Empress with No Virtue
Chapter 19
Translator – Utopia
အရိုက်ခံရပြီးတဲ့နောက်မှာတော့ မက်သရူးလည်း နန်းတော်ထဲကို ထပ်အခစားမဝင်ရဲတော့ဘူး။
ကျီဝူကျိုးက ယဲ့ကျန်းကျန်းအတွက် နောက်ထပ် အနောက်တိုင်းသားကို ရှာပေးထားတယ်။ ဒီတစ်ခါ ရှာလာတဲ့သူက ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးပဲ။ အဲ့လူက အသက်ကြီးပိုင်းရောက်တဲ့အပြင် ဝတ်ရုံအနက်ကို ခါးပတ်ကြိုးမပါဘဲ ဝတ်ဆင်ထားပြီး စိပ်ပုတီးကို လည်ပင်းမှာ ဆွဲထားတယ်။ သူ့ဆံပင်က ထူထဲပြီး မုတ်ဆိတ်မွှေးတွေကလည်း သိုးလိုပဲ သူ့မျက်နှာကိုတောင် ကွယ်တော့မယ်။ သူ့ကို ကြည့်လိုက်တာနဲ့ “ တကယ်လို့ မင်း အပြစ် တစ်ခုခု လုပ်မိခဲ့ရင်တောင်မှ စိတ်မပူပါနဲ့ ဘုရားသခင်က မင်းကို ထာဝရ ခွင့်လွှတ်ပေးမှာပါ” ဆိုတဲ့ ပုံ တန်းပေါ်တယ်လို့ ကျီဝူကျိုး တွေးမိတယ်။
ဒီအတွက်တော့ ကျီဝူကျိုး သူ့ကို ခွင့်လွှတ်ပေးလိုက်ပြီး ယဲ့ကျန်းကျန်းနဲ့ မိတ်ဆက်ပေးလိုက်တယ်။ ဒီတစ်ယောက်က မက်သရူးနဲ့ ယှဉ်လိုက်ရင် ကြည့်ကောင်းတဲ့အထဲ မပါတဲ့အပြင် သူ့ကို ကြည့်ရင်လည်း ပါးသိုင်းမွှေးတွေကြားထဲက မျက်နှာကို မနည်း ပြူးပြဲရှာကြည့်ရတယ်။
“ သူ လမ်းလျှောက်တဲ့ပုံစံက အိတ်ကြီးတစ်လုံးက မကောင်းဆိုးဝါးဖြစ်လာပြီး လမ်းလျှောက်နေသလိုပဲ ”
ဒါက သူ့အပေါ် ယဲ့ကျန်းကျန်းရဲ့ ပထမဆုံး ထင်မြင်ချက်ပေ။
ယဲ့ကျန်းကျန်းစကားကြောင့် ကျီဝူကျိုး ပါးစပ်ကနေ လက်ဖက်ရည်တွေတောင် ပြန်ထွက်ကျလာတယ်။ အဲ့အချိန်ကစပြီး အဲ့ခရစ်ယာန်ဘုန်းတော်ကြီး လမ်းလျှောက်တာကို မြင်တိုင်း ယဲ့ကျန်းကျန်းပြောတဲ့ လမ်းလျှောက်နေတဲ့အိတ်ကြီးဆိုတာကို ကျီဝူကျိုး သွားသွားတွေးမိနေတော့တယ်။ အဲ့ဒါက ချွတ်မရတဲ့ ကျိန်စာတစ်ခုလိုပဲ။
မစ္စတာမုတ်ဆိတ်မွှေးကို မစ္စတာတု လို့ခေါ်တယ်။ ယဲ့ကျန်းကျန်းကလည်း သူ့ကို အဲ့အတိုင်းပဲ ခေါ်တယ်။ ပြောရရင် မက်သရူးထက်တောင်မှ မစ္စတာတုကို ယဲ့ကျန်းကျန်း ပိုသဘောကျတယ်။ သူက စာဖတ်တတ်တဲ့အပြင် သိထားတာတွေလည်း အများကြီးပဲ။ အထူးသဖြင့် သူတို့ အစားအသောက် အတူစားဖြစ်တဲ့အခါမျိုးမှာ သူ ဘယ်လိုမျိုး မုတ်ဆိတ်မွှေးတွေနဲ့ မထိအောင် ကြိုးစားပြီး ပါးစပ်ထဲ ထည့်စားလည်းဆိုတာပေါ့။
ရက်အနည်းငယ်လောက် စူးစမ်းပြီးတဲ့နောက်မှာ ယဲ့ကျန်းကျန်းက သဘောကျတယ်ဆိုတာကို တွေ့ရတဲ့အခါ ကျီဝူကျိုးလည်း စိတ်ကျေနပ်သွားတော့တယ်။ ဒီလိုဆို ဒီကိစ္စက ဒီမှာတင် ပြီးပြတ်သွားပြီပဲလို့ ကျီဝူကျိုး တွေးလိုက်တယ်။
