Chapter 46

1.2K 132 1
                                    







ခွန်းနင်နန်းဆောင်ကို ပိုက်စိပ်တိုက်ရှာဖို့ ကျီဝူကျိုး အမိန့်ပေးလိုက်တယ်။ ဒါပေမဲ့ ဘာထူးဆန်းတာမှ ရှာမတွေ့ခဲ့ဘူး။ ဘယ်ဟာက ဖြစ်နေတာလဲ သူ နားမလည်တော့ဘူး။ အဲ့ဒီနောက် ယဲ့ကျန်းကျန်းကို မေးလိုက်တယ်။

"မင်းနဲ့ စူးယွဲ့တို့ တစ်ခုခုကို တစ်နေရာရာမှာ အတူတူထိခဲ့မိတာမျိုး ရှိလား"

ယဲ့ကျန်းကျန်း ခဏ ပြန်စဉ်းစားလိုက်ပြီးနောက် ခေါင်းခါလိုက်တယ်။

"ဟင့်အင်း"

ဒီ့နောက် ကျီဝူကျိုး စူးယွဲ့ကို မေးလိုက်တယ်။

"ခွန်းနင်နန်းဆောင်မှာ မင်းလိုပဲ ဖြစ်နေတဲ့သူ ရှိသေးလား"

ဒီတစ်ခေါက်ကျ ဘေးမှာရပ်နေတဲ့ စူးဖုန့်က ဖြေလာတယ်။

"အရှင်မင်းကြီးကို ပြန်ဖြေပါတယ်။ ကျွန်တော်မျိုးမလည်း အဲ့လိုလက္ခဏာမျိုး ရှိနေပေမဲ့ စူးယွဲ့လောက်တော့ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေမှာတော့ ဘာလက္ခဏာမှ မရှိပါဘူး"

"မင်းလည်း ဒီလိုဖြစ်နေတာဆိုရင် အဲ့တာက မင်းလည်း ဧကရီ့အခန်းထဲ အဝင်အထွက် ရှိလို့ပဲ။ တစ်ခုပဲ စူးယွဲ့က ပိုအဝင်အထွက် များတာကြောင့်မို့ပဲရှိမယ်"

ကျီဝူကျိုး ယဲ့ကျန်းကျန်းဘက် လှည့်လိုက်ပြီး

"တကယ်လို့ တစ်ယောက်ယောက်ကသာ မင်းကို အဆိပ်ခတ်ဖို့လုပ်ထားတာဆို သေချာပေါက် အဲ့တာကို မင်းအခန်းထဲ ထည့်ထားမှာပဲ"

ယဲ့ကျန်းကျန်း ခေါင်းညိတ်လိုက်တယ်။

"ကျွန်တော်မျိုးမလည်း အဲ့တာပဲ တွေးနေတာ။ ဒါပေမဲ့ ဝမ်ရိုးချိုင်နဲ့ ကျန်တဲ့သူတွေကို တစ်ခန်းလုံး မွှေရှာတာတောင်မှ ဘာမှသံသယဖြစ်စရာ ထွက်မလာဘူး"

သူတို့ စကားပြောနေတုန်း အပြင်ကနေ သမားတော်ထိုက်က ဧကရီကို စစ်ဆေးပေးဖို့ ရောက်လာတယ်။ ယဲ့ကျန်းကျန်း ကန်ချင်းနန်းဆောင်ကို ရောက်တာ ၁ရက်ကျော်သွားပြီဆိုတော့ သူမ ပိုအားအင်ပြည့်လာပြီး လန်းဆန်းလာတယ်။ သမားတော်ထိုက်က စစ်ဆေးပြီးတဲ့နောက်

"မယ်မယ် အခုတောင် အတော်လေး သက်သာနေပြီ။ နောက်နှစ်ရက်လောက်နေရင် ကောင်းသွားမှာပါ"

သူ စူးယွဲ့ကိုလည်း စစ်ဆေးပြီးနောက် ဒီအတိုင်းပဲ ပြောလာတယ်။

သူတို့ ပြန်ကောင်းလာပြီဆိုပေမဲ့လည်း ခွန်းနင်နန်းဆောင်ကိုတော့ ပြန်လို့ မရသေးဘူး။

သမားတော်ထိုက် ဆေးညွှန်းအသစ်ဖွင့်ပြီး စူးယွဲ့ဆီ ပေးလိုက်တယ်။ ထို့နောက် သူ့ဆေးသေတ္တာကို ယူပြီး ပြန်ဖို့ လုပ်လိုက်တယ်။ တံခါးနား ရောက်ခါနီးကျ

"ရိုင်းပျပြီးမေးသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ အမွှေးနံ့သာအိုးထဲ ရှို့ထားတဲ့ဟာက ဟိုင်လီရှန်းနံ့သာတုံး လား"

