Chapter 3

2.9K 285 3
                                    

Empress with no Virtue
Chapter 3
Translator – Utopia

ယဲ့ကျန်းကျန်းပြောလိုက်တဲ့ စကားက အမှန်ပဲ ဆိုတာကို လက်မခံချင်ပေမဲ့လည်း အတိုင်းအတာ တစ်ခုအထိတော့ သူ(မ)ပြောတာက မှန်နေတာပဲ။ ဒါပေမဲ့ သူက ဧကရာဇ်မင်းလေ ဒီလိုမျိုး တိုင်းပြည်အတွက် ကိုယ့်ကိုကိုယ် အနစ်နာခံလိုက်ပါတယ်ဆိုတဲ့ အချက်ကို လက်ခံလိုက်ဖို့ သူ့မာနက ခွင့်မပြုနိုင်ဘူး။ ဒါ့ကြောင့်မို့ အမှန်တရား တချို့တဝက်ကို လျစ်လျူရှုပစ်လိုက်တယ်။

အချိန်တိုလေး အတွင်းမှာပဲ လီကိုယ်လုပ်တော်က ကြာပန်းပွင့်သဏ္ဍာန် လှပတဲ့ စွပ်ပြုတ်ပန်းကန်လုံးကို ကိုင်ထားတဲ့ အစေခံနန်းတွင်းသူလေးနဲ့အတူ အပြင်မှာ လာစောင့်နေတယ်။ ဖုန့်ရိုးတျယ်က အရိုအသေပေးလိုက်ပြီး

“ မယ်မယ် အရှင်မင်းကြီးက ရုံးတော်စာရွက်စာတမ်းတွေကို ကြည့်ရှုစစ်ဆေးနေပါတယ်။ ကျွန်တော်မျိုးကို ဒီစွပ်ပြုတ် ဆက်သစေခိုင်းလိုက်ရင်ကော ဘယ်လိုပါလဲ။ ပြီးရင် မယ်မယ်လည်း ပြန်ပြီး အနားယူလို့ ရပါပြီ ”

သေချာတာပေါ့ လီကိုယ်လုပ်တော်က ဒီလောက်နဲ့တော့ ထွက်သွားမှာ မဟုတ်ဘူး။ အစတုန်းက သူ(မ) မိဖုရားခေါင်ကြီးရှေ့မှာ ကြွားပြမလို့ လုပ်ခဲ့ပေမဲ့ သူ(မ)ပဲ အရှက်ကွဲခဲ့ရတယ်။ ဒါ့အပြင် ရှီးဖေးဆီက‌ ခနဲ့တဲ့ စကားကို ကြားခဲ့ရတာဆိုတော့ သူ(မ) အရှင်မင်းကြီးဆီ အပြေးလာပြီး တိုင်တန်းချင်နေတာပဲ ဖြစ်တယ်။

“ ဒီစွပ်ပြုတ်ကို ငါ ကိုယ်တိုင် ချက်လာခဲ့တာ။ အရှင်မင်းကြီးက တိုင်းပြည်အတွက် စိတ်နှစ်ပြီး ကြိုးစားထမ်းရွက်နေတာဆိုတော့ ငါကလည်း သူ့ကို ကောင်းကောင်း ခစားသင့်တာ‌ပေါ့။ စိတ်မပူပါနဲ့ ငါကိုယ်တိုင်ပဲ ဆက်သလိုက်မယ် ”

အရှင်မင်းကြီး စိတ်ကြည်လင်မနေဘူးဆိုတာကို သူ တတ်နိုင်သလောက် အရိပ်အမြွက်ပြခဲ့ပေမဲ့ လီကိုယ်လုပ်တော်ကတော့ အရိပ်အကဲနားမလည်ပဲ အထဲကိုသာ ဝင်ချင်တယ်။ ဖုန့်ရိုးတျယ်အနေနဲ့ အရှင်မင်းကြီး စိတ်မကြည်မလင် ဖြစ်နေပါတယ်ဆိုပြီး လီကိုယ်လုပ်တော်ကို ဒဲ့ကြီးပြောဖို့ရာလည်း မသင့်တော်လှပေ။ အဲ့အချိန်မှာပဲ စာကြည့်ခန်းထဲကတေ အသံတစ်ခု ထွက်လာတယ်။

