အပိုင်း(၂၆)

976 72 4
                                    

Air-Con ကြောင့် အေးစိမ့်နေတဲ့သူတို့ဆိုင်လေးထဲငုပ်လျိုးစပြုနေတဲ့လိမ္မော်ရောင်အလင်းတန်းများက ထွင်းဖောက်နေရာယူကြ၏။ လေပြေက Customer တချို့နဲ့အလုပ်ရှုပ်လို့နေဆဲ။

"လေပြေ နင့်လူမလာပါ့လား"

လေပြေ ပုခုံးလေးပင့်ပြရင်း မိန်းကလေးရဲ့နောက်ကျောဘက်ဆံပင်တွေကို ခပ်ဝိုက်ဝိုက်ဝေ့ကျလာအောင်ပုံသွင်းဖို့ကို ပြန်အာရုံစိုက်ထားလိုက်သည်။

"လေပြေ"

"အေးဟာ. ပြော"

‌စကားများလှတဲ့ယမင်းကို လေပြေစိတ်မရှည်ချင်တော့တာကြောင့် ခပ်ဆတ်ဆတ်လေးအော်လိုက်‌မိပေမဲ့ စိတ်မဆိုးတဲ့အပြင် ခပ်တိုးတိုးထရယ်နေပြန်၏။

"‌နင်ကနော်. စိတ်ကိုမရှည်ဘူး... နင်အိမ်ပြန်ချိန်နီးနေပြီလို့ပြောမလို့ပါဟ"

"ငါသိတယ်"

ခပ်ပြတ်ပြတ်ပြောမှပင် ဇက်လေးပုကာငြိမ်သက်သွား၏။ ဒီနေ့ပိုင်လာကြိုမှမို့ အေးဆေးပင်လုပ်နေခြင်း။ ပိုင်က လေပြေပြန်ချိန်ထက် အနည်းငယ်နောက်ကျမှ လာကြိုလေ့ရှိတာမို့။

"လေပြေ"

"ဘာလဲဟာ. ဘာလဲ"

"ဟိုမှာ နင့်လူလာပြီ"

လှည့်ကြည့်မိတော့ ဆိုင်ပေါက်၀ဆီလျှောက်လာတဲ့လူရဲ့ အရင်လကမညှပ်ပေးလိုက်တဲ့ဆံပင်တွေက ဝေ့ဝဲကျစပြုနေလေပြီ။ လေပြေ စိတ်ပျက်လက်ပျက်သက်ပြင်းပူတွေမှုတ်ထုတ်ပစ်လိုက်၏။

ယမင်းတို့မိန်းကလေးတသိုက်ရဲ့ရယ်သံဟာ လွင့်ပျံ့လို့လာလေပြီ။ Reception အမကြီးပင် ပြုံးစိစိနှင့်..။

"No.2 လား မောင်လေး"

"ဟီး..ဟုတ်"

"အင်. လေပြေ ဒါငါဆက်လုပ်ပေးမယ်. နင်သွားလိုက်"

ပိုင်ရှိတယ်လို့သိပါရက်နဲ့ပင် သူများနဲ့တွန်းပို့နေသောမိန်းကလေးတသိုက်ရဲ့ရည်ရွယ်ချက်ကို သူပင်လက်လှမ်းမမှီတော့။ သူတို့အကြံသိကြောင်းကို နှုတ်ခမ်းစွန်းလေး‌ကွေးသည်အထိ ခပ်မဲ့မဲ့လေးပြုံးပြကာ အသိပေးလိုက်မိရင်းမှ

"ဟို.. လာလို့ရပြီနော်"

ခုံတစ်ခုံကိုလှမ်းဆွဲရင်း နေရာပေးလိုက်ရ၏။ ဒီအူကြောင်ကြားကောင်လေးဟာ လေပြေ့အတွက်တော့ တကယ်စိတ်ရှုပ်စရာမို့ ပိုင်လာကြိုတာနဲ့တိုးပါစေလို့ ကြိတ်ဆုတောင်းလိုက်မိသည်။

မောင့်လေပြေ (Completed)Where stories live. Discover now