ကျီဝူကျိုး ပြန်ဖြေလိုက်တယ်။

"ဟုတ်တယ်၊ ခင်ဗျား သတိထားမိတာလား"

"ခွန်းနင်နန်းဆောင်မှာကော ဒါကို သုံးတာလား"

"အမှန်ပဲ"

သမားတော်ထိုက် သူ့မုတ်ဆိတ်မွှေးကို သပ်ရင်း ရေရွတ်လိုက်တယ်။

"ဆိုတော့ အဲ့လိုဖြစ်ခဲ့တာပေါ့"

"တစ်ခုခု သတိထားမိလို့လား"

"အရှင်မင်းကြီးကို ပြန်လျှောက်တင်ပါတယ်။ ဒီဟိုင်လီရှန်းနံ့သာတုံးက နန်ယန်းက ထူးခြားတဲ့နံ့သာတုံးပါ။ တော်ဝင်သမားနန်းဆောင်မှာလည်း ရှိပေမဲ့ ဘယ်သူမှ သိပ်အာရုံမထားကြဘူး။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက်ရှိတယ်။ ဒါကို ဒေသခံတွေပဲ သိကြတယ်။ မြို့တော်မှာ ဒီအကြောင်းသိတဲ့သူ သိပ်မရှိဘူး။ ကျွန်တော်မျိုးလည်း လုစုန့်ကလာတဲ့ မိတ်ဆွေတစ်ယောက်ဆီက ကြားခဲ့ရတာ"

"အို? အဲ့တာက ဘာလဲ"

သမားတော်ထိုက် ပြန်ဖြေမလာဘူး။ အဲ့အစား မေးလိုက်တယ်။

"ကျွန်တော်မျိုး ခန့်မှန်းတာ မမှားရင် အဲ့မှာ အရွက်ရှည် ပန်းအဖြူအဝါ ပွင့်တဲ့ ဥပေါက်ပင် ရှိတယ်မလား"

"ဟုတ်ပါတယ်။ ပန်းတွေလည်း ပွင့်နေတုန်းပဲ"

စူးယွဲ့က ဖြေလာတယ်။

"အဲ့တာကြောင့်ပဲ! ဟိုင်လီရှန်းနံ့သာတုံးက အဲ့ပန်းရနံ့နဲ့ ပေါင်းသွားတဲ့အခါ အဆိပ်ဖြစ်သွားတယ်။ တကယ်လို့ ကြာရှည်ရှူရှိုက်မိမယ်ဆို ခန္ဓာကိုယ်က တဖြေးဖြေး ပင်ပန်းနွမ်းနယ်လာလိမ့်မယ်။ သွေးခုန်နှုန်းမှာ အဆိပ်လက္ခဏာ မပြဘဲ ထိတ်လန့်မှုကြောင့်လိုပဲ ပြလိမ့်မယ်။ ဧကရီ အခုလိုဖြစ်ရတာက အရွက်ရှည်ပန်းဖြူဝါနဲ့ ဟိုင်လီရှန်းနံ့သာတို့ ပေါင်းသွားတာကြောင့်ပါပဲ"

သူ့စကားတွေက လူအားလုံးကို အံ့အားသင့်သွားစေတယ်။

သမားတော်ထိုက် ပြန်သွားတဲ့နောက် ကျီဝူကျိုး အားလုံးကို ထွက်သွားခိုင်းလိုက်ပြီး ယဲ့ကျန်းကျန်းကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သက်ပြင်းချလိုက်တယ်။

"ကျန်းကျန်း မင်း ဒုက္ခခံစားခဲ့ရပြီ"

ကျီဝူကျိုး အပြစ်ရှိသလို ခံစားနေရတယ်။ ဒီဟိုင်လီရှန်းက သူကိုယ်တိုင် သူမကို ပေးခဲ့တာ။ အစက သူမက လက်မခံခဲ့တာကို သူက ယူဖို့ အကြံပေးခဲ့တာ။

သိပ်မကြာသေးခင်ကပဲ ကျီဝူကျိုး တစ်စုံတစ်ခုကို သဘောပေါက်လိုက်တယ်။ ဒီအနောက်နန်းဆောင်ထဲ မိန်းမတွေ အကုန်လုံးက သူ့ရှေ့ နူးညံ့အားနည်းချင်ယောင် ဆောင်နေကြပေမဲ့ တကယ်တမ်းကျ ကောက်ကျစ်လှည့်ဖြားပြီး အဆုံးမရှိအောင် ဉာဏ်နီဉာဏ်နက် များကြတယ်။ ဒါပေမဲ့ ယဲ့ကျန်းကျန်းကကျ အပြင်ပန်းမှာ သန်မာပြီး ဉာဏ်နီဉာဏ်နက် များမယ့်ပုံ ပေါ်ပေမဲ့ တကယ်တမ်းကျ နူးညံ့ပြီး ကြင်နာတယ်။ သူများတွေ ချောက်တွန်းတာ မကြာခဏ ခံရပေမဲ့ သူမ ဘယ်သူ့ကိုမှ အသက်ရန်မရှာဖူးဘူး။
ရွှီရွှမ်ရှီလို ယုတ်မာတဲ့သူကိုတောင်မှ သူမ မသတ်ခဲ့ဘူး။ အဲ့အစား ကတုံးဖြစ်အောင်လောက်ပဲ ပြန်လုပ်ခဲ့တယ်။