ဒါပေမဲ့ ယဲ့ကျန်းကျန်းကတော့ အဲ့လို မဟုတ်ဘူး။ သူမက စိတ်သဘောထား သေးသိမ်တဲ့သူမျိုးတော့ မဟုတ်ပေမဲ့ မေတ္တာတရားကြီးမားပြီး အကုန်လုံးကို ခွင့်လွှတ်ပေးတတ်တဲ့သူမျိုးလည်း မဟုတ်ချေ။ ဒါ့ကြောင့်မို့ ကျီဝူကျိုးက ဘယ်လောက်တောင် ကိုယ့်ဘက်ပဲ ကိုယ်ကြည့်ပြီး အပြစ်မရှိတဲ့ မက်သရူးကို သူ အပြစ်ပေးခဲ့တာကို သူမ မမေ့ပေ။ သူမ အလှည့်ကျတဲ့အခါကျ ကောင်းကောင်း ပြန်တွယ်ရမယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမ အိပ်ပျော်သွားတဲ့အချိန် တစ်စုံတစ်ယောက်က ခေါင်းအုံးလာပေးသွားတယ်။ ဒီရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင်း ယဲ့ကျန်းကျန်းကတော့ ကျီဝူကျိုးကို ရယ်လို့ မဆုံးတော့ဘူး။
ဇာတ်လမ်းကို ပြန်ပြောရရင် ရှေ့ရက်အနည်းငယ်လောက်တုန်းက ယဲ့ကျန်းကျန်းရဲ့ မိသားစုဝင် အမျိုးသမီးတွေကို လာရောက်လည်ပတ်ခွင့် ပြုခဲ့တယ်။
ယဲ့ကျန်းကျန်းရဲ့ အဖွား၊ အမေနဲ့ ယောင်းမ နှစ်ယောက်တို့ နန်းတော်ထဲကို အခစား ဝင်ခဲ့ကြတယ်။ သူမရဲ့ တတိယအစ်ကိုက အိမ်ထောင်မကျသေးချေ။
လောင်ဖုရန်ကြီးက ယဲ့ကျန်းကျန်းက ဧကရီမိဖုရားခေါင် ဖြစ်နေပြီဆိုတာကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ တွေ့တာနဲ့ သူ့မြေးမလေးကို ဖက်ပြီး မနားတမ်း ငိုပါတော့တယ်။ ကျန်တဲ့ မိသားစုဝင် ၃ယောက်ကလည်း လိုက်ငိုကြတာပေါ့။ အားလုံးထဲမှာ ယဲ့ကျန်းကျန်းရဲ့ အမေကတော့ အငိုဆုံးပဲ။ ယဲ့ကျန်းကျန်းလည်း ဘာလုပ်လို့ ဘာကိုင်ပေးရမလဲ မသိတော့ဘူး။ နောက်ဆုံးကျမှ သူတို့ ဘေးကပါလာတဲ့ အစေခံတွေရဲ့ အကူအညီနဲ့ အငိုတိတ်အောင် ဖျောင်းဖျပေးနိုင်တော့တယ်။ ပြီးတဲ့နောက် သူတို့တွေ စကားစမြည် ပြောကြတာပေါ့။
မိန်းမတွေဆိုတာကလည်း ထုံးစံအတိုင်းပေါ့ လူစုံရင် ဘယ်မိသားစုကတော့ ဘယ်လို ဘယ်ဝါ ပြောကြတာပေါ့။ ဒီလိုနဲ့ ပြောကြရင်း အကြောင်းအရာက မယ်တော်ကြီးရဲ့တူမ စေ့စပ်ပွဲ ဖျက်လိုက်တဲ့အကြောင်းဆီ ရောက်သွားတယ်။ သူမနာမည်က ရွှီဝေ့ရုံဖြစ်ပြီး ယဲ့ကျန်းကျန်းနဲ့ ရွယ်တူပဲ။ သူမကို တခြားမိသားစုက သားတစ်ယောက်နဲ့ စေ့စပ်ပေးထားတာ။ ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ မင်္ဂလာဆောင်ခါနီးမှ စေ့စပ်ပွဲ ပျက်သွားပြီဆိုတဲ့ သတင်းက ထွက်လာတယ်။
“ သမီးကြားတာတော့ ကောင်လေးဘက်က ရောဂါကြီးကြီးမားမား ရှိနေလို့ မင်္ဂလာပွဲနား နီးလာတဲ့အခါ ရွှီဝေ့ရုံကို ငဲ့ပြီး ဖျက်ပေးလိုက်တာဆို .... ။ သူက ဘယ်လိုရောဂါကို ရနေတာမို့လို့လဲ ”
ယဲ့ကျန်းကျန်းက မေးလိုက်တယ်။
“ အဲ့ဒါက ဘာရောဂါမှ မဟုတ်ဘူး ”
သူမရဲ့ ယောင်းမအကြီးက ဆိုလာတယ်။
“ သူက နောက်ကောင်မလေးတစ်ယောက်နဲ့ ကျိတ်ပုန်းခုတ်နေတာ ”
“!!!”
