အခန်း၃၂

26.2K 552 6
                                    

(unicode)

   ဂတ်စ်မီးဖိုပေါ်က အုန်းနို့ဟင်းရည်အိုးကြီးကို မေမေက ဇွန်းနဲ့ အသာမွှေနေသည်။ ဒီနေ့ကျောင်းပိတ်ရက်ဖြစ်လို့ အုန်းနို့ခေါက်ဆွဲ ချက်စားကြတာဖြစ်သည်။

   ''သမီး မြည်းကြည့်ပါလား...အရသာ..''

နှောင်းလည်း ဇွန်းအကြီးနဲ့ခပ်ပြီး ပန်းကန်ထဲ အနည်းငယ်ထည့်ကာ မြည်းလိုက်သည်။အနံ့ကလည်း မွှေးကြိုင်နေကာ ကြက်ခြေထောက်တွေနဲ့ ပဲသွေးပါ ထည့်ချက်ထားဖြစ်လို့ စားချင်စရာကောင်းလှသည်။

   ''အတော်ဘဲ...မေမေရဲ့...သမီးပါးစပ်နဲ့တော့ကွက်တိဘဲ...''

   ''အဲ့ဒါဆို မေမေ မီးပိတ်လိုက်တော့မယ်၊ သမီးပြီးမှ ဘုရားဆွမ်းတော်လည်း ကပ်လိုက်..''

   ''ဟုတ်ကဲ့ မေမေ...''

စျေးထဲက ခေါက်ဆွဲနဲ့ နန်းကြီးဖက်၊ အကြော်အစုံကို အိပုံ့ကို သွားဝယ်ခိုင်းထားပြီး အခုထိ မလာသေးတော့ စောင့်နေရသည်။

   ''သားရော မနိုးသေးတာလား..သမီး..''

ဒေါ်ရတနာ ပန်းကန်တွေကို ခုံပေါ်လာချရင်း မေးလိုက်သည်။

    ''ဟုတ်..ညကဘောပွဲကြည့်တယ်လေ..မေမေ့သားက...''

မေမေ့ကို ပြောပြီး နှောင်း အခန်းဘက်လျှောက်ခဲ့သည်။ မနက်၇နာရီထိုးတော့မှာကို အခုထိ မထသေးတဲ့  အစ်ကို...။

    ''အစ်ကို...''

အသက်ခပ်ပြင်းပြင်းရှုပြီး ပိရိသေသပ်နေသော နှုတ်ခမ်းအစုံကို ခပ်တင်းတင်းစေ့ပြီး ဖက်လုံးကြီးဖက်ကာ အိပ်မောကျနေတဲ့ အစ်ကို။ခြေရင်းမှာပုံနေတဲ့ စောင်ကို သူမ အသာခေါက်လိုက်ပြီး ခြင်ထောင်မ တင်လိုက်သည်။

   ''အစ်ကို...ထလေ..မနက်စာ စားရအောင်..''

နှောင်းသည် အစ်ကို ဖက်ထားတဲ့ ဖက်လုံးကြီးကို လှမ်းဖယ်လိုက်ပြီး အသာလှုပ်နှိုးလိုက်သည်။

   ''ဟင်...အင်း...''

စည်းခြား မျက်လုံးရှေ့မှာ ချည်ဂါဝန်ပန်းရောင်အကွက်စိပ်လေးကို ဝတ်ထားပြီး ပါးပြင်ပေါ်မှာ သနပ်ခါး ပါးကွက်လေးနဲ့ အသည်းလေးကို တွေ့လိုက်ရသည်။ ဆံပင်ထိပ်မှာလည်း ယုန်ကလစ်အသေးလေးတွေ ညှပ်ထားပြီး တကယ့်ကို ချစ်ဖို့ကောင်းနေသည်။ သူမလေးသည် အဖြူအစိမ်းဝတ်စုံဝတ်တာကလွဲပြီး အိမ်နေရင်းပုံစံလေးတွေနဲ့ဆို တကယ့်ကို ချာတိတ်မလေးအတိုင်းဖြစ်သည်။

မိုးယံမှသည် ချစ်သူဆီသို့(completed)Where stories live. Discover now