“ အပြင်မှာ ဘယ်သူရှိလဲ ”

“ အရှင်မင်းကြီးကို လျှောက်တင်ပါတယ် ... ”

“ အရှင်မင်းကြီး လီကိုယ်လုပ်တော် အရှင်မင်းကြီးအတွက် အာဟာရစွပ်ပြုတ်ကို ကိုယ်တိုင်ချက်ပြီး ဆက်သဖို့ ရောက်နေပါတယ် ”

“ ဖုန့်ရိုးတျယ် လီကိုယ်လုပ်တော်ကို အထဲဝင်ခိုင်းလိုက် ”

လီကိုယ်လုပ်တော် အစေခံနန်းတွင်းသူလေးဆီက လင်ဗန်းကို ယူလိုက်ပြီး စာကြည့်ခန်းထဲ ဝင်သွားလိုက်တယ်။

ကနွဲ့ကလျ လျှောက်လာရင်း လင်ဗန်းကို စားပွဲပေါ်မှာ တင်လိုက်တယ်။ အပြုအမူတစ်ခုချင်းဆီတိုင်းမှာ သူ(မ) ကလူ၏မြူ၏ လုပ်နေသည်မှာ ထင်ရှားနေတယ်။ ပြောရရင် စူးစစ်သူကြီးကြောင့် မဟုတ်ရင်တောင်မှ သူ(မ)ရဲ့ ပင်ကိုယ်အလှတစ်ခုထဲနဲ့တင် လီကိုယ်လုပ်တော်က သူ့ကြင်ယာတော် ဖြစ်ထိုက်တယ်။ ဟုတ်တာပေါ့ လီကိုယ်လုပ်တော်က သူ့ကို ဘယ်လိုပျော်အောင် ထားရမလဲဆိုတာ ကောင်းကောင်း သိတယ်လေ။

ပုံမှန်ဆိုရင်တော့ ဘယ်လောက်ပဲ ကျီဝူကျိုး စိတ်မကြည်မလင်ဖြစ်နေပါစေ လီကိုယ်လုပ်တော်ကို မြင်လိုက်ရင် စိတ်ကျေနပ်သွားတယ်။ ဒါပေမဲ့ ဒီနေ့တော့ သူ စိတ်မကြည်လင်ရတဲ့ အဓိကအကြောင်းအရင်းက သူ(မ) ဖြစ်နေတယ်။ သူ ဘယ်လိုလုပ်ပြီး စိတ်ကြည်တော့မှာလဲ။ လီကိုယ်လုပ်တော်က စွပ်ပြုတ်ကို ဆက်သလာတယ်။
“ အရှင်မင်းကြီး သောက်ကြည့်ပါဦး ”

အနည်းငယ် သောက်လိုက်ပြီးနောက် မျက်နှာသေကြီးနဲ့

“ အိုက်ဖေး ပင်ပန်းသွားရပြီ ”

“ အရှင်မင်းကြီးအတွက် ဒီလိုမျိုး လုပ်ပေးခွင့်ရတာနဲ့တင် ကျွန်တော်မျိုးမ ဝမ်းမြောက်မိပါတယ် ”

ကျီဝူကျိုး သူ(မ)လက်ကလေးကို ကိုင်လိုက်ပြီး

“ ငါကိုယ်တော် သိပါတယ် ”

“ နောက်ပြီးတော့ ” .... လီကိုယ်လုပ်တော်က ကျွမ်းကျွမ်းကျင်ကျင်နဲ့ပဲ ကျီဝူကျိုးပေါင်ပဲ ထိုင်လိုက်ပြီး သူ့ကို သိုင်းဖက်လိုက်ရင်း နူးနူးညံ့ညံ့လေသံလေးနဲ့

“ အရှင်မင်းကြီးက တိုင်းပြည်အတွက် နေ့တိုင်း အလုပ်တွေ ကြိုးစားလုပ်နေရတာ။ အရှင်မင်းကြီးကသာ ပိုပင်ပန်းရတာပါ။ တိုင်းပြည်ကလည်း အရေးကြီးတယ်ဆိုပေမဲ့ အရှင်မင်းကြီးရဲ့ ကျန်းမာရေးကိုလည်း ပိုပြီး ဂရုစိုက်သင့်တယ် ”