ယဲ့ကျန်းကျန်း အံ့ဩပြီး ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။
“ တကယ်လား ?? ဒါပေမဲ့ အဲ့လိုသာ တကယ်ဖြစ်ခဲ့တာဆို မိသားစုဘက်က ဖုံးထားမှာပေါ့။ ဘယ်လိုလုပ် သူများတွေ ရှာတွေ့သွားတာလဲ ”
“ နံရံတွေမှာ နားတွေရှိတဲ့ဆိုတဲ့စကားက အမှန်ပဲ ”
သူမ အမေက ဆိုလာတယ်။
ယဲ့ကျန်းကျန်း သူမ ပါးစပ်ကို လက်နဲ့ ပိတ်လိုက်ရင်း ခေါင်းယမ်းကာ
“ အဲ့ယောင်္ကျားက အသုံးမကျတဲ့သူပဲ။ မိသားစုဂုဏ်ကို ကျအောင်လုပ်ရုံမကဘူး အပြစ်ကင်းတဲ့ မိန်းကလေးကိုပါ သူနဲ့အတူ နာမည်ကျအောင် လုပ်ခဲ့တာပဲ ”
“ သူများကိုချည်း သနားမနေနဲ့ဦး။ ကိုယ့်ကိုယ်ကိုလည်း အရင်တွေးဦး အရူးမလေးရဲ့ ”
ယဲ့ကျန်းကျန်းအဖွားက သူမ နဖူးလေးကို တောက်ရင်း ပြောလိုက်တယ်။
“ သမီးအတွက် ? ”
“ သူမက မယ်တော်ကြီးရဲ့ တူမပဲ။ အရှင်မင်းကြီးရဲ့ ဝမ်းကွဲညီမ ”
“ .... မယ်တော်ကြီးက သူမကို နန်းတော်ထဲ ဝင်ခိုင်းမှာတော့ မဟုတ်လောက်ပါဘူးနော် ”
မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုကိစ္စမျိုး ကြုံတွေ့ရတာက တကယ် ကံမကောင်းတာပဲ။ သေချာပေါက် လူတွေကလည်း တီးတိုးစကားတွေ ပြောလာကြလိမ့်မယ်။ ဒါပေမဲ့ သူမသာ နန်းတော်ထဲ ဝင်နိုင်ခဲ့ရင် ကိစ္စက တမျိုး ဖြစ်သွားပြီ။
ယဲ့လောင်ဖုရန်ကြီးက စိတ်ပူပန်နေတဲ့ မျက်နှာနဲ့ ခေါင်းငြိမ့်လိုက်တယ်။
ယဲ့ကျန်းကျန်းလည်း နည်းနည်း ပြောစရာ စကားတောင် မရှိဘူးဖြစ်သွားတယ်။ နန်းတော်ထဲမှာ နေရတာ ဘာကောင်းတာမှ မရှိတာကို ဘာလို့ မိန်းကလေးတွေ အကုန်လုံးက နန်းတော်ထဲမှာ ဝင်ချင်နေ ကြတာလဲ။ ကျီဝူကျိုး နောက်ထပ် မိန်းမ ချောချောလှလှလေး ထပ်ရပြန်ဦးမယ်ဆိုတာကို တွေးမိတဲ့အခါ သူမ ပိုလို့တောင် ပြောစရာ စကား ပျောက်ရှသွားတယ်။
တကယ်လို့ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမသာ တစ်ခုခု လုပ်နိုင်မယ်ဆိုရင် ...
