Chapter 30

2K 221 2
                                    

Empress with No Virtue
Chapter 30
Translator – Utopia

လီကိုယ်လုပ်တော်က နည်းနည်း တုံးတယ်ဆိုပေမဲ့လည်း အရူးတော့ မဟုတ်ဘူး။ ဒါ့အပြင် သူမဘက်မှာ အကြံပေးနေတဲ့ ဖန်ချွမ်းလည်း ရှိတာမို့ ရွှီချိုင်ရန်နဲ့ ပတ်သက်လာရင် သူမ သတိထားဆက်ဆံတယ်ဆိုရမယ်။

အထူးသဖြင့် ရွှီချိုင်ရန်က မယ်တော်ကြီးရဲ့ လက်အောက်ကလူဆိုတဲ့အခါမျိုးမှာပေါ့။

ရွှီချိုင်ရန်ကလည်း သူမ ရည်ရွယ်ချက်ကို ဖုံးကွယ်မနေဘဲ

“မယ်မယ်နဲ့ ပတ်သက်ပြီး ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မရှိပါဘူး။ ဒီအတိုင်း ကျွန်တော်မျိုးမ လက်စားပြန်ချေချင်ရုံတင်”

အေးစိမ့်နေတဲ့ဆောင်းတွင်းကြီးမှာ သူမ ဒူးထောက်အပြစ်ပေးခံရတဲ့နေ့ကို လီကိုယ်လုပ်တော် မှတ်မိတယ်။ ဒါ့ကြောင့်မို့ နည်းနည်း ယုံစပြုလာပြီး မေးလိုက်တယ်။

“ အကူအညီတောင်းလို့ ရတဲ့သူတွေ အများကြီးရှိတဲ့ထဲကမှ ဘာလို့ တို့ဆီ အကူအညီတောင်းရတာလဲ”

“ဘာလို့ဆို မယ်မယ်လည်း လက်စားချေချင်တယ်ဆိုတာ သိလို့လေ”

ရွှီချိုင်ရန်ရဲ့စကားက အရှိုက်ကို ထိသွားတယ်။ ဘယ်လိုမကျေမနပ်ပုံမျိုးမှ လီကိုယ်လုပ်တော် မပြပေမဲ့လည်း သူမစိတ်ထဲမှာတော့ ယဲ့ကျန်းကျန်းနဲ့ ပတ်သက်ပြီး အမုန်းတရားက ရှိနေတုန်းပဲ။ အခုနောက်ပိုင်း ကျီဝူကျိုးက ယဲ့ကျန်းကျန်းကို ဘယ်လောက်ပိုပြီး ကောင်းကောင်း ဆက်ဆံလာလဲဆိုတာအပြင် ယဲ့ကျန်းကျန်းကလည်း ပါးနပ်ပြီး ရက်စက်တဲ့သူမို့ သူမ ဇွတ်အတင်း သတိလက်လွတ် မလုပ်ရဲဘူး။ အခု ရွှီချိုင်ရန်က စကားစလာတဲ့အခါ သူမရင်ထဲက အမုန်းမီးတောက်က ပြန်တောက်လောင်လာတယ်။

“ နင့်မှာ အကြံအစည်ကောင်းတစ်ခုခု ရှိလို့လား”

“အခု ဒီအကြံအစည်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရှိနေပေမဲ့ ... ကျွန်တော်မျိုးမ မယ်မယ့်ဆီက တစ်ခုလောက် ငှားစရာရှိတယ်”

“ဘာလဲ”

ရွှီချိုင်ရန်က ဘေးဘီဘယ်ညာ ကြည့်လိုက်ပြီး လီကိုယ်လုပ်တော်နားကို ကပ်ကာ ခပ်တိုးတိုး တစ်ခုခုကို ပြောလိုက်တယ်။

လီကိုယ်လုပ်တော်ရဲ့ မျက်နှာက ချက်ချင်းပြောင်းသွားပြီး သူမကို မသင်္ကာတဲ့အကြည့်မျိုးနဲ့ ကြည့်လိုက်တယ်။