လီကိုယ်လုပ်တော် ပြောလိုက်တဲ့စကားထဲမှာ “ တိုင်းပြည်အတွက် ” ဆိုတာကိုပဲ သူ ကြားလိုက်တယ်။ ရုတ်တရက် စိတ်ထဲ “ တိုင်းပြည်အတွက် အနစ်နာခံလိုက်တယ် ” ဆိုတဲ့စကားသံကို ပြန်ကြား‌ယောင်လာတယ်။

“ ကိုယ်တော် ရုံးတော်က စာရွက်စာတမ်းတွေကို စစ်ဆေးရဦးမယ်။ အိုက်ဖေး အနားယူဖို့ ပြန်နှင့်တော့ ”

သူ့ရင်ခွင်ထဲက မိန်းမလှလေးကို အဝေးကို ဖယ်ထုတ်လိုက်တယ်။

“ အရှင်မင်းကြီး ?? ”

လီကိုယ်လုပ်တော် အံ့အားသင့်သွားပြီး ဘာဖြစ်သွားမှန်းတောင် သေချာမသိတော့ဘူး။ ဒါပေမဲ့ ဒါက သူ(မ) တွက်ထားတာနဲ့ တခြားစီ ဖြစ်နေတယ်။

“ နောက်ဆို တော်ဝင်စာကြည့်ဆောင်ကို မင်း မလာသင့်ဘူး။ ဒီနေရာက အမျိုးသမီးတွေ ဝင်ထွက်နေရမယ့် နေရာမဟုတ်ဘူး။ ”

လီကိုယ်လုပ်တော် ချက်ချင်းပဲ ဒူးထောက်လိုက်ပြီး မျက်ရည်လည်ရွဲနဲ့ အရှင်မင်းကြီးကို ကြည့်ကာ

“ ကျွန်တော်မျိုးမ တစ်ခုခု အပြစ်ပြုခဲ့မိလို့လား ”

ကျီဝူကျိုးကတော့ အေးစက်စက်နဲ့

“ ကြည့်ရတာ ကိုယ်တော် မင်းကို အတော်လေး အလိုလိုက်ထားမိတယ်နဲ့ တူတယ် ”

ခွန်းနင်နန်းဆောင်မှာတော့ ယဲ့ကျန်းကျန်းတစ်ယောက် အသေးစိတ်ရေးဆွဲထားတဲ့ သေနတ်ပုံကြမ်းကို သေချာ ကြည့်နေတယ်။ ဒီရှုပ်ထွေးပြီး အနုစိတ်ကျတဲ့ ပုံကြမ်းကိုကြည့်ရင်း သူ(မ) မျက်လုံးတွေက တောက်ပသွားတယ်။

ပုံကြမ်းကို တရိုတသေပြန်ချလိုက်ရင်း စူးဖုန့်က ပြောလာတယ်။

“ မယ်မယ် လီကိုယ်လုပ်တော်က အရှင်မင်းကြီးကို သွားတိုင်တန်းမှာ စိတ်မပူဘူးလား ”

“ တိုင်တန်းမယ် ?? ဘာကို တိုင်တန်းမှာလဲ ? တို့လုပ်ခဲ့တဲ့ထဲ ဘာအမှားမှ မရှိဘူး ”

“ ဒါပေမဲ့ .... ”

“ တကယ်လို့ သူ(မ) သွားမတိုင်တန်းဘူးဆိုရင်တောင်မှ အရှင်မင်းကြီးက တို့ကို နှစ်သက်လာမှာ မဟုတ်ဘူး ”

“ မယ်မယ် မစိုးရိမ်ဘူးလား ”

“ စိုးရိမ်တာလား .... အွန်း သိပ်စိုးရိမ်တာပေါ့ ”

ပုံကြမ်းကို ကြည့်လိုက်ရင်း

“ ဒီဟာကို မြန်မြန် အချောထည် ထွက်လာစေချင်ပြီ ”