အရှင်မင်းကြီး ကြင်ယာတော်အသစ် တင်မြှောက်တဲ့ကိစ္စနဲ့ ပတ်သက်လာရင် ဧကရီမိဖုရားခေါင်မှာက လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခုထိ ရှိတယ်။ တကယ်လို့ သူမကသာ ကန့်ကွက်မယ်ဆိုရင် ကျီဝူကျိုးအနေနဲ့ အဲ့မိန်းကလေးကို နန်းတော်ထဲ ဇွတ်ခေါ်သွင်းမယ်ဆိုရင်တောင်မှ ရာထူးခပ်မြင့်မြင့် ပေးလို့ မရတော့ဘူး။ ဒါပေမဲ့ အဲ့တာတွေမတိုင်ခင် အရင်ဆုံး ကျီဝူကျိုးဆန္ဒက ဘယ်လိုရှိလဲဆိုတာ သိအောင် လုပ်ရမယ်။ ပြီးကျမှ သူ့ကို ဘက်ကန်ပြီး ဆန့်ကျင်ဘက်လိုက်လုပ်ပစ်မယ်။ ဒီလိုဆိုလည်း ကောင်းတာပဲ။
********
“ အရှင်မင်းကြီး ကျွန်တော်မျိုးမ ရွှီညီမလေးရဲ့ ကိစ္စအကြောင်းကို ကြားခဲ့ရတယ်။ သူမလို မိန်းမကောင်းလေးက ဒီလိုကိစ္စမျိုး ကြုံတွေ့ရတာ တကယ် စိတ်မကောင်းစရာ တကယ် ကံဆိုးတာပဲ ”
ဒီနေ့ ခြေကျိုးနေတဲ့တစ်ယောက် နေကောင်းကျန်းမာရှိရဲ့လား သိရအောင်လို့ ခွန်းနင်နန်းဆောင်ကို ကျီဝူကျိုး ရောက်လာခဲ့တယ်။ ယဲ့ကျန်းကျန်းဆီက အမေးကို ကြားလိုက်ရတော့
“ သူမက မင်းထက် နှစ်လကြီးတဲ့ အကြီးပဲ ”
သူ့လက်ဖက်ရည်ကို အအေးခံရင်း ကျီဝူကျိုးက ဖြေးဖြေးချင်း ပြန်ပြောလာတယ်။ လက်ဖက်ရည်ခွက်က အငွေ့တထောင်းထောင်းထနေတာမို့ သူ့ရှေ့ အငွေ့တွေနဲ့ ကာသွားပြီး မြင်ရခက်သွားစေတယ်။
ယဲ့ကျန်းကျန်းလည်း သတိမထားမိဘဲ သူမ နှာခေါင်းကို တို့လိုက်ရင်း
“ ရှေ့ရက်တုန်းက အမေက သူမအကြောင်းကို ပြောတာ ကြားခဲ့သေးတယ်။ သူမ လိမ္မာလှပပြီး ပါရမီရှိတဲ့ မိန်းကလေးပဲ ”
“ ဒီကိစ္စနဲ့ ပတ်သက်ပြီး မယ်တော်က ကိုယ့်ကို ပြောပြထားတယ် ”
ငါသိသားပဲ ! ယဲ့ကျန်းကျန်း မျက်လုံးက အရောင်တောက်သွားပြီး
“ ဒီလိုဆို အရှင်မင်းကြီးကကော ဘယ်လိုသဘောရလဲ ”
ကျီဝူကျိုး လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး
“ ဒီလိုကိစ္စမျိုးက ဧကရီပဲ ကြည့်ပြီး တာဝန်ယူလိုက်လို့ ရတယ်။ ကိုယ့်ကို မေးစရာ မလိုဘူး ”
“ အခုပြောနေတာက အရှင်မင်းကြီး ကြင်ယာတော် ထပ်တော်ကောက်မယ့် ကိစ္စလေ။ သေချာပေါက် အရှင်မင်းကြီးရဲ့သဘောထားကိုလည်း မေးရမှာပေါ့ ”
ကျီဝူကျိုးက ပြန်မဖြေပဲ ယဲ့ကျန်းကျန်းကို တည်တည်ငြိမ်ငြိမ်ပဲ စိုက်ကြည့်နေလိုက်တယ်။ သူ့အကြည့်က အားလုံးကို ဖောက်ထွင်းမြင်နိုင်တော့မယ့်အတိုင်းပဲ။
ယဲ့ကျန်းကျန်းကလည်း ချုံပုတ်ကြားထဲ လျှောက်သွားတဲ့နေရာမှာ တော်တဲ့သူမဟုတ်တော့ သူ့အကြည့်အောက်မှာ အပြစ်ရှိသလို ခံစားလာရပြီး ကျီဝူကျိုးရဲ့ အကြည့်ကို ရှောင်နေမိတော့တယ်။
