မာနမင်းသမီး (၄)

1.2K 212 14
                                    

မာနမင်းသမီး (၄)
~~~~~~~~~~~~~

"အရှင်မင်းသမီး ကျွန်တော်မျိုးတို့ရဲ့ ဝမ်ရယ်ကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်၊ ဝမ်ရယ်က အခုတလော ညအိပ်ရေးအပျက်ခံ မနားမနေနဲ့ ခရီးပြင်းနှင်လာရတာမို့ စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာကြောင့်ပါ... ဒါကြောင့် စိတ်အခြေအနေ မကောင်းတာဖြစ်ပါလိမ့်မယ်၊ မင်းသမီးကို စိတ်ခုသွားစေခဲ့ရင် ဝမ်ရယ်ကို အပြစ်မတင်ဖို့ ကျွန်တော်ကပဲ တောင်းဆိုပါရစေ"

မင်ရှု အရေးသိပ်မစိုက်ပုံနဲ့ လက်ကာ ပြလိုက်တော့တယ်။ "တို့ကို ပြန်လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်"

အဲ့ဒီ "စိတ်ခုအောင် အပြစ်ပြု"တယ်ဆိုတာတွေကို သူမ ဂရုမစိုက်ပါဘူး။ သူမကို လမ်းကြုံ တင်ခေါ်သွားတယ်၊ မခေါ်သွားဘူးဆိုတာ သူ့သဘောနဲ့ သူလေ။

ကိုယ်ရံတော် ယဲ့ဆုန်းကတော့ အံ့သြသွားမိတယ်။ ဝမ်ရယ်ရဲ့ အပြုအမူကြောင့် သူမ စိတ်ဆိုးသွားမယ်လို့ သူ ထင်နေခဲ့တာလေ။

သူမ အရမ်းကြီး စိတ်မဆိုးသွားဘူးဆိုရင်တောင် နည်းနည်း အပြစ်တင်တဲ့ စကားဆိုလောက်မယ် ထင်ထားတာ။

အနည်းဆုံး သူ အရင်က ကြုံတွေ့ခဲ့ဖူးတဲ့ မင်းသမီးတွေ သခင်မလေးတွေက အဲ့လို ငြူစူတတ်ကြတာကိုး။

ဒါပေမဲ့ သူမကတော့ သိပ်စိတ်ထဲ မထားပုံပဲ။ ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်စကားတောင် ပြောလိုက်သေးတယ်။ ဒါက မင်းသမီးတစ်ပါးနဲ့ မတူလိုက်တာ။ သူမရဲ့ ဖြစ်တည်မှုက ဘုရင့်သမီးတော်တွေထက်တောင် မြင့်မြတ်နေပေမဲ့လို့ပေါ့။

သူမက ကောင်းကင်နတ်နန်းရဲ့ တော်ဝင်မင်းသမီး. . .

ယဲ့ဆုန်း သတိပြန်ဝင်လာပြီး အမြန်ပြန်ပြောလိုက်တော့တယ်။ "ဒါက ဖြစ်သင့်တာပါပဲ၊ ဒါပေမဲ့ ကျွန်တော်မျိုး မင်းသမီးကို နားလည်ပေးဖို့ တောင်းဆိုပါရစေ၊ အနီးအနားမှာ မြင်းလှည်း ရှာမရနိုင်တာမို့ အရှင်မင်းသမီးဖာသာ မြင်းကျောပေါ်က လိုက်စီးမှ ဖြစ်ပါလိမ့်မယ်"

"ရပါတယ်"

ယဲ့ဆုန်းက သူ့လက်အောက်ငယ်သားတွေကို မြင်းတစ်ကောင် အမြန်ယူလာခိုင်းလိုက်ပြီး မင်ရှု မြင်းကုန်းနှီးပေါ်တက်နိုင်အောင် ကူညီပေးလိုက်လေတယ်။ "မြို့တော် ရောက်ဖို့ ခရီးက လိုပါသေးတယ် မင်းသမီး... ကျွန်တော်မျိုး မင်းကြီးထံ သံတော်ဦးတင်ဖို့ လူလွှတ်စေခိုင်းပြီးပါပြီ၊ သိပ်မကြာခင် အရှင်မင်းသမီးကို လာကြိုတဲ့ အဖွဲ့ရောက်လာမှာပါ"

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now