ရုတ်တရက် ကျီဝူကျိုး ယဲ့ကျန်းကျန်းအတွက် စိတ်မကောင်းဖြစ်မိသွားတယ်။ သူမက တကယ် နန်းတော်ထဲမှာပဲ နေဖို့ မလိုက်ဖက်ဘူး။

ထို့နောက် ယဲ့ကျန်းကျန်းက ပြောလာတယ်။

"အရှင်မင်းကြီးပါ ဒီတစ်ခေါက်အကြံအစည်ထဲ ကျသွားတာပဲ"

အမှန်ပဲ။ ဟိုင်လီရှန်းကို မယ်တော်ကြီးဆီက သူကိုယ်တိုင် ရခဲ့တာ။ နောက်ပြီး သူကိုယ်တိုင်ပဲ ယဲ့ကျန်းကျန်းကို လက်ဆောင်ပေးခဲ့တာ။ သူ ရက်အနည်းငယ် စမ်းသုံးကြည့်ခဲ့ပြီး အနံ့လေး ကောင်းတယ်လို့ပဲ တွေးခဲ့တာ။ သူ ထောင်ချောက်ထဲ ကျသွားမယ်လို့ လုံးလုံး မထင်ထားခဲ့ဘူး။

"မယ်တော် ... မယ်တော် ... ဘာလို့ သားတော်ကို ဖိအားပေးနေရတာလဲ"

ကျီဝူကျိုး သက်ပြင်းချမိတယ်။ ယဲ့ကျန်းကျန်းရဲ့ မျက်နှာလေးကို ခပ်ဖွဖွ ပွတ်သပ်ရင်း

"ကျန်းကျန်း ဒီတစ်ခါ ကိုယ် မင်းကို ဒုက္ခခံစားစေခဲ့မိတယ်။ ကိုယ် မင်းကို အလျော်ပြန်ပေးမယ်"

"ဟင့်အင်း"

ယဲ့ကျန်းကျန်း ခေါင်းခါလိုက်တယ်။

"အရှင်မင်းကြီး ဒီကိစ္စက အဲ့လောက်ရိုးရှင်းမယ်လို့ ကျွန်တော်မျိုးမ မထင်ဘူး"

"အို?"

"ဟိုင်လီရှန်းရဲ့ဒီထူးခြားတဲ့အချက်က လျှို့ဝှက်ချက်တစ်ခုပဲ။ တော်ဝင်သမားနန်းဆောင်တစ်ခုလုံးမှာတောင်မှ သမားတော်ထိုက်တစ်ယောက်ပဲ ဒီအကြောင်းကို သိတယ်။ အဲ့တော့ မယ်တော်ကြီးက ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒါက သိပ်သံသယဖြစ်စရာကောင်းတယ်။ ဒုတိယအချက်က ဒီအကြံအစည်က သိပ်ကို သေသပ်ပြီး ကျွန်‌တော်မျိုးမတို့ နှစ်ယောက်လုံး  လိုလိုလားလားကြီး ထောင်ချောက်ထဲ ဆင်းသွားမိတာမျိုး။ တစ်ခုခုဖြစ်ရင်တောင်မှ ကိုယ့်ကိုယ်ပဲ အပြစ်တင်ရုံပဲရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်..."

ယဲ့ကျန်းကျန်း ကျီဝူကျိုးကို ကြည့်လိုက်ပြီး

"ဒီလိုအကြံအစည်မျိုးက မယ်တော်ကြီး လုပ်နိုင်မယ့်ဟာမျိုး မဟုတ်ဘူး"

သူမပြောလိုက်တာက တကယ်ကို ညင်သာပါတယ်။ အမှန်အတိုင်းပြောရရင် မယ်တော်ကြီးဉာဏ်လောက်နဲ့ ဒီလိုအကြံအစည်မျိုးကို လုပ်နိုင်မှာမဟုတ်ဘူး။

ဒါကြောင့်မို့ ဒီကိစ္စမှာ မယ်တော်ကြီး ပါနေပေမဲ့ သူမနောက်ကွယ်မှာ ပိုပါးနပ်တဲ့သူ ရှိကိုရှိလိမ့်မယ်။