“အဲ့ပစ္စည်းက တို့ဆီရောက်နေတယ်ဆိုတာ နင် ဘယ်လိုသိတာလဲ”

“ မမ စိတ်မပါပူနဲ့။ ကျွန်မလည်း မတော်တဆ သိခဲ့ရတာရယ်”

“အဲ့လိုဆို နင် လုပ်ချင်တာက ဘာလဲ”

ရွှီချိုင်ရန်က လီကိုယ်လုပ်တော်ကို အကြံအစည်နဲ့ ပတ်သက်ပြီး စ ရှင်းပြတော့တယ်။ လီကိုယ်လုပ်တော်ကတော့ သူမ ပြောတာကို ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေတယ်။

ဒီနေ့ ကောင်းကင်က ရှင်းလင်းနေပြီး လေဖြူးဖြူး တိုက်နေတယ်။ ရာသီဥတုကောင်းပဲ။ ယဲ့ကျန်းကျန်း သူမနဲ့အတူ လူတချို့ခေါ်ပြီး ယင်းဟွာခန်းမဆောင်မှာ စွန်လွှတ်နေတယ်။ ဒီနေရာက အစကတော့ ဗုဒ္ဓဘာသာဝင်တွေ ရှိခိုးဝတ်ပြုဖို့အတွက်ပဲ။ ဒါပေမဲ့ ဘာကြောင့်ရယ်မသိ မယ်တော်ကြီးက ဒီနေရာကို မလာတော့ဘူး။ ဒီလိုနဲ့ ဒီနေရာလည်း တဖြေးဖြေး စွန့်ပစ်နေရာလို ဖြစ်လာပြီး သန့်ရှင်းရေးလုပ်ဖို့ အမွှေးတိုင်ထွန်းဖို့အတွက် အစေခံတွေနဲ့ကုန်းကုန်းတချို့လောက်ပဲ အရောက်အပေါက် ရှိတော့တယ်။

ယဲ့ကျန်းကျန်း အပြင်ဘက်မှာ စွန်လွှတ်ရင်း ကစားနေတယ်။ အပြင်က ရယ်မောသံတွေကို ယင်းဟွာခန်းမဆောင်ထဲကသူတွေလည်း ကြားရတယ်။ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ကြီးမားတဲ့ ခြင်္သေ့ကြီးတစ်ကောင် ပျံနေတာကို တွေ့လိုက်ရတယ်။ ခြင်္သေ့ကို အသေးစိတ် ပုံဖော်ဖန်တီးထားပြီး မာန်အပြည့်နဲ့ ဝင့်ကြွားနေတယ်။ ကြည့်ရတဲ့သူတွေအဖို့ ကမ္ဘာမြေဆီ နတ်ဘုရားတွေ စေလွှတ်လိုက်တဲ့ ဒဏ္ဍာရီလာသတ္တဝါအလား အောက်မေ့ရတယ်။

ကျီဝူကျိုးလည်း သူတို့နဲ့ သိပ်မဝေးတဝေးမှာ ရပ်ရင်း ကောင်းကင်ကြီးကို ကြည့်နေတယ်။ သူတို့ကြားမှာ တံတိုင်းတစ်ခုပဲ ခြားတယ်။

ယဲ့ကျန်းကျန်း ခြင်္သေ့ရုပ်စွန်ကို သိမ်းလိုက်ပြီး နောက်ထပ် ငှက်လူသားပုံစံ စွန် အသစ်တစ်မျိုးကို ထုတ်လိုက်တယ်။ ဒီလိုငှက်လူသားမျိုးကို အနောက်တိုင်းမှာတော့ တမန်တော် (Angel) လို့ ခေါ်ကြတယ်။ ရွှေရောင်ဆံနွယ်၊ ဖြူဖျော့တဲ့အသားအရည်၊ အနောက်ဘက်မှာ တောင်ပံတစ်စုံရှိပြီး သိပ်လှသိပ်ချစ်ဖို့ကောင်းတယ်။ အဝတ်အစားမဝတ်ထားဘဲ ကိုယ်လုံးတီးနဲ့ အစိတ်အပိုင်းတစ်ချို့ကိုသာ လက်ယှက်ပြီး ဖုံးကွယ်ထားတယ်။ ဘာအဝတ်အစားမှ မဝတ်ထားပေမဲ့လည်း ကလေးပုံတော့ကာ ဘယ်သူမှ ထွေထွေထူးထူး တွေးမနေတော့ဘဲ မျက်လုံးအဝိုင်းသားနဲ့သာ စွန်ကို ကြည့်နေကြတယ်။

