မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (4)

6.4K 770 32
                                    

အေးအေးညွှန့် သူကိုယ်တိုင်မောင်းလာသည့် CROWNအနက်ရောင်လေးကိုရပ်၍ ကားပေါ်မှဆင်းလိုက်၏ ။ လက်တစ်ဖက်စီတွင်လည်း စိန်ဂေဟာတံဆိပ်ပါသော အိတ်ထုပ်အကြီးနှင့်အသေးကို ကိုင်ဆွဲထားသေးသည် ။ ခြံထဲကို ကားသွင်းမနေတော့ ။ ညနေငါးနာရီကျော်ကျော်ဆိုတော့ မောင်ဖြစ်သူ ပီတာထွန်းညွှန့်တစ်ယောက် အိမ်တွင်မရှိရန် ရာခိုင်နှုန်းအများသား ။ခြံဝတွင်တပ်ဆင်ထားသော ခေါင်းလောင်းကြိုးကိုဆွဲလိုက်ပြီး ခဏမျှ စောင့်နေလိုက်သည် ။

ခြံဝတွင် ရပ်နေရင်းနှင့် နဂိုပုံစံလေးအတိုင်းရှိနေဆဲဖြစ်သည့် ခြံပြင်ရှိ အထားအသိုများကို လျှောက်ကြည့်နေမိသည် ။ ခြံစည်းရိုး၏တစ်ဖက်စွန်းတွင် နှီးခြင်းအကြီးကို ထားထားသည် ။ ယိုင်လဲမသွားစေရန် ထိုနှီးခြင်းကို ပလတ်စတစ်ကြိုးနှင့်ချည်နှောင်၍ ထိုကြိုးကို ခြံစည်းရိုးအုတ်နံရံတွင် အုတ်ရိုက်သံရိုက်ပြီး တွဲချည်ထား၏ ။ နောက်တစ်ဖက်စွန်းတွင် ဒန်ဇလုံခပ်ကြီးကြီးလေးလုံးရှိသည် ။ ထိုအထဲမှတစ်လုံးတွင် ရေတစ်ဝက်ခန့်ရှိသည် ။ ထိုဇလုံများသည် လမ်းဘေးရှိခွေးလေးများကို ထမင်းကျွေးထားခြင်းဖြစ်၏ ။ ထိုအလေ့အကျင့်သည် မိခင်ဖြစ်သူ ဒေါ်အေးမြ၏ မပြောင်းလဲသော အမူအကျင့်လေးဖြစ်သည် ။ ယခုမှမဟုတ် ။ အေးအေးညွှန့် သိတတ်စအရွယ်ကပင်စ၍ မိခင်ဖြစ်သူသည် လမ်းဘေးခွေးလေးများကို အစားအစာအမြဲတမ်းကျွေးမွေး၏ ။

သိပ်မကြာလိုက် ။ မိခင်ဖြစ်သူ ဒေါ်အေးမြ အိမ်ထဲမှ ထွက်လာသည်ကို  မြင်တွေ့လိုက်ရ၏ ။ အသက်ခြောက်ဆယ်နားကပ်နေသော်လည်း ဒေါ်အေးမြသည် သွက်သွက်လက်လက် လှုပ်ရှားနိုင်ဆဲ ။

ဒေါ်အေးမြသည် သမီးကြီးဖြစ်သူ အေးအေးညွှန့်၏မျက်နှာကို မြင်လိုက်ရသောအခါ ပျော်ရွှင်သွား၏ ။ အုတ်ခဲကျိုးရောင်တောက်တောက် ပါတိတ်ဝမ်းဆက်လေးသည် အေးအေးညွှန့်၏ခန္ဓာကိုယ်ပေါ်တွင် အချိုးကျစွာဖြင့် လှပစွာ
နေရာယူထားသည် ။ နဖူးပြင်ပေါ်သို့ ဆံပင်များ မကျအောင်သိမ်းဆည်းထားသဖြင့် ကကြီးပုံသဏ္ဍန်နဖူးပြင်လေးကို ထင်ထင်ရှားရှားမြင်နေရသည် ။ဒေါ်အေးမြ၏ သားသမီးနှစ်ယောက်လုံးသည် အသားဖြူ ကြသည် ။ သားဖြစ်သူ ပီတာထွန်းညွှန့်သည် သမီးဖြစ်သူ အေးအေးညွှန့်ထက်ပင်ပို၍ အသားဖြူ သေးသည် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now