မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (44)

3.5K 479 28
                                    


တာ ...
ကျွန်တော့်ပါးစပ်ကနေထုတ်မပြောဖြစ်တဲ့ တာနဲ့ပတ်သက်တဲ့အကြောင်းတွေကို စာတစ်စောင်အနေနဲ့ပဲ အသက်သွင်းလိုက်ပါတယ် ။
ကျွန်တော်က သာမန်ဆိုရင်စကားနည်းတဲ့သူ မဟုတ်ပါဘူး တာ ။
အသက်ကြီးတဲ့သူဖြစ်ဖြစ် ၊ ငယ်တဲ့သူဖြစ်ဖြစ် တစ်ဖက်သားနဲ့လိုက်လျောညီထွေဖြစ်အောင် ကျွန်တော် စကားကောင်းကောင်းပြောနိုင်တယ် ။
ကျွန်တော် စကားရဲရဲမပြောနိုင်တဲ့ တစ်ယောက်သောသူကတော့ တာပဲဖြစ်လိမ့်မယ် ။
တာ ကျွန်တော့်အနားမှာရှိနေရင် ရင်ခုန်ရလွန်းလို့ စကားလဲအများကြီး မပြောနိုင်သလို
တာ့ရဲ့ အရယ်အပြုံးတွေကိုငေးကြည့်ရတာနဲ့ စကားပြောဖို့လဲ မေ့နေတတ်တယ် ။

ကျွန်တော့်အာရုံထဲမှာ တာနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပုံကို အခုထိ စွဲစွဲမြဲမြဲ မှတ်မိနေသေးတယ် ။
တာ ကျွန်တော့်ကို ကြည့်တဲ့ပုံလေးက ရန်စွယ်ငေါငေါနဲ့ပဲ ။
တာ့နှုတ်ခမ်းရဲရဲလေးကလဲ ရှေ့ကိုတစူစူနဲ့ ။
ဆံပင်ကောက်ကောက်လေးတွေကလဲ နဖူးပေါ်နဲ့ ကုပ်သားဖွေးဥဥလေးအပေါ် ဝဲကျလို့ ။
ပထမဆုံးအကြိမ်တွေ့တဲ့ခဏမှာပဲ ကျွန်တော်ကတော့ တာ့ကို နှစ်လိုလိုက်တာ ။
ယောက်ျားလေးတစ်ယောက်ကို ချစ်ဖို့ကောင်းလိုက်တာဆိုတဲ့ အသုံးအနှုန်းမျိုးမသုံးသင့်ပေမဲ့ တာက ကျွန်တော့်မျက်လုံးထဲမှာတော့ ကလေးလေးတစ်ယောက်လိုမျိုး အပြစ်ကင်းကင်းနဲ့ ချစ်ဖို့ကောင်းချက် ။
တာ့မျက်ဝန်းအိမ်ရှည်ရှည်လေးတွေက တာ့အတွက်ပဲ သီးသန့်ဖြစ်တည်နေသလိုမျိုး ။
ကျွန်တော့်ဘက်ကသာ တာ့ကိုကြည့်ပြီး နှစ်လိုပေမဲ့
တာ့ဘက်ကတော့
" မင်းကို ငါ ကြည့်မရဘူး " ဆိုပြီး တာ့ပါးစပ်က မပြောရုံပါ ။
စက်ဘီးစီးပြီး ကျွန်တော့်အိမ်ကိုပြန်သွားတဲ့လမ်းတစ်လျှောက်လုံးမှာ ခဏခဏပြုံးရယ်မိတယ် ။
အဲဒီနေ့ညက ကျွန်တော် အိပ်မက်မက်တယ် တာ ။
အဲဒီအိပ်မက်ထဲမှာ ကျွန်တော်က တစ်ယောက်သောသူကို ရင်ခွင်ထဲ ပိုက်ထွေးထားတာ ။
ထူးဆန်းတာကလေ အဲဒီအိပ်မက်ထဲ နေရာယူထားတဲ့သူက မိန်းကလေးတစ်ယောက်တော့ မဟုတ်ခဲ့ဘူး ။
ကျွန်တော့်ရင်ခွင်ထဲကနေပြီး ခပ်မော့မော့ကြည့်နေခဲ့တဲ့သူက တာဖြစ်နေတဲ့အခါ ကျွန်တော် အိပ်ပျော်နေရာက လန့်နိုးခဲ့တယ် ။
အဲဒီအိပ်မက်က သေချာစဉ်းစားကြည့်ရင် သိပ်ကြောက်ဖို့ကောင်းတာပဲ ။
ကျွန်တော့်တစ်ကိုယ်လုံးမှာလဲ ချွေးတွေနစ်နေတယ် ။
ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဆိုပေမဲ့
အိပ်မက်ထဲမှာ ယောက်ျားလေးတစ်ယောက်နဲ့ ချစ်ကြည်နူးနေတာကတော့ မဖြစ်သင့်ဘူးလေ ။
လက်ဖက်ရည်ဆိုင်မှာ မိနစ်နည်းနည်းလေးတွေ့ခဲ့ရတဲ့ ကောင်လေးက ကျွန်တော့် အိပ်မက်ထဲကို နေရာဝင်ယူတာကတော့ အံ့သြစရာပိုကောင်းတာပေါ့ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now