အခု စွန်ရဲ့ကိုယ်က လိမ်ဖယ်သွားတာမို့ မျှချေ ပျက်သွားပြီး ကြိုးကို ထိန်းပေမဲ့ အပေါ်ကို မတက်ဘူး ဖြစ်နေတယ်။ ယဲ့ကျန်းကျန်း ကြိုးအသစ်လဲပြီး အတော်လေး လုပ်ကြည့်လိုက်တော့မှ နောက်ဆုံးတော့ စွန်က ကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။ ဒါပေမဲ့ စွန်ကြိုးပျက်ကျသွားတယ်။

စွန်က လေထဲ အတော်လေးတော့ ပျံလိုက်ပေမဲ့ ယင်းဟွာခန်းမဆောင်ရဲ့ အဓိကဂိတ်ပေါက်အပေါ်ဆုံးမှာ ပြုတ်ကျသွားတယ်။

ယဲ့ကျန်းကျန်း လှည့်ပြီး စွန်ရှိရာကို ကြည့်လိုက်တယ်။ ထို့နောက် ဂိတ်ရဲ့အမြင့်ကို တွက်ကြည့်ပြီး သူမကိုယ်တိုင် မတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမ ခြေထောက်တွေက အခုမှ ပြန်ကောင်းလာတာ။ သူမ အရဲစွန့်လို့ မဖြစ်ဘူး။ ယဲ့ကျန်းကျန်း အစေခံတွေကို တစ်ချက်ကြည့်လိုက်ပြန်တော့ အားလုံးက သူမသာ ကိုယ်အသုဘတွေကြီးပဲ။

ကျီဝူကျိုးမြင်တဲ့အခါ ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပြီး သူမဆီ လာမလို့ ဟန်ပြင်လိုက်ချိန်မှာ သူမက တစ်နေရာရာကို ကြည့်ပြီး ခေါ်လိုက်တဲ့အသံကို ကြားလိုက်ရတယ်။

“ဗိုလ်မင်း လု ဒီကိုလာခဲ့ပေးပါဦး”

လုလီ ခပ်သွက်သွက် လျှောက်လာပြီး

“မယ်မယ့်ကို နှုတ်ခွန်းဆက်သပါတယ်”

ယဲ့ကျန်းကျန်း ပြုံးလိုက်ပြီး သူမလက်ကို ယမ်းကာ

“သွား ဟိုက စွန်လေး ပြန်ယူပေးပါလား”

“ဟုတ်ကဲ့”

ပြောပြီးရုံရှိသေး လူက အပေါ်ကို တက်နှင့်ပြီးသွားပြီ။ လူတွေ လစ်ကနဲ ဘာဖြစ်သွားမှန်း မသိလိုက်ဘဲ ပြန် အာရုံစိုက်ကြည့်လိုက်တဲ့အချိန် လုလီက တံတိုင်းရဲ့ အပေါ်ဆုံးကို ရောက်နေပြီ။

လုလီ စွန်ကို ပြန်ယူလာပေးပြီး ယဲ့ကျန်းကျန်းဆီ ပြန်ဆက်သလိုက်တယ်။ စူးယွဲ့က ယူမလို့ တွေးနေတုန်းရှိသေး ယဲ့ကျန်းကျန်းက သူမထက် ခြေတလှမ်းမြန်ကာ စွန်ကို ယူပြီးသွားပြီ။ ပန်းလေးတစ်ပွင့်လို ပြုံးရင်း

