Chapter [4.1]

1.3K 288 25
                                    

Zawgyi

ကန်တင်း၌တွေ့ဆုံခြင်း

ထိုမီတာ၁သောင်း အပြေးပွဲမှာ လစ်ဘရယ် အနုပညာဌာနက ပထမနေရာ ရရှိသွားပြီး ချီယန်ကတော့ ဒုတိယသာ ရရှိခဲ့တယ်။ အစတုန်းကတော့ ထိုပထမရသွားတဲ့ ကောင်လေးကို ဘယ်သူကမှ သတိထားပြီး မကြည့်မိကြပေမယ့် ပန်းဝင်ဖို့ မီတာ၂ထောင်ကျော်လောက် အလိုမှာ ထိုကောင်လေးက ချီယန့်ကို လိုက်မှီလာပြီး သူနဲ့ချီယန်ဟာ ကျန်တဲ့ပြိုင်ပွဲဝင်တွေ အားလုံးကို ဖုန်တွေကြားထဲ ချန်ထားခဲ့ကြတယ်။ ချီယန်က အရပ်ရှည်ကာ ခြေတံရှည်ရှည်တွေရှိပြီး ခြေလှမ်းကျဲကျဲ တည်ငြိမ်တဲ့ အရှိန်နဲ့ ပြေးနေတာကြောင့် လူတွေရဲ့ အမြင်ကို ဖမ်းစားနေတော့တယ်။ ထိုကောင်လေးကတော့ ချီယန့်ထက် ခေါင်းတစ်လုံးပုကာ ခြေလှမ်းတွေ မညီညာပေမယ့် အရှိန်က ပိုမြန်တာကြောင့် သူအရှိန်တင် ပြေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ခြားသွားခဲ့တယ်။

ဆုန်းဖေးဟာ သူ့ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေမယ့် စက္ကန့်ဝက်အကြာမှာ သူ့အကြည့်တွေက အားကစားကွင်းထဲကနေ မခွာနိုင်တော့ဘူး။ ချီယန် အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာ သူသိပေမယ့် ဒါပေမယ့် ကံမကောင်းစွာပဲ ပန်းဝင်ခါနီးမှာ သူ့ပြိုင်ဖက်ထက် ခြေ၃လှမ်းလောက် နောက်ကျသွားခဲ့တယ်။ အစီအစဉ်တင်ဆက်သူကတော့ ပထမရသွားတဲ့ လစ်ဘရယ် အနုပညာဌာနနဲ့ ဒုတိယရသွားတဲ့ ဘဝသိပ္ပံဌာနကို ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ နာမည်နဲ့တကွ ဂုဏ်ပြုကြေညာပေးနေတယ်။ ဆုန်းဖေးကတော့ နားမထောင်ဘဲ သူ့အာရုံတွေ အားလုံးဟာ ချီယန့်ဆီမှာသာ စုစည်းလေတယ်။

ချီယန်က ဒူးပေါ်မှာ လက်တင်ရင်း ကုန်းကာ ခက်ခက်ခဲခဲ အမောဖြေနေတယ်။ ဆုန်းဖေးက ချီယန်ဟာ အတော်လေး မောပန်းနေပြီး ပန်းတိုင်နားနီးလေ သူ့ရဲ့ခံနိုင်ရည်ကို ကျော်လွန်နေလေ ဆိုတာကို ရိပ်မိနေခဲ့တယ်။ သူသာဆိုရင်ရော... ဆုန်းဖေးက စဉ်းစားမိတယ် သူသာဆိုရင်တော့ ဝုန်းခနဲ ပစ်လှဲချလိုက်ပြီး ကြမ်းပြင်ပေါ် ခြေကားယား လက်ကားယား လှဲအိပ်ကာ သူနေချင်သလို နေပစ်မိလိမ့်မယ်။ ဒါပေမယ့် အခုက ဘယ်လိုအခြေအနေမျိုးမှာမဆို သူ့ပုံရိပ်ကို ထိန်းသိမ်းတတ်တဲ့ ချီယန်ဖြစ်နေခဲ့တယ်။ ဒီလိုပုံမှန်မဟုတ်တဲ့ ကိုယ်ပိုင်အမူအကျင့်က သဘာဝအတိုင်း ဖြစ်တာလား တမင်လေ့ကျင့်ထားတာလားဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now