Chapter [9.1]

1.1K 281 21
                                    

Zawgyi

လမ်းကြောင်း

ဆုန်းဖေးထင်ထားတဲ့အတိုင်း ထိုအဖြစ်အပျက်တွေအတွင်း ချီယန်ဟာ ကန်တင်းမှာ သူ့ကိုစောင့်နေခဲ့တယ်။ သင်ကြားရေးအဆောင် ဧရိယာတဝိုက်ကနေ အိပ်ဆောင်တွေဆီ ပြေးဖို့ဆိုရင် ကန်တင်းကနေ ဖြတ်သွားဖို့လိုတယ်။ နေ့လည်၁၁နာရီတောင် မထိုးသေးတာကြောင့် ကန်တင်းမှာ လူသိပ်မရှိသေးဘူး။ အစမှာတော့ ကန်တင်းရဲ့ ပြင်သစ်စတိုင် ပြတင်းပေါက်တွေကတဆင့် အပြင်ဖက်မှာ အိပ်ဆောင်တွေဆီကို အရူးအမူး ပြေးလွှားနေကြတဲ့ ကျောင်းသားအများအပြားကို မြင်လိုက်ရတော့ သူတို့တွေဟာ စိတ်ရှုပ်ထွေးသွားခဲ့ကြတယ်။ စပ်စုချင်တဲ့ ကျောင်းသားတချို့ကတောင် အပျော်သဘောနဲ့ အပြင်မှာ ဘာဖြစ်နေတာလဲဆိုတာကြည့်ဖို့ တံခါးပေါက်မှာတောင် အလုအယက် တိုးဝှေ့နေကြသေးတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ အရှေ့က အလျင်အမြန် ပြေးလွှားနေကြတဲ့ ပထမအသုတ်ရဲ့ ခြေသံတွေဟာ အိပ်ဆောင်ဧရိယာတွေအတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြပြီး အနောက်မှာ ခြေလှမ်းနှေးပြီး ကျန်ရစ်ခဲ့ကြတဲ့ ဒုတိယအသုတ်မှာတော့ ဖုတ်ကောင်တွေနဲ့ ရင်ဆိုင်ကြရတော့တယ်။ အကိုက်ခံရလုဆဲဆဲ ကျောင်းသားတွေဟာ အိပ်ဆောင်ထိ မပြေးနိုင်ကြတော့ဘဲ နီးစပ်ရာ လုံခြုံတဲ့နေရာတွေမှာသာ သူတို့ကိုယ်သူတို့ ပုန်းကွယ်နေရတော့တယ်။ ထို့ကြောင့်ပဲ ကန်တင်းမှာ ကျောင်းသားတွေ ပြုံကျနေပြီး ကန်တင်းက မှန်တံခါးတွေကို အကုန်လိုက်ပိတ်ဖို့ လက်တော်တော်များများ သုံးခဲ့ကြရတယ်။

ဒါပေမယ့် ကန်တင်းထဲမှာ သူတို့နဲ့အတူ ပိတ်မိနေတဲ့ ဖုတ်ကောင် ၇ကောင်၈ကောင်လောက်ရှိနေတယ်။

အစမှာတော့ သူတို့တွေဟာ ကန်တင်းက စားပွဲတွေ ခုံတွေကြား ပတ်ပြေးနေခဲ့ကြပြီး ဖုတ်ကောင်တွေနဲ့ စိန်ပြေးတမ်း ကစားနေကြသလိုပဲ။ ကံကောင်းစွာနဲ့ပဲ ဖုတ်ကောင်တွေရဲ့ တောင့်တင်းနေတဲ့ အရိုးအကြောတွေက ပျော့ပျောင်းမှုမရှိတာကြောင့် ကောင်းကောင်းမပြေးနိုင်ကြဘဲ သူတို့ရှေ့မှာ အတားအဆီးတွေနဲ့တွေ့ရင်လည်း ဘာမှမလုပ်နိုင်ကြလေဘူး။ နောက်ပိုင်းမှာတော့ ကန်တင်းက ထမင်းထည့်ပေးတဲ့ အန်တီကြီးရဲ့ သည်းခံနိုင်စွမ်းက ကုန်ခမ်းသွားပြီး သူမက လက်တွေမြှောက်လိုက်ကာ စားဖိုဆောင်ကနေ သူမရှာတွေ့ထားတဲ့ မီးဖိုချောင်သုံးဓားနဲ့ သူမရဲ့ခွန်အားကိုအသုံးပြုရင်း ဖုတ်ကောင်၂ကောင်ကို တစ်ကိုယ်တော် ရှင်းပစ်လိုက်တယ်။ ပုံမှန်အချိန်မှာသာဆို သူတို့ရဲ့အတန်းဖော်တွေကို ဓားတစ်ချောင်းနဲ့ ရှင်းပစ်လိုက်တဲ့ကိစ္စက လက်မခံနိုင်စရာပေမယ့် သူတို့တွေ ပြေးလွှားလာကြတဲ့ လမ်းတလျှောက်လုံးမှာ ရူးသွပ်စရာ မြင်ကွင်းတွေကို မျက်မြင်တွေ့ကြုံခဲ့ရတာကြောင့် IQနိမ့်နေတဲ့သူဆိုရင်တောင် ထိုအတန်းဖော်တွေက ပုံမှန်မဟုတ်တော့ဘူး ဆိုတာကို သိကြမှာပဲ။ သေခြင်းရှင်ခြင်းကြား အဆုံးအဖြတ်မှာ ရှင်သန်ဖို့ကသာ အဓိကအရာဖြစ်တယ်။ ကိုယ်ကျင့်တရားတွေ အကျင့်သိက္ခာတွေဆိုတာ နောက်မှဆွေးနွေးရမယ့် အရာတွေ_ ဒီလိုစဉ်းစားကြည့်ရင်း ကန်တင်းထဲက ကျောင်းသားရာကျော်ကလည်း သူတို့တတ်နိုင်သလောက် အားစိုက်ထုတ်လာကြတယ်။ ဓားမကိုင်ရဲတဲ့သူတွေက ဖုတ်ကောင်တွေ မလှုပ်ရှားနိုင်အောင် ဖုတ်ကောင်တွေရဲ့ ခြေလက်တွေကို ချုပ်နှောင်ထားပေးခဲ့ကြတယ်။ ထိုဖုတ်ကောင်၇ကောင်၈ကောင်ဟာ များပြားလှစွာသော တိုက်ပွဲဝင်စစ်သည်တွေရဲ့ အမြစ်ပြတ်ချေမှုန်းခြင်းကို ခံလိုက်ရတော့တယ်။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now