ကျီဝူကျိုးက အတော်လေး ပါးနပ်တဲ့သူပဲဖြစ်တယ်။ အစကတော့ သူ ပူထူနေတာနဲ့ သေချာမတွေးကြည့်မိပေမဲ့ အခု ယဲ့ကျန်းကျန်းပြောတာကို ကြားတဲ့အခါ သူ တန်းသဘောပေါက်သွားတယ်။ ခဏတွေးတောပြီးတဲ့နောက်

"ဒီဟာကို လုစုန့်ကသူတွေပဲ သိတာ"

"ဒီနန်းတော်ထဲ လုစုန့်က လာတဲ့သူ ရှိလား"

"ရှိတယ်။ ကိုယ် နန်းတက်တဲ့နှစ်မှာ လုစုန့်က မိန်းမလှ ၁၂ယောက် ဆက်သခဲ့တယ်။ ကိုယ် ၂ယောက် ယူထားလိုက်ပြီး ကျန်တဲ့သူတွေကိုက အမတ်တွေဆီ ချီးမြှင့်လိုက်တယ်"

သူပြောတာကို ကြားတဲ့အခါ ယဲ့ကျန်းကျန်း ပြဿနာရဲ့အရင်းအမြစ်ကို နားလည်သွားတယ်။

"အဲ့နှစ်ယောက်က ဘယ်သူလဲ"

"...."

ယဲ့ကျန်းကျန်း ပြောစရာစကားတောင် ပျောက်ရှသွားတယ်။ သူ့မိန်းမတွေတောင် သူ မမှတ်မိဘူးပဲ။

တကယ်တော့ ဒီအတွက် ကျီဝူကျိုးကိုလည်း အပြစ်တင်လို့တော့ မရဘူး။ နန်းတော်ထဲ မျိုးနွယ်စုတွေ၊ တိုင်းပြည်တွေက ဆက်သလာတဲ့ မိန်းမလှတွေဆိုတာ နည်းတာမှ မဟုတ်တာ။ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းတဲ့အနေနဲ့ သူတို့ကို နန်းတော်ထဲ လက်ခံပေးရတယ်။ ကျီဝူကျိုးက မိန်းမလိုက်စားတဲ့သူ မဟုတ်သလို ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်လည်း အာရုံမရှိဘူး။ ဒါ့အပြင် သူ မှတ်မိသလောက် လုစုန့်က ဆက်သလိုက်တဲ့ မိန်းကလေးတွေက အရပ်ရှည်ရှည် အသားညိုညိုနဲ့မို့ သူ့အကြိုက်လည်း မဟုတ်ဘူး။ ဒါကြောင့် သူတို့ဆီ မသွားဖူးဘူး။

ဒီလိုနဲ့ ကျီဝူကျိုး ဖုန့်ရိုးတျယ်ကို ခေါ်လိုက်တယ်။

"အရှင်မင်းကြီး အမျိုးသမီးနှစ်ယောက်လုံးရဲ့ မျိုးရိုးက အန်းလို့ ခေါ်ပါတယ်။ ရွှမ်ရှီဘွဲ့ကို လက်ခံရရှိခဲ့တယ်။ တစ်ယောက်ကတော့ မွေးရပ်မြေလွမ်းစိတ်နဲ့ ‌ဆုံးပါးသွားတယ်။ တစ်ယောက်ကိုတော့ ချိုင်ရန်အနေနဲ့ ရာထူးတိုးပေးခဲ့ပြီး ယောင်ကွမ်းနန်းဆောင်ရဲ့ ဘေးခြံဝင်းမှာ နေထိုင်ပါတယ်"

နားထောင်ရင်း ယဲ့ကျန်းကျန်း သက်ပြင်းချမိတယ်။

"တကယ်ကို ဝမ်းနည်းစရာဘဝနဲ့သူပဲကိုး"

ကျီဝူကျိုး အန်းချိုင်ရန်ကို ချက်ချင်းပဲ ဆင့်ခေါ်လိုက်တယ်။

"မင်း ဧကရီကို ထိခိုက်စေခဲ့တဲ့အပြစ်နဲ့ တစ်ကိုယ်လုံး အပြစ်ပေးတာ မခံရချင်ဘူးဆို အမှန်အတိုင်း ဖြေတာ ကောင်းမယ်။ ဒီဟိုင်လီရှန်းအကြောင်း ဘယ်သူသိသေးလဲ"

ဘာတွေဖြစ်နေမှန်း အန်းချိုင်ရန် မသိဘူး။ ဒါပေမဲ့ သူမ ကြောက်ကြောက်လန့်လန့်နဲ့ ကြမ်းပြင်မှာ ဒူးထောက်ရင်း စကားတောင် မပြောရဲဘဲ ကျီဝူကျိုးနဲ့ ယဲ့ကျန်းကျန်းကိုပဲ ကြည့်နေတယ်။