သူတို့နှစ်ယောက်ကို ကြည့်ရင်း စူးယွဲ့တစ်ယောက် ခေါင်းခါနေမိတော့တယ်။

“ အရှင်မင်းကြီး ကြွချီလာပါပြီ ”
တံခါးစောင့် ကုန်းကုန်းက ကြေငြာလေတယ်။

ပြောလို့ပြီးတာနဲ့ တပြိုင်နက် ကျီဝူကျိုးက ရောက်နေပြီ။ ရွှေဝါရောင် တဖိတ်ဖိတ်တောက်နေတဲ့ ဝတ်ရုံတော်ကို ဝတ်ဆင်ထားတယ်။ ယဲ့ကျန်းကျန်း အမြန်ပဲ သူ့ကို အရိုအသေပေးပြီး နှုတ်ခွန်းဆက်လိုက်တယ်။ စိတ်ထဲမှာတော့ “ ဒီဘုရင် ဒီကို ဘာလာလုပ်တာလဲ ” လို့ တွေးနေမိတယ်။

ကျီဝူကျိုး သူ(မ) နန်းဆောင်ကို လှမ်းဝေ့ကြည့်တဲ့အခါ ပုံဆွဲထားတာကို တွေ့လိုက်တယ်။ အစကတော့ မိဖုရားခေါင်ကြီးက ပန်း‌တွေ တောင်တန်းတွေကို အဆွဲလေ့ကျင့်နေတယ်ထင်တာနဲ့ သေချာကြည့်ရအောင်လို့ အနားတိုးသွားလိုက်တယ်။ ဒါပေမဲ့ အနားရောက်တဲ့အခါ အဲ့ဒါက အသေးစိတ်ဆွဲထားတဲ့ သေနတ်ပုံကြမ်းမှန်း တွေ့တဲ့အခါ မျက်လုံးကို မှိတ်ထားရင်း

“ ဒီပုံကြမ်းကို ဘယ်က ရလာတာလဲ ”

“ ရှာတွေ့ခဲ့တာ ”

“အို ? ဘယ်ကလဲ ”

“ တော်ဝင်ဥယျာဉ်ထဲမှာ ”

“ မိဖုရားခေါင်ကြီး ဆိုလိုတာက ကာကွယ်ရေး ဝန်ကြီးတချို့က တော်ဝင်ဉယျာဉ်ထဲ ခိုးဝင်လာပြီး ဒီပုံကြမ်းကို မေ့ကျန်ရစ်ခဲ့တယ်ပေါ့ ”

“….”


သူ(မ) စိတ်ထဲတော့ “ ကျွန်မ ပြောချင်တာက ရှင့်ရဲ့ လုပ်ကြံပြောနိုင်စွမ်းက ကျွန်မထက် အပုံကြီး သာတယ်လို့ ” ပြောနေမိတယ်။

ကျီဝူကျိုး ခေါင်းတငြိမ့်ငြိမ့်နဲ့
“ မင်းပြောတာ အဲ့လိုပြောလာမှတော့ အဲ့လိုပဲဖြစ်မှာ သေချာပါတယ်။ ဒီကာကွယ်ရေးဝန်ကြီးတွေက ဘာမှအသုံးမကျဘူး။ ကိုယ်တော် အခုချက်ချင်းပဲ စုံစမ်းစစ်ဆေးလိုက်မယ် ”

ယဲ့ကျန်းကျန်း ချက်ချင်းပဲ ဒူးထောက်လိုက်တယ်။

“ အရှင်မင်းကြီး ! ”
“ ဒီကိစ္စက ကာကွယ်ရေးဝန်ကြီးတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်မျိုးမရဲ့ အစ်ကို ၂ နဲ့လည်း မသက်ဆိုင်ပါဘူး။”
( သူ(မ)အစ်ကိုကလည်း ကာကွယ်ရေးဝန်ကြီးတွေထဲက တစ်ယောက်ဖြစ်တယ်။ တကယ်လို့ ကျီဝူကျိုးသာ စုံစမ်းစစ်ဆေးရေး လုပ်မယ်ဆိုရင် သူ(မ)အစ်ကိုပါ ဆွဲသွင်းခံရတော့မှာပဲ ဖြစ်တယ်။ )