“ သူမက ကိုယ် ငယ်ငယ်တုန်းက ကစားဖော်ပဲ။ ချစ်ဖို့တော့ ကောင်းပါတယ်။ ဒါပေါ့ ကိုယ် သေချာပေါက် သူမကို နန်းတော်ထဲ ဝင်လာပြီး ကိုယ့်ကို အဖော်ပြုပေးစေချင်တယ်။ ဧကရီ မင်း သင့်တော်သလို စီမံပါ ”
ဒါဆိုရင် သူမကို ယဲ့ကျန်းကျန်း နန်းတော်ထဲ ဝင်ခိုင်းလို့ မဖြစ်ဘူး။
ရွှီဝေ့ရုံက ကျီဝူကျိုးရဲ့ ဝမ်းကွဲညီမဖြစ်တဲ့အပြင် ကျီဝူကျိုးမှာကလည်း မောင်နှမတွေ မရှိဘူးဆိုတော့ သူတို့နှစ်ယောက်က ဆက်ဆံရေး နီးကပ်ကြမှာ အသေချာပဲ။ ဒါပေမဲ့ အဲ့တာက မောင်နှမတွေကြားက သံယောဇဉ်မျိုးပဲ။ တကယ်လို့ သူသာ ရွှီဝေ့ရုံကို နန်းတော်ထဲ ဝင်ခိုင်းရင် မောင်နှမချင်း လက်ထပ်သလိုဖြစ်ပြီး သေချာပေါက် အပြစ်ရှိသလို ခံစားရမှာပဲ။ ဒါ့ကြောင့် အမှန်တိုင်းပြောရင် သူ သူမကို နန်းတော်ထဲ မဝင်စေချင်ဘူး။
ဒါပေမဲ့ ယဲ့ကျန်းကျန်း ဘာအတွေး တွေးနေလည်းဆိုတာ ကျီဝူကျိုးက သိပြီးသား။ ဒါ့ကြောင့်မို့ တမင် ဆန့်ကျင်ဘက်ပြောလိုက်တာ။ အဲ့အကြောင်းကို တွေးမိတော့ တကယ် ဒီမိန်းကလေးက ဘယ်လို လိမ်ရမလဲ မသိဘူးပဲ။ ကျီဝူကျိုး သူမကို သူငယ်နှပ်စားလေးပါဆိုတဲ့ ပုံစံနဲ့ ကြည့်လိုက်တယ်။
မယ်တော်ကြီးက ရတဲ့နည်းအကုန်သုံးပြီး ရွှီဝေ့ရုံ နန်းတော်ထဲ ဝင်နိုင်ဖို့ ကြိုးစားနေတယ်။ ဧကရီမိဖုရားခေါင်ကလည်း ရတဲ့နည်းအကုန်သုံးပြီး ရွှီဝေ့ရုံ နန်းတော်ထဲ ဝင်မလာနိုင်အောင်လို့ လုပ်နေတယ်။ ဒီအကြောင်းအရာက နန်းတော်ထဲမှာ အတင်းအဖျင်းပြောစရာ သတင်း ဖြစ်လို့နေတယ်။
ကျီဝူကျိုးကတော့ မိန်းမချောလေးကို ပိုင်ဆိုင်ရဖို့ မစောင့်နိုင်တော့ပါဘူးဆိုတဲ့ မျက်နှာပေးနဲ့ ဘေးကနေ ပွဲကြည့်နေတယ်။ တစ်ခါတလေတော့ ယဲ့ကျန်းကျန်း လုပ်နေတာတွေကို သူ မှတ်ချက်ပေးတတ်တယ်။ ကျီဝူကျိုး ယဲ့ကျန်းကျန်း ခေါင်းလေးကို တောက်လိုက်ရင်း ပြောလိုက်တယ်။
“ မနာလိုတတ်တဲ့ ဇနီးပဲ ”
ဒီသတင်းက နန်းတော်ထဲ မြန်မြန် ပျံ့သွားပြီး ယဲ့ကျန်းကျန်းလည်း မနာလိုနေတဲ့ဇနီးဆိုတဲ့ဘွဲ့ ရသွားတော့တယ်။ ဒီတစ်ခါလည်း ကျီဝူကျိုးရဲ့ ထောင်ချောက်ထဲ ကျသွားပြီလားလို့ သူမ တွေးနေမိတယ်။ ဒီမနာလိုတတ်တဲ့ဇနီးဆိုတဲ့ ပုံရိပ်ကြီးက တကယ် အတည်ဖြစ်သွားရင် သူမကို ဧကရီမိဖုရားခေါင်နေရာက ချတဲ့အခါ သူ့အတွက် ပိုလွယ်ကူလိမ့်မယ်။ ( ဟိုးခေတ်တုန်းက အမျိုးသားတွေက ကိုယ်လုပ်တော်တွေ အများကြီး ယူနိုင်ပြီး ဒါကို ပထမဇနီးက မနာလိုဝန်တို ဖြစ်နေမယ်ဆိုရင် အဲ့အတွက် ကွာရှင်းခွင့်တောင်းခံနိုင်တယ်)
ဒါကြောင့်မို့လို့ ယဲ့ကျန်းကျန်းအနေနဲ့လည်း စပြီး ချင့်ချိန်လာရတော့တယ်။
ကျီဝူကျိုးက ဘယ်လောက်တောင် အရှက်မရှိလဲဆိုရင် မနာလိုတတ်တဲ့ သူ့ဇနီးလေးက အပူကပ်လွန်းလို့ သူ ကိုယ်လုပ်တော် ထပ်ယူမယ့်ကိစ္စကို မလုပ်တော့ဘူးလို့ ကြော်ငြာလိုက်တဲ့အချိန် အရင်က သူ့ဘက်က မဟုတ်တဲ့သူတွေတောင် သူ့ဘက်ကနေ ရပ်တည်လာကြတယ်။
