Part 17

4.9K 519 41
                                    

အိမ်ရှေ့မင်းဗညားသတိုးနှင့်သမိန်သူရိန် စစ်ရေးလေ့ကျင့်ကွင်းတွင် ဓားရေးလေ့ကျင့်နေကြသည်။အိမ်ရှေ့မင်းက တောင်ရှည်ပုဆိုးကိုအောက်ပိုးကျိုက်ထားပြီး သန်မာသည့်ပေါင်တံတစ်လျှောက်တွင် အနက်ရောင်ထိုးကွင်းမင်ကြောင်များကို မြင်ရသည်။အိမ်ရှေ့မင်းရဲ့ကွန့်ရောင်ဝါဓားသွားက နေရောင်အောက်တွင်တလက်လက်တောက်ပနေပြီး ဓားလှုပ်ရှားဟန်ကတင့်တယ်ကာ မာန်အပြည့်ရှိသည်။သမိန်သူရိန်  အိမ်ရှေ့မင်းရဲ့ဓားသွားကိုခုခံကာ ဆောင်ဓားနှင့် အားထည့်တိုက်သည်။နှစ်ဦးသားရဲ့ဓားချင်းထိခတ်သံက ဘေးပတ်လည်တွင်ဝန်းရံနေသည့်စစ်သည်ရဲမက်အပေါင်းကို ဇာတိမာန်တက်ကြွစေသည်။

"အိမ်ရှေ့မင်းရဲ့ဓားရေးကတော့အံ့မခန်းဟေ့"

"တပ်မင်းရဲ့ဓားရေးကလည်း အစွမ်းထက်လာတယ်ထင်ပါ့"

"အိမ်ရှေ့မင်းနဲ့သမိန်သူရိန် ဘယ်သူနိုင်မယ်ထင်သလဲ"

"လောင်းကြေးစားကြေးဟေ့"

သမိန်သူရ စစ်သည်အပေါင်းကိုလောင်းကြေးထည့်ရန်အော်ဟစ်ပြီး မောက်တိုကိုကိုင်ထားသည်။သမိန်သူရက တပ်မင်းဖြစ်ပေမယ့်စစ်သည်များအကြား ပေါ့ပေါ့ပါးပါးလှည့်လည်နေသည်က ငယ်ရွယ်သည့်စစ်သည်လေးလိုပင်။စစ်သည်တွေ တစ်ဦးပြီးတစ်ဦး သူ့ဘက်ကိုယ့်ဘက်လောင်းကြသည်။သမိန်သူရက နန်းစောရှင်နားကပ်လာပြီး။

"ဟေ့ နန်း‌စောရှင်ဘယ်ဘက်ကလောင်းကြေးထည့်မလဲ"

နန်းစောရှင် အိမ်ရှေ့မင်းကိုကြည့်ပြီးအိတ်ထဲက‌ ငွေဒင်္ဂါးတစ်ပြားကို အိမ်ရှေ့မင်းဘက်လောင်းကြေးထည့်လိုက်လေသည်။

သမိန်သူရိန် အိမ်ရှေ့မင်းရဲ့ဓားရေးကတစ်ခုခုလွဲမှားနေတာကိုခံစားမိသည်။အိမ်ရှေ့မင်းရဲ့ဓားသွားက မတည်မငြိမ်ဖြစ်နေကာ သမိန်သူရိန် အလွယ်တကူတိုက်၍ရနေသည်။သမိန်သူရိန် ဓားနှင့်အိမ်ရှေ့မင်းကို တိုက်ခိုက်ရင်းပြောလိုက်သည်။

"အိမ်ရှေ့မင်း သေချာတိုက်ခိုက်ပါ ကျွန်တော်မျိုးကိုမငဲ့ညာပါနဲ့"

"သူရိန်ကိုငဲ့ညာနေတယ်လို့ ဘယ်သူကပြောသလဲ"

ဗညားသတိုး စစ်သည်တွေအကြားထင်းထွက်နေသည့်ချစ်ဖွယ်ပုံရိပ်ကလေးကို စောင်းငဲ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်လေးတွေကွေးတက်လာကာ သမိန်သူရိန်ရဲ့ဓားသွားကိုကာကွယ်လိုက်သည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now