ဒူးထောက်နေတဲ့ ယဲ့ကျန်းကျန်းကို ကြည့်ရင်း ကျီဝူကျိုး စိတ်ကျေနပ်သွားတယ်။ နောက်ဆုံးတော့ သူ(မ) သူ့ကို ရိုကျိုးလာပြီပေါ့။

“ ဒါဆိုလည်း ပြောပါဦး။ ဒီပုံကြမ်းကို မင်း ဘယ်ကရတာလဲ။ မင်းကိုယ်တိုင် ဆွဲထားတာလို့တော့ မပြောနဲ့နော် ”

ယဲ့ကျန်းကျန်း ငိုတော့မတတ် မျက်နှာနဲ့

“ တကယ်ပါ ဒီပုံကြမ်းကို ကျွန်တော်မျိုးမကိုယ်တိုင် ဆွဲထားတာပါ ”

ပုံကြမ်းကို သူ ပြန်ကြည့်လိုက်တယ်။ ပုံကြမ်းကို သေချာဆွဲထားပေမဲ့ တချို့ရှုထောင့်တွေမှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်။ တကယ်ပဲ ဒီဟာက သင်ခါစလူတစ်‌ယောက်ရဲ့ လက်ရာပဲ။ ဒါပေမဲ့ ....

“ ဒီဟာကို ဘယ်လိုလုပ် ဆွဲတတ်တာလဲ။ ဘယ်ကနေ မှီငြမ်းစရာ ရတာလဲ ”

“ တစ်ခါတုန်းက ဝမ်းကွဲအစ်ကိုရဲ့ သေနတ်ကို ခိုးပြီး တစ်စစီဖြုတ်ကြည့်ပြီး ပြန်တပ်ကြည့်ခဲ့ဖူးပါတယ် ”

“ ဝမ်းကွဲအစ်ကို ? ” ဒါပေါ့ ယဲ့ကျန်းကျန်းရဲ့ ဝမ်းကွဲအစ်ကိုက ဘယ်သူဆိုတာ သူ သေချာပေါက် သိတာပေါ့။ တော်ဝင်ကိုယ်ရံတော်ဖွဲ့ရဲ့ ခေါင်းဆောင် လုလီ။ သုံးလေးရက်တစ်ခါ သူနဲ့တွေ့နေရတာဆိုတော့ လုလီဆီမှာ သေနတ်ရှိတယ်ဆိုတာ ကျီဝူကျိုး သေချာပေါက် သိ‌တာပေါ့။ ဒီလိုနည်းနဲ့ ယဲ့ကျန်းကျန်း သူ(မ)အစ်ကို၂သာမက လုလီကိုပါ ကယ်လိုက်နိုင်တော့တယ်။ အမှန်ကို ပြောသည်ဖြစ်စေ မဖြစ်စေ ဒီဆင်ခြေကို သုံးလိုက်တာက တကယ်ကို ပါးနပ်တယ်။

ဒါပေမဲ့ ကျီဝူကျိုးကတော့ ယဲ့ကျန်းကျန်းကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ချင်စိတ် မရှိဘူး။ စားပွဲကို လက်ချောင်းနဲ့ ဖြေးဖြေးချင်း တောက်နေရင်း

“ ဒါဆိုရင်တော့ မင်း ငါကိုယ်တော်ကို လိမ်ညာခဲ့တာပဲ ”

“ အရှင်မင်းကြီး ကျွန်တော်မျိုးမ မှားသွားပါတယ် ”

ယဲ့ကျန်းကျန်းစိတ်ထဲ နည်းနည်းတော့ ကြောက်ရွံ့သွားတယ်။ ဧကရာဇ်မင်းကို လိမ်လည်တဲ့အပြစ်က ဘယ်လောက်ကြီးလဲဆိုတာ သူ(မ) ကောင်းကောင်း နားလည်တယ်။

သူ(မ) ကြောက်ရွံ့နေတာကို မြင်ရတော့ ကျီဝူကျိုးစိတ်ထဲ နည်းနည်းပို ကျေနပ်သွားတယ်။

“ ဒါ မိဖုရားခေါင်ကြီး ပထမဆုံးအကြိမ် အမှားလုပ်မိတာဆိုတော့ ကိုယ်တော် ခွင့်လွှတ်ပေးလိုက်မယ် ”