“ကျေးဇူးတင်ပါတယ်”

“ကျွန်တော်မျိုး မခံယူဝံ့ပါဘူး”

ယဲ့ကျန်းကျန်း စွန်ကို ကိုင်ထားရင်း လုလီကို ကြည့်ကာ မေးလိုက်တယ်။

“လည်ပင်းက ဒဏ်ရာက ဘယ်လိုကနေ ရတာလဲ”

“မယ်မယ့်ကို ပြန်လျှောက်တင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လေ့ကျင့်ရင်း နည်းနည်း ခိုက်မိသွားရုံပါ”

ယဲ့ကျန်းကျန်းက မျက်မှောင်ကျုံ့လိုက်ပြီး

“ဗိုလ်မင်း လုက အရှင်မင်းကြီးကို ကာကွယ်ဖို့ သိုင်းပညာကို လေ့ကျင့်နေတာ။ ဒီလိုသစ္စာရှိမှုမျိုးက ဆုချသင့်တယ်။ ဝမ်ရိုးချိုင် သွား ခွန်းနင်နန်းဆောင်ကနေ ဟွားယွီဆေးနှစ်ကို ယူပြီး ဗိုလ်မင်း လုကို ဆုချလိုက်”

“ကျေးဇူးတင်ပါတယ် မယ်မယ်”

လုလီက ထပ်ပြီး ဒူးထောက်လိုက်တယ်။ သူမက ငုံ့ကြည့်နေပြီး သူမမျက်နှာက နူးနူးညံ့ညံ့ ပြုံးနေခဲ့တယ်။ ဒီအပြုံးကို သူတို့နား ခပ်လှမ်းလှမ်းက ရပ်နေသူကလွဲရင် ကျန်တဲ့ ဘယ်သူမှ မတွေ့လိုက်ကြဘူး။

ကျီဝူကျိုး အံကြိတ်လိုက်တယ်။ သူ့အကြည့်တွေက သိပ်ကြောက်စရာကောင်းတာပဲ။

ထို့နောက် ကန်ချင်းနန်းဆောင်က ကုန်းကုန်းတစ်ယောက် ပြေးလာပြီး

“အရှင်မင်းကြီး ! အရှင်မင်းကြီး!”

ဖုန့်ရိုးတျယ်က သူ့ကို သတိထား‌ဖို့ လက်ဟန်ပြလိုက်တယ်။ ဒီတော့ ထိုကုန်းကုန်းလည်း ပါးစပ်ကို ပိတ်ကာ ပြေးလာပြီး လျှောက်တင်တယ်။

“အရှင်မင်းကြီး မကောင်းတော့ဘူး”

“ဘာကိစ္စဖြစ်လို့လဲ”

ဖုန့်ရိုးတျယ်က မေးလိုက်တယ်။

“ဝမ်ကျောင်းရိ ကိုယ်ဝန်ပျက်ကျလို့”

ဝမ်ကျောင်းရိက ယွီဟွားနန်းဆောင်မှာ နေထိုင်တယ်။ ဒီနန်းဆောင်က အနောက်နန်းတော်ထဲ ပို တိတ်ဆိတ်ပြီး လူမသိသူမသိ နေရာလို့ ပြောလို့ရတယ်။ ဝမ်ကျောင်းရိ ကိုယ်ဝန်ပျက်ကျတယ်ကြားတာနဲ့ ယဲ့ကျန်းကျန်းလည်း ချက်ချင်းပဲ အပြေးရောက်လာတယ်။ ဒါပေမဲ့ ပုံမှန်ထက်ပိုပြီး လူပိုစုံနေသလိုပဲ။ မသိရင် သူမ ရောက်လာတာကို စောင့်နေသလိုမျိုး။

ယဲ့ကျန်းကျန်းစိတ်ထဲ မကောင်းတဲ့ခံစားချက်ကြီးရနေတယ်။ ဘာလို့ဆို မယ်တော်ကြီးတောင်မှ ဒီနေရာကို ရောက်နေလို့။