အဲ့အစား ယဲ့ကျန်းကျန်းက ပြောလာတယ်။

"တစ်ယောက်ယောက်က ငါ့ကို ထိခိုက်စေဖို့ ဟိုင်လီရှန်းနဲ့ ရွက်ရှည်ပန်းဖြူဝါကို အတူတွဲထားခဲ့တယ်။ နင် မဟုတ်ဘူးဆိုတာ ငါ သိတယ်။ ဒါကြောင့်မို့ ဒီတခြားကို သိတဲ့သူ တစ်ယောက်ယောက်ရှိတယ်ဆိုရင် ငါနဲ့အရှင်မင်းကြီးကို နင် ပြောပြရုံပဲ။ နင် အမှန်အတိုင်း မပြောဘူးဆို ငါလည်း နင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

"အရှင်မင်းကြီးကို ပြန်ဖြေပါတယ်။ အဲ့တာက ... ရှန်ကိုယ်လုပ်တော်ပါ"

သူမ ကိစ္စကြီး တစ်ခုခုထဲ ရောပါသွားပြီဆိုတာ သိလိုက်တာကြောင့် မျက်ရည်တွေနဲ့ ဖြေလာတယ်။

"ကျွန်တော်မျိုးမ ယောင်ကွမ်းနန်းဆောင်မှာ နေတာ အကြာကြီး ကြာခဲ့ပါပြီ။ ဒါပေမဲ့ နန်းတော်ထဲ ဘယ်သူနဲ့မှ မရင်းနှီးဘဲ ကျွန်တော်မျိုးမခြံဝင်းထဲ လာလည်တဲ့သူလည်း မရှိပါဘူး။ ရှန်ကိုယ်လုပ်တော် နန်းတော်ထဲ ဝင်ပြီးနောက်မှာ သူမ ကျွန်တော်မျိုးမဆီ နှစ်ကြိမ်လာလည်ခဲ့ပြီး စကားစမြည် ပြောဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့‌ မွေးရပ်မြေက ထူးခြားတဲ့အကြောင်းကို ကျွန်တော်မျိုးမ ပြောပြခဲ့ပါတယ်။ ဒီဟိုင်လီရှန်းအကြောင်းကို ရှန်ကိုယ်လုပ်တော်ကိုပဲ ကျွန်တော်မျိုးမ ပြောဖူးတာပါ"

ယဲ့ကျန်းကျန်း ပြုံးလိုက်တယ်။

"ဒီရှန်ကိုယ်လုပ်တော်က ဘယ်လိုလူကောင်းလုပ်ရမလဲ တကယ် သိတာပဲ"

နန်းတော်ထဲ ဘယ်သူကိုမဆို သူမ ပျော်ရွှင်အောင် လုပ်နိုင်တယ်။ အားလုံးက သူမရဲ့ ကိုယ်ကျင့်တရားကို ချီးကျူးကြတယ်။

ကျီဝူကျိုး မျက်နှာက ဒေါသဖြစ်နေတဲ့ပုံကို ပြောင်းသွားတယ်။

"တကယ်ပဲ သူမ ဖြစ်နေတာကိုး"

အန်းချိုင်ရန်ကို နန်း‌ဆောင်ထဲ ပြန်လိုက်ပို့ဖို့ စူးယွဲ့ကို ယဲ့ကျန်းကျန်း အမိန့်ပေးလိုက်တယ်။ နောက်ပြီး သူမကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောဖို့ မှာလိုက်တယ်။ ယဲ့ကျန်းကျန်း ဒီအခြေအနေကို နားလည်ပေးလို့ရပါတယ်။ ရှန်ကိုယ်လုပ်တော်က ပုံမှန်ဆို လူချစ်ခံရတဲ့သူဖြစ်ပြီး သူမပုံစံကလည်း အမြဲတမ်း လောကီနွံထဲ မပတ်သက်တဲ့ နတ်သမီးလိုပုံလေး။ ဒါ့အပြင် ဖန့်ရှိုးချင်းရဲ့ သမီးလည်း ဖြစ်နေပြန်တယ်။ သူမကို ကောက်ကျစ်ပြီး ဉာဏ်များတဲ့ မိန်းမ‌တစ်ယောက်မှန်း သိလိုက်ရတဲ့အခါ ဘယ်ယောကျာ်းမှ ယုံနိုင်မှာ မဟုတ်ဘူး။

ကျီဝူကျိုး ယဲ့ကျန်းကျန်းကို ပြန်ကြည့်လိုက်တယ်။

"ကျန်းကျန်း ဒီတစ်ခါတော့ မင်း သူမကို ဘယ်လိုပဲလုပ်ချင်ချင် ကိုယ် မင်းကို ကူညီပေးမယ်"

"ကျွန်တော်မျိုးမက သူမကို ဘာလုပ်နိုင်မှာမို့လို့လဲ"

