ဒီနေ့တော့ မောင်ထူးအဖေ ပြန်ရောက်နေတာမို့ ထမင်းဝိုင်းက လူစုံတတ်စုံဖြစ်လို့နေတယ်။
"မှူးမှူး ထမင်းစားပြီးရင် သားသားကို စုပ်ပေးဦး"
ရုတ်တရက်ထွက်လာတဲ့ သူထူးအောင်ရဲ့စကားကြောင့် အားလုံးရဲ့အကြည့်တွေက မောင်မှူးဆီကို ဒိုင်းကနဲရောက်ကုန်ကြတယ်။ ကလေးကို မင်းဘာမဟုတ်တာတွေ လုပ်ထားတာလဲဆိုတဲ့ မျက်နှာပေးတွေနဲ့မို့ မောင်မှူးက ပျာပျာသလဲနဲ့ ခေါင်းကိုယမ်းတယ်။ သူဘာမှ မဟုတ်တာလုပ်မထားပါဘူးပေါ့။ ပြီးတော့ သူထူးအောင်ဘက်ကိုလှည့်ပြီး
"ဟိုကောင်... ငါ့ကိုအမှုပတ်အောင်မလုပ်နဲ့။ ဘာကိစ္စငါကစုပ်ပေးရမှာတုန်း"
"သားသားချောင်းဆိုးနေရို့။ လည်ပင်းထဲကချွဲတေကို ပါးစပ်ကနေစုပ်ခိုင်းတာကို"
"ဟ! အဲ့ချွဲတွေကို ဘယ်လိုလုပ် ပါးစပ်ကနေစုပ်ထုတ်လို့ရမှာတုန်းကွ"
"ရရယ် ရရယ်။ အူးအူးဆို အူးငယ်ကို အဲ့လိုမြဲစုပ်ပေးတာ"
"ဟမ်!! မင်းကို ဘယ်သူပြောတာတုန်း"
"အူးငယ်ပြောတာ"
အကုန်လုံးရဲ့ အကြည့်တွေက ကျွန်တော်ဆီရောက်လာကြတယ်။ မောင်ထူးအဖေနဲ့အမေက အံ့အားသင့်နေတဲ့အကြည့်နဲ့။ မောင်မှူးကတော့ စိတ်လေတယ်ဆိုတဲ့အကြည့်။ သူထူးအောင်ကကျတော့ သားသားပြောတာမှန်တယ်မလားဆိုတဲ့အကြည့်။ မောင်ထူးကတော့ ကလေးကို ဘာတွေလျှောက်ပြောထားပြန်ပြီလဲဆိုတဲ့အကြည့်မျိုး။ အကြည့်မျိုးစုံနဲ့ကို ကြည့်နေကြတော့တာ။
ကျွန်တော်ပြောတာ ဘာမှားလို့လဲလေ။ ကျွန်တော်နဲ့မောင်ထူး နမ်းနေကြတုန်း အဲ့ကလေးက အခန်းထဲကို ဝင်ချလာတာ။ နောက်နေ့ကျ အူးငယ်တို့ ပါးစပ်ကြီးတွေ ဘာလို့စုပ်နေကြတာလဲဆိုပြီးမေးရော။ သူက ရုတ်တရက်ထမေးတော့ ကျွန်တော်က ဘာပြန်ပြောရမှန်းမသိဘူးလေ။ ချစ်လို့ အဲ့လိုလုပ်နေကြတာလို့ ပြောလိုက်ရင်လည်း လေကျောကရှည်နေဦးမှာ။ အဲ့တော့ ကျွန်တော်ချောင်းဆိုးပြီး လည်ချောင်းထဲမှာ ချွဲတွေတစ်နေလို့ အူးအူးကစုပ်ပေးနေတာလို့ ပြန်ဖြေလိုက်ရတာ။