ကျီဝူကျိုး ယဲ့ကျန်းကျန်းဘက်က ရပ်တည်မှာကို မယ်တော်ကြီး စိတ်ပူနေမိတယ်။ ဒါ့အပြင် ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး။ သူမ ရောက်လာပြီး ကိစ္စတွေကို လာကိုင်တွယ်တာက ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။

ယဲ့ကျန်းကျန်း တံခါးကနေ ခြေတလှမ်းပဲ ချရသေး မယ်တော်ကြီးက အော်ငေါက်လိုက်တယ်။

“ကောက်ကျစ်တဲ့မိန်းမ ! အခုချက်ချင်း ဒူးမထောက်သေးဘူးလား”

“မယ်တော် စိတ်လောနေပါပြီ။ ကျွန်တော်မျိုးမရဲ့ ခြေထောက်နောက်တစ်ချောင်းတောင် အခန်းထဲ ခြေမချရသေးဘူး”

ယဲ့ကျန်းကျန်း ပြုံးလိုက်ပြီး အခန်းထဲ ရှိတဲ့သူတွေ အကုန်လုံးကို နှုတ်ဆက်လိုက်တယ်။ မတ်တတ်ရပ်နေရင်းနဲ့ပဲ

“ဘယ်သူကများ မယ်တော့်ကို ဒေါသထွက်စေတာလဲ မသိဘူး”

“နင် မေးရဲသေးတယ်ပေါ့။ ငါ မေးမယ်၊ နင် ဘာလို့ ဝမ်ကျောင်းရိကို ဒုက္ခပေးရတာလဲ။ နေ့တိုင်းနေ့တိုင်း သားတော်ဧကရာဇ် သားယောက်ျားလေး တစ်ယောက် နှစ်ယောက်လောက် ရဖို့ ဆုတောင်းနေခဲ့ရတာ။ ဒါပေမဲ့ ဒီလောက်နှစ်တွေအကြာကြီးအတွင်းမှာ ပန်းတွေသာ ပွင့်ပြီး အသီးမတင်ခဲ့ဘူး။ ဝမ်ကျောင်းရိ ကိုယ်ဝန်ဆောင်ထားတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ နင်က မလိုမုန်းထားစိတ်နဲ့ သူမအသက်ကိုတောင် ရန်ရှာရဲတယ်ပေါ့!”

မယ်‌တော်ကြီးပြောတာကို ကြားရုံနဲ့ ဘာတွေဖြစ်နေတာလဲဆိုတာ သူမ သဘောပေါက်လိုက်ပြီ။ ဧကရီတစ်ယောက်အနေနဲ့ သူမဘဝကလည်း တနေ့တမျိုး မရိုးရဘူး။ တစ်ခုခု ဖြစ်တာနဲ့ သူမကိုပဲ ခေါင်းတည်တော့တာပဲ။ သူမ တစ်ပတ်ဝေ့လျှောက်လိုက်ပြီး အကြည့်က ကျီဝူကျိုးဆီ ရပ်တန့်သွားတယ်။ သူ ဘာမှတော့ ဝင်မပြောပေမဲ့ မျက်နှာက အတော့်ကို စိတ်အခြေအနေ မကောင်းနေတဲ့ပုံ ပေါ်တယ်။ ကြည့်ရတာ ကလေးကို ဂရုတော့ စိုက်တဲ့ပုံပဲ။ သူမ တွေးလိုက်တယ်။

ယဲ့ကျန်းကျန်း အေးစက်စက် ရယ်လိုက်ရင်း

“ ဒီစကားတွေက ... ကျွန်တော်မျိုးမ အပြစ်မခံယူဝံ့ပါဘူး။ မယ်တော် နေ့တိုင်း ဆုတောင်းဝတ်ပြုနေပေမဲ့ ကွမ်ရင်မယ်တော်က အရှင်မင်းကြီးကို ကောင်းချီးပေးပုံမပေါ်ဘူး။ ဖြစ်နိုင်ချေက နှစ်ခုပဲ ရှိတယ်။ ကွမ်ရင်မယ်တော်က အစွမ်းမထက်ဝာာ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် မယ်တော့်နှလုံးသားက စိတ်ရင်းမမှန်လို့ပဲ။ ကျွန်တော်မျိုးမနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်မျိုးမက ဝမ်ကျောင်းရိကို ထိခိုက်အောင် လုပ်တယ်လို့ မယ်တော်ပြောတယ်နော်။ ဘယ်လိုသက်သေများ ရှိလို့ပါလဲ”

