Chapter [11]

1K 268 76
                                    

Zawgyi

ကြီးထွားလာသော အကြောက်တရား

နံနက်ခင်း၈နာရီမှာ နေဟာတောက်ပစွာ ပေါ်ထွက်လာတယ်။

ယနေ့ဟာ ချီယန် အဆောင်ပြန်ရောက်လာတဲ့ ဒုတိယနေ့ဖြစ်ပြီး အဆောင်ခန်းတွေထဲမှာ ပိတ်မိနေကြတဲ့ တတိယနေ့ပဲ။ ဆုန်းဖေးလို အစကတည်းက အဆောင်ခန်းတွေထဲမှာ ပိတ်မိနေခဲ့ကြတဲ့ ကျောင်းသားတွေဟာ အနည်းနဲ့အများတော့ စိတ်ရောကိုယ်ပါ ထိခိုက်နေခဲ့ကြပြီ။ ဒါ့အပြင် စားစရာ လိုအပ်နေတာကလည်း ဆုန်းဖေးတို့ တစ်ခန်းတည်းတင် မဟုတ်ခဲ့ဘူး။ မနက်ခင်း စောစောစီးစီးမှာ အရွယ်အမျိုး ပုံစံအမျိုးမျိုးနဲ့ ကျောင်းသားတွေဟာ အဆောက်အဦးတွေရဲ့ နံရံတွေမှာ တွယ်ကပ်နေကြလေတယ်။ တချို့ကတော့ လျင်မြန်ဖြတ်လတ်စွာ တစ်ခန်းပြီးတစ်ခန်း ခုန်ကူးနေကြပေမယ့် တချို့ကတော့ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေကြရတယ်။ ကျန်တဲ့ကျောင်းသား အများစုကလည်း အပြင်ထွက်ဖို့ ပြင်ဆင်နေကြပေမယ့် အနည်းငယ်ကသာ အပြင်ကို ထွက်လာနိုင်ကြတယ်။ သူတို့မလုပ်နိုင်လောက်ဘူးလို့ထင်တဲ့ ကျောင်းသားတချို့က လက်လျှော့ကာ ပြန်လှည့်သွားကြလို့ပဲ။

ပုံမှန်အားဖြင့် ဒီလိုမြင်ကွင်းမျိုးဟာ လတ်လျားလတ်လျား ဖရဲစေ့ကိုက်ပြီး ထိုင်ကြည့်နေရမယ့် ပြကွက်ပဲ။ အခုချိန်မှာတော့ ချီယန်၊ ဆုန်းဖေးနဲ့ ချောင်စစ်ချီတို့ ၃ယောက်သားဟာ ဝရံတာမှာရပ်ပြီး တစ်ဖက်က တက်ကြွပြီး ယောက်ယက်ခတ်နေတဲ့ ဟာသပြဇာတ်ကြီးကို သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရှုနေရလေတယ်။ မနေ့ည မီးဖြတ်ချိန်က ဆွေးနွေးခဲ့ကြတဲ့ သတ္တိအပြည့်နဲ့ စကားဝိုင်းကြီးဟာ အခုတော့ ဆပ်ပြာပူဖောင်းလေးတွေလို ပျောက်ကွယ်ကုန်ရှာပြီ။ မျက်စိရှေ့ လက်တစ်ကမ်းအလိုက ဒီကမ္ဘာပျက်ကပ် မြင်ကွင်းကြီးကို ဆက်ကြည့်နိုင်စရာ အားတစ်စက်မှ မရှိတော့ဘူး။

ဟုတ်တယ် ကမ္ဘာပျက်ကပ်ကြီး။

အခုချိန်မှာ အပြင်ဖက်ကမ္ဘာကြီးက ဘယ်လိုဖြစ်နေပြီလဲဆိုတာ သူတို့၃ယောက်လည်း မသိဘူး။ အပြင်မှာ ဇွန်ဘီလှိုင်းလုံးကြီးနဲ့ တွေ့ကြုံနေရတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အခြေအနေတွေကို ထိန်းချုပ်နိုင်သွားတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်နေနေ အခုသူတို့မှာ အပြင်ဖက်ကမ္ဘာဆီကိုသွားဖို့ စွမ်းအားအလုံအလောက် ရှိမနေသေးဘူး။ သူတို့ကအခုထိ အသက်၂၀တောင် မပြည့်သေးဘူး။ ရေအိုင်ထဲက ဖားသူငယ်လေးတွေလိုပဲ။ အပြင်ဖက်ကမ္ဘာကြီးက သူတို့အတွက် အရမ်းကိုကျယ်ပြောလွန်းနေတယ်။ အကယ်၍ သူတို့သာ မြေပြင်ပေါ် ခြေချနိုင်ခဲ့ရင်တော့ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးမို့ ဒီကျောင်းဝင်းလေးပဲ ကျန်ခဲ့လိမ့်မယ်။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now