ကျီဝူကျိုး ဒီကိစ္စကို စိတ်ထဲ မှတ်ထားလိုက်တယ်။ ဒီပုံစံနဲ့ဆို နောင်ကျ သူ(မ)လည်း သူ့အဖိုးလို ဖြစ်လာမှာ သေချာတယ်။ ( ဖြုတ်ချပစ်မယ့်စာရင်းထဲမှာပေါ့ )

ယဲ့ကျန်းကျန်း ကြည် ညိုလေးစားတဲ့ မျက်နှာလေးနဲ့ သူ့ကို ကြည့်လိုက်ရင်း

“ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ”

“ ကောင်းပြီ မင်းထလို့ရပြီ ”

ကျီဝူကျိုးပြောပြီးတဲ့နောက် ပုံကြမ်းဆီကို အကြည့်ပြန်လွှဲလိုက်တယ်။

အရှင်မင်းကြီး တကယ် လိုချင်တာ ဘာလဲ စိတ်ထဲ ခန့်မှန်းရင်း ယဲ့ကျန်းကျန်း သူ့ကိုသာ လိုက်ကြည့်နေမိတယ်။ သူ(မ) ဘက်က လှမ်းကြည့်တဲ့အခါ နှာတံမြင့်မြင့် ရုပ်ချောချော‌ နဖူးမြင့်မြင့်နဲ့ အလွန် ကြည့်ကောင်းတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရတယ်။ မျက်တောင်တွေကလည်း ရှည်လျားထူထဲပြီး အသားအရည်ကလည်း ချောမွေ့နေတယ်။

တော်တော် ခန့်တာပဲ။ ယဲ့ကျန်းကျန်း တွေးလိုက်မိတယ်။

“ မင်းဆွဲထားတာ အမှားတွေ အများကြီး ပါနေတယ် ”

“ ဘယ်နားမှာလဲ ”

ယဲ့ကျန်းကျန်း ပုံကြမ်းကို ကြည့်ဖို့ အမှတ်တမဲ့ အရှေ့ကို ငုံလိုက်တဲ့အခါ ရင်ဘတ်က တစ်လက်မလောက် ပေါ်သွားတယ်။ သူ(မ)ကတော့ သတိမထားမိဘူး။

“……..”

ကျီဝူကျိုး တခြားဘက်ကို အမြန် အကြည့်လွှဲလိုက်ပြီး

“ နေရာ တော်တော်များများပဲ ”

တဖြေးဖြေးချင်း ပြင်လိုက် ဖျက်လိုက်နဲ့ နောက်ဆုံးမှ အချောသတ် ပုံကြမ်းကို ရလာပြီး သေနတ်ထုတ်လို့ရတော့မယ်လို့ သူ(မ) ထင်နေခဲ့တာ။ ဘယ်သူကသိမှာလဲ ဒါက အချောသတ်ပုံကြမ်းဖြစ်ဖို့ အဝေးကြီးလိုသေးတယ်ဆိုတာ။

“ ငါကိုယ်တော့်ဆီမှာ သေနတ် အချောသတ်ပုံကြမ်းတွေ အများကြီး ရှိတယ် ”

ယဲ့ကျန်းကျန်း မျက်ဝန်းတွေ တောက်ပသွားပြီး

“ ကျွန်တော်မျိုးမကို ပြပေးလို့ရမလား အရှင်မင်းကြီး ”

ကျီဝူကျိုးကတော့ အောင်နိုင်သူအပြုံးကြီးနဲ့

“ သေချာပေါက် .... မရဘူး ”

ယဲ့ကျန်းကျန်း နောက်ဆုံးတော့ နားလည်သွားပြီ။ သူ ဒီနေ့ ဒီကိုရောက်လာတာက သူ(မ)ကို တမင် စိတ်တိုအောင် ရန်စဖို့ သက်သက်ကိုး။

သူ ပြောလိုက်တဲ့အချိန် ယဲ့ကျန်းကျန်းရဲ့ မျက်နှာက ယင်ကောင်မြိုချမိသလိုဖြစ်သွားတာ တွေ့ရတော့ ရုတ်တရက် ကျီဝူကျိုးစိတ်ထဲ နည်းနည်း ပျော်သွားတယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now