“ဒါပေါ့ သက်သေရှိတာပေါ့။ ငါကော သားတော်ဧကရာဇ်ကောက အပြစ်မရှိတဲ့သူကို စွပ်စွဲမှာ မဟုတ်ဘူး။ သမားတော် !”

“ရှိကြောင်းပါ”

သမားတော်ငယ်တစ်ယောက်က ဝင်လာပြီး

“ဧကရီ၊ မယ်တော်ကြီးနဲ့ အရှင်မင်းကြီးတို့ကို ပြန်လည်လျှောက်တင်ပါတယ်။ ဝမ်ကျောင်းရိက ထိတ်လန့်သွားပြီး သွေးတွေအများကြီး ဆုံးရှုံးထားတာကြောင့် ကိုယ်ဝန်မမြဲနိုင်တော့တာပါ။ ပုခုံးက ဒဏ်ရာက သေနတ်နဲ့ ပစ်ခံထားရတာဖြစ်ပြီး ကျည်ဆံက အရေပြားအောက်ကို ဖောက်ဝင်သွားတာမို့ ဖယ်ထုတ်ကုသဖို့ လိုအပ်ပါတယ်”

ယဲ့ကျန်းကျန်း မျက်စိမှိတ်ချလိုက်တယ်။

“နင် ကြားတယ်မလား !”

မယ်တော်ကြီးက ဒေါသတကြီးနဲ့ စားပွဲခုံကို ထုလိုက်ပြီး

“ဒီနန်းတော်တစ်ခုလုံးမှာ သေနတ်နဲ့ ကစားနေတာ နင်ပဲ ရှိတယ်။ နင်မှ မဟုတ်ရင် ဘယ်သူဖြစ်ဦးမှာလဲ”

တကယ်တော့ သေနတ်ရှိတဲ့သူက ယဲ့ကျန်းကျန်းတစ်ယောက်တည်း မဟုတ်ဘူး။ ရာထူးကြီးတဲ့ အစောင့်ရဲမက်တွေမှာလည်း ရှိတယ်။ လုလီမှာလည်း ရှိတယ်။ သူ့လက်အောက်ကသူတွေဆီမှာလည်း ရှိတယ်။ ဒီအချက်အတိုင်း လိုက်မယ်ဆို သံသယဖြစ်စရာ နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က ဒီနေရာကို လုံခြုံရေးတာဝန်ယူပေးရတဲ့ ခေါင်းဆောင်ရှောင်း နဲ့ အနောက်နန်းဆောင်ထဲ ဘယ်နေရာမဆို သွားလာခွင့် ရ ထားတဲ့ လုလီ။

ကျီဝူကျိုး ယဲ့ကျန်းကျန်းကို ကြည့်လိုက်ရင်း ဒီအချက်ကို ထောက်ပြဖို့ မျှော်လင့်နေတယ်။

ဒါပေမဲ့ သူမက မလုပ်ခဲ့ဘူး။ သူမနှုတ်ခမ်းကိုပဲ ကိုက်ကာ မေးလာတယ်။

“မျက်မြင်သက်သေကော ရှိလား”

