အပိုင်း ၁၂ အစုတ်အပျက်နွေ

164 20 6
                                    

ဆိုင်ကယ်အပ်သည့်နေရာကနေ ညီအစ်ကိုနှစ်ယောက်လမ်းလျှောက်လာခဲ့ကြသည်။ လွင့်အတွေးထဲမှာ ကိုကြီးအကြောင်းပဲ။ ကိုကြီးဟာ လွင့်အပေါ် ညီလေးတစ်ယောက်လိုပဲ ချစ်တာပါလား။ လွင်ကရော ကိုကြီးဆီကနေဘာတွေ မျှော်လင့်ခဲ့တာလဲ။

အရှေ့ကန်တင်းတစ်ခုလုံး ရှိသမျှ ဆိုင်တွေမှာ လူတွေ ပြည့်လျှံနေသည်။ အကုန်လုံးက စာအုပ်ကိုယ်စီနဲ့ စာတွေကျက်သူကကျက်၊ အုပ်စုလိုက် စကားများပြီး ရန်ဖြစ်သူကဖြစ်နဲ့ ဆူညံပွက်လောရိုက်နေတာပဲ။

ထိုလူအုပ်ကြီးကြီးထဲမှာမှ ကိုကြီးက ထင်ရှားနေသည်။ အင်း... အဲ့ကောင်မလေးနဲ့ပေါ့။

လတ်သခင်တဲ့။ လတ်ဟာ လွင်မြင်ဖူးသမျှ မိန်းမတွေထဲ တော်တော်လေးလှတယ်။ မြန်မာဝတ်စုံ အပေါ်အောက် ထင်းနေအောင် ဝတ်တတ်ပြီး ဆံပင်ကို သေသေသပ်သပ်စည်းနှောင်ထားတတ်သူဖြစ်တယ်။ မြန်မာဝတ်စုံပေါ်မှာ ထင်းခနဲသူ့အလှနဲ့ သူ့ရဲ့ ဖြူဖွေးနေတဲ့ အသားအရည်ဟာ သူ့ကိုပိုထင်ပေါ်စေတာပဲ။ နန္ဒာလှိုင်တို့လို မှုံနေအောင်ချောတဲ့မျက်နှာပေါက်မျိုး။ ကိုကြီးကြိုက်ချင်စရာပါပဲ။

"လွင် လာလေ... ထူးထူးနဲ့လိုက်လာတာလား"
မမိုးပြည့် ခေါ်သံ။ လွင် မမိုးပြည့်တို့နား ကုပ်ကုပ်လေး သွားထိုင်လိုက်တော့ ကိုကြီးက မမလတ်နှင့် လွင့်ကို မိတ်ဆက်ပေးသည်။

"လတ် ဒါထူးထူးရဲ့ညီလေးအရင်းလေ... ကို့ညီလေးဆိုလည်းဟုတ်တာပေါ့၊ လွင်ပြင်အေးတဲ့ လတ် ကိုယ်တို့တော့သူ့ကို လွင်လို့ခေါ်ကြတယ်... ခုမှ ဆယ်တန်းဖြေပြီးလို့ မန္တလေးလိုက်လာတာလေ"

မမလတ်က ပြုံးပြသည်။ ဘေးမှာတော့ လွင်သောက်ဖို့ သံပရာရည်တစ်ခွက်ကို မမိုးပြည့်က မှာပေးနေသည်။

"နင်က ကလေးကိုဘာလို့ခေါ်လာတာလဲ ထူးရယ်၊ ပြီးရင်ငါတို့စာမေးပွဲဖြေရင်သူပျင်းနေမှာပေါ့"

"ငါပြောတယ် အဲ့ကောင်မပျင်းဘူးဆိုလို့ ဒီနေ့က မိုင်နာနေ့ဆိုတော့ အေးဆေးပါဟာ၊ ငါ နာရီဝက်ကျော်ပဲဖြေလာမှာ"
ထူးထူးက ရယ်မောစွာ ဖြေသည်။ ခဏကြာတော့ အားလုံးကိုယ်စီစာမေးပွဲခန်းထဲ ဝင်သွားကြသည်။ လွင်ရှိနေတာဆိုတော့ ကန်တင်းစားပွဲမှာ လွယ်အိတ်တွေထားခဲ့ကြတာမို့ လွင်ကလွယ်အိတ်စောင့်လေးဖြစ်နေ​၏။

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now