အမှန်တရားရဲ့ ဘက်တော်သား (၃)
~~~~~~~~~~~~~~~~~~~~~~~~~~~"လုမုန်း၊ နင် ဘယ်လိုတောင် မိုက်ရိုင်းနေတာလဲ...!" ကျင့်ယွီချီရဲ့ သွယ်သွယ်တန်းတန်း မျက်ခုံးလေးတွေ တွန့်ကျုံ့သွားတော့တယ်။ မင်ရှု အပြုအမူအပေါ် သူ မကျေနပ်ပုံပဲ။ ဒါပေမဲ့ သူများတွေရှေ့မှာ ရုပ်ပေါက်သွားမှာစိုးလို့ ဒေါသကို ချုပ်တည်းထားလိုက်တာ။
ကျင့်ယွီချီ မင်ရှုကို တိတ်တဆိတ် အကဲခတ်နေမိတယ်။ မိန်းမတစ်ယောက်ရဲ့ အာရုံသိစိတ်အရ သူ သိတယ်။ အခု သူ့ရှေ့က ကောင်မလေးဟာ အရင်တုန်းကလို မဟုတ်တော့ဘူးဆိုတာကိုပေါ့။
အရင်တုန်းကဆို ရှန်းကွမ်းဖုန်းနဲ့ ကျ င့်ယွီချီတို့အတူတွဲရှိတာကို လုမုန်းသာမြင်လိုက်ရရင် သည်းခံနိုင်မှာ မဟုတ်ဘဲ လဲကျသွားမှာပဲ။ ဒါပေမဲ့ ဒီနေ့တော့ သူဟာ သိပ်ကို တည်ငြိမ်လွန်းလို့ ထူးဆန်းနေတာ။
ပြီးတော့ မနေ့ညက အဆောင်ဟောင်းထဲ ပိတ်မိခဲ့တာတောင် အအေးပတ်ရုံလေးပဲ ဖြစ်တယ်။
"နင့်အပေါ် ရိုင်းတော့ ဘာဖြစ်သလဲ..." အဖျားတက်နေတော့ မင်ရှု မျက်နှာက နီမြန်းနေတယ်။ သူ့ချစ်စရာမျက်နှာလေးပေါ်က အပြုံးချိုချိုလေးနဲ့ တွဲလိုက်တော့ နှစ်လိုဖွယ်ကောင်းလွန်းလို့ ပါးလေးကို ဆွဲညစ်လိုက်ချင်မိတဲ့အထိပဲ။
"နင်လွန်တာပေါ့" ကျင့်ယွီချီ နားမလည်နိုင်မှုတွေကို စိတ်ထဲမှာပဲ သိမ်းထားပြီး မျက်နှာမသာမယာနဲ့ ပြောလာတော့တယ်။ "နင် နေမကောင်းတာတွေ့လို့၊ ငါက အားဖုန်းကို ဆေးခန်းလိုက်ပြပေးခိုင်းတာလေ... နင် ငါ့စေတနာကို လက်မခံလည်းရတယ်... ရိုင်းစရာတော့ မလိုဘူး... လုမုန်း၊ နင့်မိဘတွေက နင့်ကို မဆုံးမဘူးလား..."
အသည်းအသန် ကြိုးစားထားခြင်းမရှိပါဘဲ ကျင့်ယွီချီမျက်နှာထားက သူ မင်ရှုကို တမင်ရန်စနေမှန်း မသိသာစေဘူး။
တခြားသူတွေကိုက မသိစိတ်ထဲကနေ ကျင့်ယွီချီအပေါ် ဘက်လိုက်ချင်တာ ပါမယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...