မျက်မြင်သက်သေလည်း အဆင်သင့်ပဲ။ ဝမ်ကျောင်းရိရဲ့ အစေခံနန်းတွင်းသူက ထွက်လာပြီး လျှောက်တင်တယ်။ ဒီနေ့ ဝမ်ကျောင်းရိ ရှန်ကိုယ်လုပ်တော်ကို နှုတ်ဆက်ပြီးအပြန် ၁၅နာရီ ၂၀မိနစ်မှာ သူမ ယွီဟွားနန်းဆောင်တံခါးဝကို ရောက်‌ရောက်ချင်းပဲ ပုခုံးကို သေနတ်နဲ့ ပစ်ခံလိုက်ရတယ်။ သူမ လန့်သွားပြီး အော်လိုက်ရင်း နေရာမှာတင် မေ့လဲသွားတယ်။ နောက် ဘာဆက်ဖြစ်လဲဆိုတာကတော့ အားလုံးသိတဲ့အတိုင်းပဲ။

“၁၅နာရီ ၂၀ဆိုတာ သေချာလား ”

ယဲ့ကျန်းကျန်း မေးလိုက်တယ်။

“မယ်မယ့်ကို လျှောက်တင်ပါတယ်။ အတိအကျမဟုတ်ရင်တောင်မှ အဲ့အချိန်ဝန်းကျင်မှာပါပဲ”

“တိုက်ဆိုင်လိုက်တာ။ ၁၅နာရီ ၂၀ မှာ ငါ စွန်လွှတ်နေတာ။ ဘယ်လိုလုပ် ယွီဟွားနန်းဆောင်ကို လာချိန်ရှိမှာလဲ”

လီကိုယ်လုပ်တော်က ပြောလာတယ်။

“ဒီလိုကိစ္စမျိုးဆိုတာ သေချာပေါက် ဧကရီမိဖုရားခေါင်ကိုယ်တိုင် ဘယ်လုပ်ပါ့မလဲ”

“ဒီလိုဆို ...”

ယဲ့ကျန်းကျန်း ဒူး‌ထောက်‌နေတဲ့ အစေခံကို ကြည့်လိုက်ပြီး

“ဘယ်ကုန်းကုန်းလဲဆိုတာ သေချာရှင်းရှင်းလင်းလင်း မြင်လိုက်လား”

“မယ်မယ့်ကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုးမတို့လည်း လန့်ဖြန့်ပြီး သခင်မကိုပဲ အာရုံထားမိနေတာကြောင့် သတိထားမိတဲ့အချိန် ဘယ်ကုန်းကုန်းလဲဆိုတာ သေချာ မမြင်လိုက်ပါဘူး”

ကြည့်ရတာ ယဲ့ကျန်းကျန်းအဖို့ စွပ်စွဲတာကို ချေဖျက်ဖို့က ခက်မယ့်ပုံပဲ။

ဒါပေမဲ့ တကယ်တော့ ဒီမှာရောက်နေတဲ့သူတွေထဲ သူမနဲ့ ကျီဝူကျိုးကတော့ တခြားတစ်ခုကို သိနေကြတယ်။ သူမမှာ သေနတ်ရှိတယ်ဆိုတာ ဟုတ်ပေမဲ့ ကျည်ဆံတော့မရှိဘူး။ သေနတ်ဒီဇိုင်းထုတ်ပေးလို့ ကျီဝူကျိုး ပျော်ရွှင်သွားပေမဲ့ ဒီလိုအန္တရာယ်များတဲ့လက်နက်နဲ့ သူမကို လျှောက်ကစားခွင့် မပြုထားဘူး။ သူမ သေနတ်နဲ့ဆော့ချင် ဆော့လို့ရတယ်။ တကယ်တော့ ပစ်မရဘူး။ ဒါ့အပြင် သူမ ကျည်ဆံတွေ မရနိုင်အောင်လို့ ကျီဝူကျိုး သူ့လူတွေကို အမိန့်ပေးထားပြီးသား။

ဆိုတော့ကာ တရားခံက သူမ ဖြစ်နိုင်ချေ မရှိပေမဲ့လည်း သက်သေက ခိုင်မာနေတော့ ကျီဝူကျိုးကပဲ သက်သေထွက်ဆိုပေးလို့ ရမှာ။ တကယ်လို့ သူသာ မလုပ်ချင်ဘူးဆို ကျန်တာက ဘာမှအရေးမကြီးတော့ဘူး။

