P_1 (Uni)

16.6K 1.1K 404
                                    

တောတောင်သစ်ပင်တွေက အရမ်းကိုစိမ်းလန်းနေတယ်။ တောကလည်း ထူမှထူပဲ။ ချုံနွယ်တွေထူထပ်နေလို့ အရှေ့ကိုကောင်းကောင်းမမြင်ရဘူး။ အဲ့နေရာမှာ ထူးအောင်နဲ့ကျွန်တော်က လက်ချင်းတွဲပြီး လမ်းလျှောက်နေကြတယ်။

အရှေ့မှာ ဆက်သွားစရာ လမ်းမရှိပေမယ့် ကျွန်တော်တို့နှစ်ယောက်ကတော့ ဆက်သွားနေကြတာပဲ။ သွားရင်းသွားရင်းနဲ့ တစ်နေရာရောက်တော့ ဘွားကနဲဆိုပြီး အဆောက်အဦးငယ်လေးတစ်ခု ပေါ်လာတယ်။ အဲ့အဆောက်အဦးငယ်လေးဘေးမှာက ကြီးမားတဲ့ကျားကြီးတစ်ကောင် ရှိနေတယ်။ ကျွန်တော်နဲ့ထူးအောင်က ကျားကြီးကို တအံ့တသြငေးကြည့်နေကြတယ်။

"အဲ့ဒီနန်းဆောင်ထဲကို ဘယ်သူမှဝင်လို့မရဘူး။ ဝင်ဖို့ပြင်လိုက်တာနဲ့ အဲ့ကျားက ကိုက်သတ်ပစ်တော့တာပဲ"

ဘယ်ကရောက်လာမှန်းမသိတဲ့ လူတစ်ယောက်က ကျွန်တော်တို့ကို ပြောလာခြင်းဖြစ်တယ်။ ပြောပြီး အဲ့ဒီလူက လှည့်ထွက်သွားတယ်။

အဆောက်အဦးငယ်ကို သေချာကြည့်လိုက်တော့ တကယ်ပဲ နတ်နန်းဆောင်လေးတစ်ခု ဖြစ်နေတာကို တွေ့လိုက်ရတာကြောင့် ထူးအောင်နဲ့ကျွန်တော်က တစ်ယောက်မျက်နှာကိုတစ်ယောက် အဓိပ္ပာယ်ပါပါနဲ့ ကြည့်လိုက်ကြတယ်။ ပြီးတော့ တစ်ယောက်လက်ကိုတစ်ယောက် တင်းတင်းဆုပ်ပြီး နန်းဆောင်ထဲကို ဝင်ဖို့ပြင်လိုက်ကြတယ်။ ကြောက်စိတ်တွေဘာတွေလည်း ရှိမနေကြ။

"ဝေါင်း!! ဝေါင်း!!"

ကျွန်တော်တို့ရဲ့ခြေထောက်တွေကို စပြီးရွေ့လျားလိုက်တာနဲ့ နန်းဆောင်အဝင်ဝမှာရှိနေတဲ့ ကျားကြီးက ထပြီးမာန်ဖီလာတယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်း ကျွန်တော်တို့နှစ်ယောက်လုံးက ကျားကြီးကို ကြောက်မနေကြပါ။ အရှေ့ကို ဆက်သွားဖို့ပဲ စိတ်ဆန္ဒစောနေကြတယ်။

ကျွန်တော်တို့က အရှေ့ကိုဆက်သွားလေ ကျားကြီးက တဝေါင်းဝေါင်းနဲ့ မာန်ပိုဖီလေ။ ကျွန်တော်တို့ကလည်း မရပ်တန့်သလို ကျားကြီးကလည်း ရပ်တန့်မယ့်ပုံမပေါ်ခဲ့။

"တောက်!!!"

ရုတ်တရက် နတ်နန်းဆောင်ထဲကနေ တတ်ခေါက်လိုက်သံ ထွက်ပေါ်လာတယ်။ အဲ့အသံကြောင့်ထင်ပါရဲ့ တဝေါင်းဝေါင်း မာန်ဖီနေတဲ့ ကျားဟိန်းသံက တိကနဲ ရပ်တန့်တယ်။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now