ရှန်ကိုယ်လုပ်တော်က သူမအမြင်ကို ပြောပြတယ်။
“ အနောက်နန်းဆောင်ရဲ့ ကိစ္စတွေက ဧကရီမိဖုရားခေါင်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ဆိုပေမဲ့လည်း ကျွန်တော်မျိုးမက အနောက်နန်းဆောင်ကိစ္စတွေအတွက် တာဝန်ယူပေးထားတယ်ဆိုမှတော့ မျှမျှတတဖြစ်အောင်လို့ စကားနည်းနည်း ပြောပါရစေ ”
ရှန်ကိုယ်လုပ်တော်ကလည်း သူမအကြံနဲ့သူမ ရှိတယ်။ ရွှီဝေ့ရုံ နန်းတော်ထဲဝင်လာတာက သူမရဲ့အနေအထားကို ထိခိုက်စေလိမ့်မယ်ဆိုပေမဲ့လည်း အရှင်မင်းကြီးက သဘောကျနေတယ်ဆိုမှတော့ နောက်ဆုံးကျ အဲ့မိန်းကလေးက နန်းတော်ထဲ ဝင်လာဖြစ်သွားမှာပဲ။ ဆိုတော့ကာ ဘာလို့ သူ့ကိုကူပြီး မျက်နှာသာရအောင် မလုပ်ရမှာလဲ။
ယဲ့ကျန်းကျန်းလည်း မနာလိုတတ်တဲ့ဇနီးဆိုတဲ့ ဂုဏ်ပုဒ်ကြီး ဆက်ပြီး အတပ်မခံချင်တော့တာနဲ့ ဒီတစ်ခါ သူမလည်း ဘာမှ ထပ်ပြီး ပြောမနေတော့ဘူး။
ကျီဝူကျိုး :…………………………
ဒီတစ်ခါတော့ ကျီဝူကျိုး ကျောက်တုံးယူပြီး သူ့ခြေထောက်ကို သူ ထုမိသွားတာပဲ။ ယဲ့ကျန်းကျန်းကို ဘယ်လိုဒုက္ခပေးရမလဲ တွေးနေရင်း နန်းတော်ထဲမှာ နောက်ထပ် ပါးနပ်တဲ့မိန်းကလေးတစ်ယောက် ရှိသေးတယ်ဆိုတာ သူ မေ့သွားတယ်။ ဒါပေမဲ့ ... ရှန်ကိုယ်လုပ်တော် ... ဒီတစ်ခေါက် သူမက သိပ် သိပ်ကို ပါးနပ်လွန်းသွားတယ်။
ယဲ့ကျန်းကျန်းလည်း စိတ်ကျသွားတယ်။ သူမ နောက်ဆုံး သဘောတူလိုက်တာတောင်မှ သူက ဘာလို့ မပျော်နိုင်သေးတာလဲ။ ဒီငနဲကို ပျော်အောင်လုပ်ဖို့ တယ်ခက်တာပဲကိုး။
သူမ အခု ခွန်းနင်နန်းဆောင်မှာ ရှိနေပြီး ပုံတွေနဲ့ ပြည့်နှက်နေတဲ့စားပွဲကို မျက်နှာမူထားတယ်။ တစ်ကြိမ် တစ်ချက်ထက်ပိုပြီး ပစ်နိုင်တဲ့ သူမရဲ့သေနတ်ပုံတွေပဲ ဖြစ်တယ်။ ဒီအကြောင်းကို လူတွေအများကြီးဆီ ပြောပြခဲ့ပေမဲ့ ဘယ်သူမှ မယုံကြဘူး။ ကျီဝူကျိုးတောင်မှပေါ့။
ဒါက ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းလေးတစ်ပုဒ်ပဲလို့ ယဲ့ကျန်းကျန်း တွေးမိတယ်။
ကျီဝူကျိုး သူမကို အခု ကြည့်နေမိတယ်။ ရှန်ကိုယ်လုပ်တော် ဝင်စွက်ဖက်တဲ့ကိစ္စကြောင့် သူ့ပုံစံက နည်းနည်း ပင်ပန်းနေပုံပေါ်တယ်။ ဒါ့ကြောင့်မို့ စိတ်အခြေအနေက ကောင်းမနေဘူး။ သူလည်း သူ့ကိုယ်သူ ဘာလို့ ခွန်းနင်နန်းဆောင်ကို ရောက်လာခဲ့မိလဲ မသိတော့ဘူး။ ဒီမိန်းကလေးက သူ့ကို ပျော်အောင်လုပ်ပေးဖို့ နေနေသာသာ သူ့ကို ပြဿနာရှာဖို့ပဲ တွေးနေတဲ့ဟာကို။
“ အရှင်မင်းကြီး အခုရက်ပိုင်း အလုပ်မများဘူးလား ”
ယဲ့ကျန်းကျန်းက မေးလာတယ်။
ရုတ်တရက် ကျီဝူကျိုး တခြားတစ်ခုကို သတိရသွားတယ်။