သူမ အခန်းထဲစဝင်လိုက်ကတည်းက ကျီဝူကျိုးရဲ့တုန့်ပြန်ပုံကို ကြည့်ရင် မသိချင်ယောင်ဆောင်မယ့်ပုံပဲ။ ဒါပေမဲ့လည်း သူမ မျှော်လင့်ချက် သေးသေးလေး ထားပြီး မေးလိုက်တယ်။

“အရှင်မင်းကြီးကော တစ်ခုခု ပြောချင်တာ ရှိသေးလား”

“ကိုယ်တော်လည်း မင်းကို ဒီစကားပဲ မေးချင်နေတာ။ ဧကရီ မင်းမှာကော ပြောချင်တာ မရှိဘူးလား”

ကြည့်ရတာ သူက တကယ်ပဲ ဘေးက ပွဲကြည့်သူလုပ်မယ့်ပုံပဲ။ ယဲ့ကျန်းကျန်း သရော်လိုက်ပြီး

“ ကျွန်တော်မျိုးမမှာ အခုလောလောဆယ်တော့ ပြောစရာ မရှိပါဘူး”

“အဲ့ဒါက နင် ပြစ်မှုကို ဝန်ခံတယ်လို့ ပြောချင်တာလား”

မယ်တော်ကြီးက စိတ်မရှည်တော့တဲ့ပုံနဲ့ မေးလာတယ်။

“ကျွန်တော်မျိုးမ မလုပ်ခဲ့တဲ့အရာကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ တရားခံက ကျွန်တော်မျိုးမကို စွပ်စွဲဖို့ သေချာအကွက်ချစီစဉ်ထားတော့ကာ အချိန်တိုအတွင်းမှာ ဟာကွက်ကို ရှာနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့်မို့ ရက်အနည်းငယ် အချိန်ပေးစေချင်ပါတယ်။ ဒီအမှုကို ကျွန်တော်မျိုးမ သေချာစစ်ဆေးသွားမှာပါ”

“ဒီလိုဆို အချိန်၃ရက် ပေးမယ်။ ၃ရက်အတွင်း ဧကရာဇ်ရဲ့ ကလေး သေဆုံးရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါ ဖြေရှင်းချက် တစ်ခု လိုချင်တယ်”

“၅ရက်”

“ဒါဆိုလည်း ၅ရက်”

ယဲ့ကျန်းကျန်း တရားခံက ဘယ်သူများ ဖြစ်နိုင်မလဲ အတွေးနွံထဲနစ်ရင်း ခွန်းနင်နန်းဆောင်ဆီ ပြန်လာတယ်။ ကျီဝူကျိုးကလည်း သူမ လမ်းအတိုင်းပဲ သွားနေတော့ သူတို့နှစ်ယောက်က အတူသွားနေပုံပေါ်တယ်။ ခွန်းနင်နန်းဆောင်ရှေ့ရောက်တဲ့အခါ သူမ ကျီဝူကျိုးကို နှုတ်ဆက်ပြီး ဝင်သွားတော့မလို့ လုပ်ပေမဲ့ မထင်မှတ်ထားဘဲ သူကပါ ခွန်းနင်နန်းဆောင်ထဲ ဝင်လာပြီး ရှိတဲ့သူအကုန် ထွက်သွားဖို့ အမိန့်ပေးလိုက်တယ်။

“ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးမကို တစ်ယောက်တည်း တိုက်ခိုက်ရအောင် လုပ်ရလို့ အတော်မှ ပျော်တော်မူရဲ့လား”

ယဲ့ကျန်းကျန်းက ခနဲ့လိုက်တယ်။

ကျီဝူကျိုးက သူမမေးတာကို ပြန်မဖြေဘဲ သူမမျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ကာ မေးလိုက်တယ်။

“မင်း မင်းရဲ့ဝမ်းကွဲအစ်ကိုကို သဘောကျနေတာမလား။ ဟုတ်လား မဟုတ်ဘူးလား ပြော ”


ရွှေနန်းထက်က ဧကရီWhere stories live. Discover now