ယဲ့ကျန်းကျန်း ပြန်မေးလိုက်တယ်။ ရှန်ကိုယ်လုပ်‌တော်ရဲ့ ဒီအကြံအစည်က သိပ်ကို သေသပ်ပြီး ဘာဟာကွက်မှ မရှိဘူး။ လူတွေက လိုလိုလားလားကြီး ထောင်ချောက်ထဲ ဝင်မိပြီး ဒီလိုနည်းနဲ့ သူမက အလွတ်ထွက်သွားလို့ ရတယ်။ တကယ်လို့ သူမ အပြစ်ပေးခံရမယ် ဆိုရင်တောင်မှ အရှေ့မှာ မယ်တော်ကြီးက ရှိနေသေးတယ်။ ယဲ့ကျန်းကျန်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။

ယဲ့ကျန်းကျန်း ရှန်ကိုယ်လုပ်တော်ကို ချီးကျူးမိတယ်။ သိပ်ကို သေသပ်လွန်းတဲ့အကြံပဲ။ သူမတောင်မှ ဒီလိုအကြံမျိုးကို တွေးတတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှန်ကိုယ်လုပ်တော် ဘယ်လောက်ပဲ တွက်ပြီး ကြံပါစေ၊ ယဲ့ကျန်းကျန်းက သရဲမကြောက်တတ်တဲ့သူဆိုတဲ့အချက်ကို သူမ လွတ်သွားတယ်။ နောက်ပြီး ဟိုင်လီရှန်းအကြောင်း သမားတော်ထိုက် သိတယ်ဆိုတာကိုလည်း သူမ သိမှာ မဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ ရှန်ကိုယ်လုပ်တော် ဒီကိစ္စကနေ အလွတ်ရုန်းလို့ ရသွားပြီး ယဲ့ကျန်းကျန်းကတော့ ဒုက္ခခံရုံပဲ ရှိတော့တယ်။

ယဲ့ကျန်းကျန်း ဒီကိစ္စကို လျှော်ပေးလိုက်ဖို့ ဆုံးဖြတ်ထားပေမဲ့ ကျီဝူကျိုးကတော့ အတွေးမတူဘူး။ ယောကျာ်းလေးတွေက သူတို့သိက္ခာကို အရမ်းဂရုစိုက်ကြပြီး၊ ဧကရာဇ်တစ်ပါးဖြစ်တာကြောင့် သူ့သိက္ခာက လွယ်လွယ်နဲ့ သွားထိပါးလို့ ရတဲ့အရာ မဟုတ်ချေ။ ဒီတစ်ခါ သူ့ပဏာမဇနီးကို ဒုက္ခပေးဖို့ သူ့မယ်တော်နဲ့ ကိုယ်လုပ်တော်က ပေါင်းကြံခဲ့တယ်။ ယဲ့ကျန်းကျန်း အသတ်ခံရလုနီးနီး ဖြစ်ခဲ့ပြီး သူ့မိန်းကလေးရှေ့ ကျီဝူကျိုးလည်း သိက္ခာကျရတယ်။ ကျီဝူကျိုး ဘယ်လိုမှ သည်းခံနေမှာ မဟုတ်ဘူး!

တစ်ယောက်ယောက်ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ဖို့်ဆို သက်သေရှိဖို့ လိုတယ်။ သူက ဧကရာဇ်ပဲဟာ သူ မလုပ်နိုင်တာ ရှိလို့လား။ ဉာဏ်နီဉာဏ်နက် များတဲ့နေရာမှာ ယဲ့ရှိုးမင်နဲ့ ဖန့်ရှိုးချင်းတောင် သူ့ကို ယှဉ်လို့ မရဘူး။ ဘာလို့ သူက အနောက်နန်းဆောင်က မိန်းကလေးတစ်ယောက်ကို ကြောက်နေရမှာလဲ။

မယ်တော်ကြီးက မွေးမိခင်ဆိုလည်း ဘာဖြစ်လဲ။ မယ်တော်ကြီးကိုတော့ ဘာမှသွားမလုပ်နိုင်ပေမဲ့ စိတ်တိုအောင်တော့ လုပ်လို့ရတယ်။ မယ်တော် နည်းပေါင်းစုံသုံးပြီး ဧကရီကို ဒုက္ခပေးဖို့ လုပ်နေတာက ဘာလို့ဆို သူမ မျိုးရိုးက ယဲ့ဖြစ်နေလို့မလား။

နောက်နေ့ရောက်တဲ့အခါ ယဲ့မုဖန်က ရှန်တုန်းကို ပြန်ရတော့မှာ ဖြစ်တယ်။ ဧကရာဇ်က ရုတ်တရက် ကိုယ်ရံတော်တပ်ဖွဲ့တစ်ဖွဲ့ကို ခမ်းခမ်းနားနား စေလွှတ်ပြီး လိုက်ပါစေတယ်။ ယဲ့မုဖန်တောင် နည်းနည်း အံ့အားသင့်သွားတယ်၊ ကျန်တဲ့သူတွေဆို ပြောမနေနဲ့တော့။ သေချာပေါက်ကို အံ့အားသင့်ပြီး လန့်ဖြန့်သွားကြတယ်။