“ မင်း အမြဲတမ်း တခြားသူတွေကို ကျောက်စိမ်းဖားပြုပ်ရုပ် ပေးတတ်တာလား ”
အခုတလော သူ့ကိုယ်လုပ်တော်တွေဆီကနေ ဧကရီမိဖုရားခေါင်က သူတို့ကို ကျောက်စိမ်းဖားပြုပ်ရုပ် ချီးမြှင့်လိုက်တယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ ဒီရုပ်ထုက ကောင်းခြင်းမင်္ဂလာကို နမိတ်ဆောင်တဲ့ရုပ်ထုဖြစ်တာကြောင့် သူတို့ မငြင်းနိုင်ဘူး။ ဒါပေမဲ့ အဲ့ဒါတွေကို ရပါများလာတာတောင်မှ သူတို့တွေ ကြည့်မိတိုင်း ကြက်သီးမွေးညင်းထမိဆဲပဲ။ ဝမ်ကျောင်းရိက အဲ့ရတနာကျောက်စိမ်းဖားပြုပ်ကြီးကို အိပ်ရာဘေးမှာ ထားတတ်တယ်။ ဘယ်လောက်ဆိုးလဲဆိုရင် အဲ့ညက ကျီဝူကျိုး အိပ်မက်ထဲတောင် ဖားပြုပ်ကြီးပါလာတယ်။
ညတိုင်း ဖားပြုပ်ရုပ်ကြီးနဲ့ အခြောက်ခံနေရတာက သူ့ရဲ့အိပ်ရာထက်က ကိစ္စနဲ့ပါ သက်ဆိုင်လာတယ်။ အိပ်ရာပေါ်က ကိစ္စကို လုပ်နေတဲ့အချိန် သူ ကောင်းကောင်း အာရုံစိုက်လို့ မရတဲ့အတွက် သူ့ခန္ဓာကိုယ်အောက်ပိုင်းကလည်း တက်ကြွတဲ့ကြက်ဖ မလုပ်နိုင်ဖြစ်လာတယ်။
သူ့ရှေ့မှာတော့ ကြင်ယာတော်တွေက ဘာမှပြန်မပြောဝံ့ပေမဲ့ နောက်ကွက်မှာတော့ အရှင်မင်းကြီးက အားနည်းနေတာမို့ အားကောင်းစေမယ့်ဟာတွေ ချက်ကျွေးဖို့ စားဖိုဆောင်ကို အရိပ်အမြွက် ပေးနေတယ်။
ဒီလိုအကြောင်းအရာက ဧကရာဇ်ရဲ့နာမည်ဂုဏ်သတင်းကို ထိခိုက်စေနိုင်တာကြောင့် စားဖိုဆောင်ကလူတွေကလည်း အရှင်မင်းကြီးရဲ့ စားတော်မှာ အာဟာရဖြစ်စေမယ့်ဟာတွေချည်း လှိမ့်ကျွေးလာကြတော့တယ်။
ဒီလိုနဲ့ ကျီဝူကျိုးကတော့ ဘာမှန်းညာမှန်းမသိ စားတာပေါ့။ တစ်ခါတလေဆို သူ ညလယ်ခေါင်ကြီး ထနိုးလာပြီး သူ့တစ်ကိုယ်လုံးက လောင်မြိုက်နေတယ်။ ဘာတွေဖြစ်နေတာလဲဆိုတာ ငါတို့သိဖို့လိုလာပြီ။ အခုက ဆောင်းတွင်းထဲတောင် ဝင်နေပြီဟာကို။
ကျီဝူကျိုးမေးတာကို ကြားတော့ ယဲ့ကျန်းကျန်းလည်း ခေါင်းငြိမ့်လိုက်ပြီး
“ အွန်း ”
“ ထူးထူးခြားခြား အကြောင်းပြချက် တစ်ခုခုများ ရှိလို့လား ”
“ သားသမီးတွေ များပြားစေဖို့” လို့ သူမ ပြောလို့လည်း မဖြစ်ပြန်ဘူး။ အဲ့လိုဆို အရှင်မင်းကြီးရဲ့ကလေးတွေက ဖားပြုပ်တွေလို့ ပြောသလိုနဲ့ တူနေပြီ။ စီးပွားဥစ္စာကြွယ်ဝစေဖို့လို့လည်း ပြောလို့ မရပြန်ဘူး။ ဧကရာဇ်ရဲ့မိန်းကလေးက ချမ်းသာဖို့ ထပ်လိုသေးလို့လား။ အတော်လေး စဉ်းစားပြီးတဲ့နောက်
“ အဓိပ္ပါယ်က သူတို့အားလုံးက ဖားပြုပ်တွေဖြစ်ပြီး အရှင်မင်းကြီးကတော့ ငန်းဖြူဆိုတဲ့ သဘောကို ပြောတာပါ”
癞蛤蟆想吃天鹅肉 က ငန်းဖြူသားကို စားချင်နေတဲ့ ဖားပြုပ်ဆိုတဲ့ အဓိပ္ပါယ်ကို ဆိုလိုတယ်။ ကြားရတာတော့ တမျိုးဖြစ်နေပေမဲ့ မြှောက်လုံးပင့်လုံးတော့ ဖြစ်နေဆဲပဲ။
