Part5

6.4K 704 16
                                    

နေရောင်ကား စူးရှတောက်ပနေသည်။နန်းစောရှင်ရဲ့နှဖူးတွင် ချွေးတို့ကတစက်စက်။ကြီးမားသည့် မန်ကျည်းပင်ရိပ်ကတောင် နန်းစောရှင်တို့အင်းဝမင်းသားတစ်သိုက်ကို‌ အေးရိပ်မပေးနိုင်။စိတ်အားထက်သန်မှုတွေက မျက်လုံးထဲတွင်ပေါ်လွင်နေပြီး တိုက်ကြက်ဖနှစ်ကောင်ဘေးမှအပြင်းအထန် အော်ဟစ်အားပေးနေကြသည်။သန်မာသည့်တိုက်ကြက်ဖနှစ်ကောင်ရဲ့တောင်ပံခတ်သံတွေက တဖျတ်ဖျတ်။ခုန်ကာခုန်ကာအပြင်းအထန် ခွပ်ကြသည်။မင်းရဲကျော်ထင်ရဲ့တိုက်ကြက်ဖက သခင်ရဲ့အရှိန်အဝါအတိုင်းသန်မာပြီး အားကြီးသည်။နန်းစောရှင်ရဲ့တိုက်ကြက်ဖက လျင်မြန်ပြီးဖျတ်လတ်သည်။
နေပျောက်မကျသည့်မန်ကျည်းပင်ရိပ်တွင်  တိုက်ကြက်ဖနှစ်ကောင်က အားမာန်အပြည့်ခွပ်နေကြသည်။

"ဖေ့သားစိန်လေး ခွပ်လိုက်စမ်း"

ကျန်သည့်နောင်တော်၊ညီတော်များကဘေးတွင်ဝိုင်းကာ အားပေးနေသည်။နန်းစောရှင်ရဲ့ငွေခြေချင်းမှခြူသံက အော်ဟစ်အားပေးနေသည့်လူအုပ်ကြားထဲတွင် မထင်မရှား။နန်းစောရှင်ရဲ့တိုက်ကြက်ဖက ပန်းလာပြီ။ဖျတ်လတ်မှုကသိသိသာသာကို လျော့နည်းလာပြီးမင်းရဲကျော်ထင်ရဲ့တိုက်ကြက်ဖ ပြုသမျှနုနေရသည်။နောက်ဆုံးတွင်တော့ မင်းရဲကျော်ထင်ရဲ့တိုက်ကြက်ဖခုန်ကာခွပ်လိုက်အပြီးမှာ နန်းစောရှင်ရဲ့ကြက်ဖလေးက မလှုပ်နိုင်တော့ပေ။

နန်းစောရှင် ကြက်နှစ်ကောင်ကြားအလျင်အမြန်ဝင်လိုက်ပြီး သူ့ကြက်ဖလေးကိုကောက်ပွေ့လိုက်သည်။နန်းစောရှင်မျက်နှာလေးက ညိုးငယ်နေပြီးမလှုပ်တော့သည့်ကြက်ဖလေးကိုသာ ပွတ်သပ်နေသည်။

"ညီထွေးငယ် ရှုံးပြီနောင်တော်ကြီး"

မင်းရဲကျော်ထင်က နန်းစောရှင်ရဲ့ပခုံးကိုပုတ်လိုက်ပြီး ခပ်ပြုံးပြုံးပြောသည်။

"အရှုံးကိုလက်ခံနိုင်တာလည်း ယောကျာ်းကောင်းပေဘဲ ညီထွေးငယ်ရဲ့"

ထိုအခါမှသာ နန်းစောရှင်ပြုံးပြီးနောင်တော်ကြီးကျော်ထင်ကို လေးစားအားကျသည့်အကြည့်နှင့် ကြည့်လိုက်သည်။နောင်တော်ကြီးက ကျင်စွယ်မုတ်ဆိတ်‌မွေးရေးရေးနှင့် လေးနက်တည်ကြည်သည့်လူချော‌ ဖြစ်သည်။စူးရှသည့်မျက်ဝန်းက မြင်ရသူအပေါင်းကိုခံ့ညားကြောက်ရွံ့စေပြီး မရှေးမနှောင်းပင်နူးညံ့သိမ်မွေ့မှုကို ခံစားရစေသည်။ဒါဟာ နောင်တော်ကြီးတွေရဲ့အားသာချက်ပင်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now