လူတွေအနေနဲ့ ဌာနကြီး ၆ရပ်အကြောင်းကို နားလည်ထားဖို့ လိုလိမ့်မယ်။ အလုပ်ရေးရာဝန်ကြီးဌာနက ဌာနတွေထဲ အာဏာအနည်းဆုံးဌာန ဖြစ်တယ်။ အတွင်းရေးဝန်ကြီးဌာနလို လွှတ်တော်ရဲ့ လူအင်အားကို ချုပ်ကိုင်ထားတဲ့ ဌာနလည်း မဟုတ်၊ တိုင်းပြည်ဘဏ္ဍာကို စီမံခန့်ခွဲနေရတဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနလိုလည်း မဟုတ်၊ စစ်တပ်ကို ထိန်းချုပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနလည်း မဟုတ်၊ တော်ဝင်မိသားစုတွေနဲ့ တွေ့ဆုံလုပ်ကိုင်နေရတဲ့ ဓလေ့ထုံးတမ်းရေးရာဝန်ကြီးဌာနလို ဧကရာဇ်နဲ့ မကြာခဏ တွေ့ခွင့်ရတဲ့ ဌာနလည်း မဟုတ်ချေ။

ဌာနတွေထဲ အလုပ်ရေးရာဝန်ကြီးဌာနက အားအနည်းဆုံးနဲ့ အဆင်းရဲဆုံးဌာနဖြစ်တယ်။ ယဲ့မိသားစုရဲ့အာဏာကို အဲ့မှာလည်း တိုးချဲ့ဖို့ ရည်ရွယ်ချက်နဲ့ ယဲ့မုဖန်က သူ့အဖိုးပို့လို့ ဒီဌာနကို ရောက်လာခဲ့ရတာ ဖြစ်တယ်။ နောက်ပြီး သူကိုယ်တိုင်ကလည်း ဒီအလုပ်ကို စိတ်ဝင်စားတာကြောင့် မလွယ်ကူတဲ့အလုပ်ဆိုရင်တောင်မှ သူ လုပ်ချင်နေတုန်းပဲ။

ကျီဝူကျိုး အလုပ်ရေးရာဝန်ကြီးဌာနက ဝန်ထမ်းတွေကိုလည်း ချီးကျူးခဲ့တယ်။ ဝန်ကြီးတစ်ချို့က နေရာမှာတင် မျက်ရည်ကျလုနီးပဲ။

ဒါတင်မကသေးဘူး၊ ကျီဝူကျိုးက သူ့ရဲ့ကိုယ်ပိုင်ကိုယ်ရံတော်တွေကို ယဲ့မုဖန်အတွက် စေလွှတ်ပေးခဲ့ပြီး သူ့ဆံပင် တစ်မွှေးတောင် မထိခိုက်စေရ လို့ အမိန့်ပေးထားတယ်။ ဒီအကြောင်းကို လူအတော်များများ ကြားတဲ့အခါ မျက်လုံးလှန်ကုန်ကြတယ်။ စိတ်ထဲမှာလည်း တွေးနေကြတာပေါ့။ သူက ရေတမံဆောက်ခဲ့တဲ့သူလေးပဲဟာ၊ နောက်ပြီး ယဲ့ရှိုးမင်ရဲ့ မြေးလေ၊ ဘယ်သူက သူ့ကို တိုက်ခိုက်မှာတဲ့လဲ?

ယဲ့မုဖန်ကို ပို့ပြီးတဲ့နောက် ကျီဝူကျိုး ယဲ့အိမ်တော်ဆီ အလည်သွားခဲ့တယ်။ သူ့ဆရာကို နှုတ်ဆက်ဖို့နဲ့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးဖို့ ဖြစ်တယ်။ ယဲ့ရှိုးမင်ကတော့ ကျီဝူကျိုး ရောက်လာတဲ့အပေါ် သက်တောင့်သက်သာ ဖြစ်မနေဘူး။ သူ့စိတ်ထဲ အပျက်သဘောဆောင်တဲ့ အတွေးတွေပဲ တွေးမိတယ်။ နောက်ဆုံးကျ သူ့အတွေးက ဒီနေရာမှာ အဆုံးသတ်သွားတယ် : နောက်ဆုံးတော့ သူ ငါတို့အကုန်လုံးကို အဆုံးသတ်ပစ်တော့မလို့လား ...