ဒီတစ်ယောက်ကတော့ ... တကယ် သူမ မပြောရဲတဲ့စကားဆိုတာ မရှိဘူး။ ကျီဝူကျိုးက စိတ်မဆိုးတဲ့အပြင် ဆက်မေးလာတယ်။
“ ဒါဆို မင်းကကော။ မင်းလည်း ဖားပြုပ်ပဲလား ”
“ ကျွန်တော်မျိုးမက အရှင်မင်းကြီးရဲ့ ဧကရီလေ။ သေချာပေါက် ကျွန်တော်မျိုးမကလည်း ငန်းဖြူလေးပဲပေါ့ ”
ကျီဝူကျိုး ပြုံးလိုက်ရင်း
“ ဒါဆို ရှန်ကိုယ်လုပ်တော်ကကော။ သူမကလည်း ဖားပြုပ်ပဲလား ”
ရှန်ကိုယ်လုပ်တော်အကြောင်းကို တွေးမိတဲ့အခါ ရုတ်တရက် သူ့မျက်နှာက မျက်မှောင်ကျုံ့သွားတယ်။
ယဲ့ကျန်းကျန်းက သူမရဲ့ပုံတွေကို ကြည့်နေရာကနေ ကျီဝူကျိုးကို မော့ကြည့်လိုက်ပြီး
“ ရှန်ကိုယ်လုပ်တော်က လနတ်သမီးလေး ချန်အာလေ ”
“ မင်းလည်း သူမကို အဲ့လိုမြင်တာလား”
“ ဒါပေမဲ့ ပုံပြင်ထဲမှာ ပြောထားတာတော့ ချန်အာက လကနေ ထွက်ပြေးလာပြီး နောက်ဆုံးကျ ယွဲ့ကျင်းအနေနဲ့ ပြောင်းသွားခဲ့တယ်တဲ့။ ဖားပြုပ်ကို ခေါ်တဲ့ နောက်ထပ်နာမည်တစ်ခုပဲ ”
ဆိုတော့ ဖားပြုပ်ပဲပေါ့ !
သူမရဲ့ ပေါက်ကရတွေကို နားထောင်ပြီး ကျီဝူကျိုးကတော့ ရယ်လို့မဆုံးတော့ဘူး။ စိတ်ထဲလည်း နေလို့ပိုကောင်းသွားတယ်။ မကြာခင် ညစာစားချိန် ရောက်တော့မယ် သူက အခုထိ ပြန်မယ့်ပုံ မပေါ်သေးဘူး။ သူက ခွန်းနင်းနန်းဆောင်မှာပဲ ယဲ့ကျန်းကျန်းနဲ့အတူ ညစာ စားလိုက်တယ် ။
ညစာ စားပြီးတဲ့နောက် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်နေတယ်။
ယဲ့ကျန်းကျန်းစိတ်ထဲ ဒီတစ်ခါတော့ နောက်ဆုံးပဲနေမှာပါလို့ တွေးလိုက်တယ်။ ညစာ စားပြီးရင်တော့ အရင်လိုပဲ သူ ပြန်သွားလိမ့်မယ်။ ဒါပေမဲ့ ကျီဝူကျိုးကြည့်ရတာ ပြန်မယ့်ပုံကို မပေါ်ဘူး။ နောက်ဆုံးကျ ယဲ့ကျန်းကျန်းလည်း ဖုန့်ရိုးတျယ်ကို လှမ်းခေါ်ကာ
“ ဖုန့်ရိုးတျယ် နာမည်ကတ်ပြားဗန်းကို ယူလာခဲ့ချေ။ အရှင်မင်းကြီး နာမည်ကတ်ပြားတွေကို မလှန်ရသေးဘူး”
“ မလိုတော့ဘူး ”
ဖုန့်ရိုးတျယ်က သူ့ကို လှမ်းကြည့်ရုံပဲ ရှိသေး ကျီဝူကျိုးက လှမ်းတားလိုက်တယ်။
ယဲ့ကျန်းကျန်း စိတ်ထဲ မကောင်းတဲ့အာရုံတွေ ရနေတယ်။
“ အရှင်မင်းကြီး အပြင်ကို လမ်းလေးဘာလေး လျှောက်ဖို့ မထွက်တော့ဘူးလား ”
ကျီဝူကျိုးက သူမကို လှမ်းကြည့်လိုက်တယ်။ သူ့မျက်နှာက ပြုံးတုံ့တုံ့နဲ့
“ ဧကရီ မင်းပဲ ပြောတယ်လေ ကိုယ်တို့က ငန်းစုံတွဲဆို။ မင်း ကိုယ့်ကို ဖားပြုပ်တွေဆီ သွားစေချင်နေတာလို့တော့ မပြောနဲ့နော် ”
YOU ARE READING
ရွှေနန်းထက်က ဧကရီ
Randomရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧကရီမိဖုရားခေါင်ဖြစ်လာခဲ့တယ်။ မင်္ဂလာဦးညမှာပဲ သူမ ဧကရာဇ်ကို အိပ်ရာပေါ်ကနေ ကန်ချလိုက်ပြီး ဧကရာဇ်ကလည်း က...