦးဘာလျှိုတစ်ခွင်လုံးအတွက် အမြဲဂုဏ်ယူစရာဖြစ်၏။
ဆွေစာပေကနေစီးဆင်းလာတဲ့ မျိုးဆက်အနေဖြင့် လွင်မှာ ငယ်ငယ်လေးကတည်းက စာဖတ်ဝါသနာပါခဲ့သည်။ လွင့်ကို ဝတ္ထုတွေ စဖတ်တတ်အောင် သင်ပေးခဲ့သူမှာ ဖိုးဖိုးပင်ဖြစ်၏။ ခိုင်ဟူသော လွင်အကြိုက်ဆုံးဇာတ်ကောင်ကို တက္ကသိုလ်ဘုန်းနိုင်ကတစ်ဆင့် ဖိုးဖိုးက မိတ်ဆက်ပေးခဲ့သည်။ ဒဂုန်တာရာနှင့် မေကို ကျွမ်းဝင်စေသူမှာလည်း ဖိုးဖိုးပင်ဖြစ်၏။ ဖိုးဖိုးကြောင့် ကြည်အေး၏ မီကို အရူးအမူးစွဲလမ်းခဲ့ရပါသည်။
ဖိုးဖိုး ဆုံးခဲ့သည့် ညနေဟာ လွင့်ဘဝမှာ ထိခိုက်အနာကျင်ဆုံး ညနေခင်းတစ်ခုပင်ဖြစ်၏။ ထိုညနေမှာ လွင့် အသည်းနှလုံးတွေ တစစီလွင့်ပျယ်ပျက်စီးကုန်ပြီထင်ရအောင်ကို လွင် ဝမ်းနည်းငိုကြွေးခဲ့သည်။ လွင်မုန်းတဲ့ညနေ၊ လွင်မရှိစေချင်တဲ့ ညနေ၊ လွင့်ဘဝတစ်လျှောက် အတမ်းတဆုံးညနေပေါ့။
"ကိုကြီး ဖိုးဖိုးတကယ်မရှိတော့ဘူးပေါ့နော်၊ ဖိုးဖိုး ပြန်မလာတော့ဘူးပေါ့နော်"
ဖိုးဖိုးကြီးကို အသုဘချသွားတော့ မိုးတွေညိုလေ၊ လွင်ဟာငိုလေပဲ။ မိုးတဖြောက်ဖြောက်၊ လွင့်ရင်ထဲတဖောက်ဖောက်ပေါ့။ ကိုကြီးကလည်း ငိုတယ်။ လွင်လည်း ငိုတယ်။ ကိုကြီးအတွက်လည်း ဖိုးဖိုးက အရာရာ လမ်းပြပဲမဟုတ်လား။ မိဘတွေမရှိရှာတော့တဲ့ ကိုကြီးကို ဖိုးဖိုးကပင် မွေးစားစောင့်ရှောက်ခဲ့သည်မဟုတ်လား။
YOU ARE READING
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။