P_6 (Zawgyi)

1.6K 159 43
                                    

တော်သလင်းနေ ပုဇွန်သေဆိုတဲ့ စကားအတိုင်းပဲ ရွာဘုရားပွဲရက်က အလွန်ကို ပူပြင်းလှတယ်။ ပူပေမယ့် လူကတော့ စည်နေတာပဲ။ တောင်၊မြောက်သွယ်တန်းထားတဲ့ ရွာလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ဆယ့်နှစ်ပွဲဈေးသည်တွေက နေရာယူထားကြပြီး အဲ့ဈေးသည်တွေဆီမှာ လာရောက်ဝယ်ယူတဲ့သူတွေရော မဝယ်ဘဲ ဒီအတိုင်းလျှောက်ပတ်ကြည့်ကြတဲ့သူတွေရောနဲ့ လမ်းမကြီးက ပြည့်လျှံလို့နေတယ်။

ကျွန်တော်တို့ရွာက အတော်လေးကို လူဦးရေများတာကြောင့် တောင်သင်းနဲ့ မြောက်သင်းဆိုပြီး အသင်းနှစ်သင်းခွဲထားရတယ်။ ရွာသူရွာသားတွေက ကြိုက်တဲ့အသင်းထဲကို ဝင်ကြ။ များသောအားဖြင့်တော့ တောင်ပိုင်းမှာနေတဲ့သူတွေက တောင်သင်းထဲကိုဝင်ကြပြီး မြောက်ပိုင်းမှာနေတဲ့သူတွေက မြောက်သင်းထဲကို ဝင်ဖြစ်ကြတယ်။

မင်္ဂလာပွဲတို့ အလှူပွဲတို့ ကျင်းပမယ်ဆိုရင် ပစ္စည်း၊ပစ္စယာတွေကို ကိုယ်ဝင်ထားတဲ့အသင်းကနေ ငှါးပြီး ကျင်းပရတယ်။ ဥပမာ အလှူလုပ်မယ့်သူက တောင်သင်းသားဖြစ်တယ်ဆိုရင် အလှူအတွက်ကို တောင်သင်းက လူကြီးတွေက ဆောင်ရွတ်ပေးရတယ်။

အလှူမှာအလှည့်လိုက်ဖို့အတွက် တောင်သင်းအဖွဲ့ဝင်ထဲက အပျို၊လူပျိုတွေကို ဖိတ်ပေးရတယ်။ ထမင်းကျွေးဖို့ကျတော့ အိမ်ထောင်သည်ယောက်ျားတွေကို ဖိတ်ပေးရတယ်။ ဒီလိုမျိုး ဆောင်ရွတ်ဖို့ အသင်းခွဲထားပေမယ့် ထမင်းကိုတော့ တောင်သင်း၊မြောက်သင်းမခွဲဘဲ တစ်ရွာလုံးကို ကျွေးတာဖြစ်တယ်။ မင်္ဂလာပွဲကျင်းပရင်လည်း အဲ့လိုမျိုးပဲ အသင်းလူကြီးတွေက ဆောင်ရွတ်ပေးရတယ်။

ဘုရားပွဲအတွက် အလှူခံတဲ့အခါကြရင် တောင်သင်းထဲဝင်ထားတဲ့သူတွေက တောင်သင်းမှာ လှူရပြီး မြောက်သင်းထဲဝင်ထားတဲ့သူတွေက မြောက်သင်းမှာလှူကြရတယ်။ အဲ့လို အလှူခံပြီး ရလာတဲ့ပိုက်ဆံတွေနဲ့ အသင်းလူကြီးတွေက ဇာတ်ပွဲတစ်ခုစီ ငှါးကြတာကြောင့် ကျွန်တော်တို့ရွာ ဘုရားပွဲက နှစ်တိုင်းနှစ်တိုင်း ဇာတ်ပွဲနှစ်ခုပါတယ်။

တောင်သင်းကငှါးတဲ့ ဇာတ်ပွဲက ရွာတောင်ထိပ်မှာကရပြီး မြောက်သင်းကငှါးတဲ့ ဇာတ်ပွဲကတော့ ရွာမြောက်ထိပ်မှာ ကကြရတယ်။ အဲ့လို အပြိုင်အဆိုင်ကရတဲ့ ဇာတ်ပွဲမို့ ဇာတ်သဘင်တွေကလည်း ကျွန်တော်တို့ရွာဆို လိုက်ချင်ကြတယ်။ ဇာတ်ပွဲက ရုံသွင်းတာမဟုတ်တဲ့အတွက် ပိုက်ဆံမပေးရဘဲ အလကားကြည့်ရတာမို့ ကြည့်တဲ့လူတွေကလည်း  ကျိတ်ကျိတ်တိုးပဲ။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now