ကျီဝူကျိုးကတော့ သူ့လုပ်ရပ်ကြောင့် ယဲ့ရှိုးမင်တစ်ယောက် ခံစားချက်တွေ မကောင်းဖြစ်သွားစေမှန်း မသိဘူးရယ်။ သူ စိတ်ကျေကျေနပ်နပ်နဲ့ ယဲ့အိမ်တော်က ထွက်လာပြီး နန်းတော်ကို ပြန်သွားတယ်။

တကယ်လည်း မယ်တော်ကြီးက ဒီသတင်းကို မြန်မြန်ပဲ သိသွားတယ်။ ကျီဝူကျိုး စစ်နင်နန်းဆောင်ကို လာပြီး သူမ ရှူးရှူးရှဲရှဲ ဖြစ်နေတာကို အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေတယ်။ ဒါပေမဲ့ ဒါက ပြဿနာကို အဆုံးသတ်ဖြေရှင်းပေးနိုင်မယ့်ဟာတော့ မဟုတ်ဘူး။ သူ့မယ်တော် ယဲ့ကျန်းကျန်းကို ဒုက္ခပေးနေတာ ရပ်ဖို့ သူ တစ်ခုခု စီစဉ်မှ ရမယ်။

ရှန်ကိုယ်လုပ်တော် အတွက်ကတော့ ... ဟင်းဟင်း ...

အဲ့နေ့မှာ ဧကရီမိဖုရားခေါင် ထိတ်လန့်မှုကြောင့် အိပ်ရာထဲ လဲနေတယ် ဆိုတဲ့ သတင်းက နန်းတော်ထဲ ချက်ချင်း ပျံ့သွားတယ်။ အစကတော့ ကျီဝူကျိုး သူမ နေမကောင်းနေတာမို့ ယဲ့အိမ်တော်ကို သွားခဲ့တယ်လို့ ထင်နေတာကြောင့် သူမ စိတ်အခြေအနေက အဲ့လောက် မဆိုးသေးဘူး။ ဒါပေမဲ့ တကယ်က ယဲ့ကျန်းကျန်းအတွက် ဆုတောင်းဝတ်ပြုပေးဖို့ ရှန်ကိုယ်လုပ်တော်ကို ကျန်းရှန်ဘုန်းကြီးကျောင်းကို ပို့ဖို့ ကြံနေခဲ့တာပဲ ဖြစ်တယ်။

ဘုန်းကြီးကျောင်းမှာ ဆုတောင်းဝတ်ပြုရမယ်ဆိုတော့ အဲ့တာက မယ်သီလရှင်နဲ့ ဘာကွာတော့လို့လဲ။ သူမဆံပင်တော့ ကတုံးမတုံးရဘူးဆိုပေမဲ့ မယ်သီလရှင်လိုပဲ ဖြစ်နေမှာလေ။ ရုတ်တရက်ချည်း ကိုယ်လုပ်တော်တစ်ပါးကို ‌ဘုန်းကြီးကျောင်းပို့လိုက်တယ်၊ တကယ်လို့ သူမ နန်းတော်ထဲ ပြန်လာဖို့ အခွင့်အရေးမရှိတော့ရင်ကော?

မယ်တော်ကြီး အတော် ‌ဒေါသထွက်နေပေမဲ့ ကျီဝူကျိုးကိုလည်း သွားငြင်းခုံလို့ မရပြန်ဘူး။ ရှန်ကိုယ်လုပ်တော်က အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်သီလကောင်းတဲ့သူအနေနဲ့ ပုံဖော်နေတာလေ။ ဒီတစ်ခါတော့ ကွက်တိဖြစ်သွားတယ်။ ဧကရာဇ်က ကိုယ်လုပ်တော်တစ်ယောက်ကို ဧကရီအတွက် နတ်ဘုရားတွေဆီ ဆုတောင်းပေးစေချင်တယ်ဆို ရှန်ကိုယ်လုပ်တော်ထက် ဘယ်သူက ပိုကောင်းနိုင်ဦးမှာတဲ့လဲ။

ဘယ်လိုပဲ ဖြစ်ပါစေ တစ်ယောက်က ဧကရီ၊ တစ်ယောက်က ကိုယ်လုပ်တော်ပဲ ရှိတာ။ တကယ်လို့ တစ်ခုခုသာ ဧကရီဆီ ဖြစ်ခဲ့ရင်၊ ကိုယ်လုပ်တော်တွေက တစ်ခုခု လုပ်ပေးဖို့ လိုအပ်လာရင် လုပ်ပေးဖို့ တာဝန်ရှိတယ်။

ဒီတစ်ကြိမ်တော့ ရှန်ကိုယ်လုပ်တော် တကယ် ကြောက်လန့်သွားတယ်။ ကျီဝူကျိုး ဒီလောက် အသည်းမာမယ်မှန်း သူမ မထင်ထားခဲ့ဖူးဘူး။ သူမ တည်ဆောက်ထားတဲ့ ကာရိုက်တာအရဆို သူမ သူ့ကို ငြင်းပစ်လို့ မဖြစ်ဘူး။ "ကျွန်မ ရှင်နဲ့ မခွဲချင်ဘူး" ဆိုတဲ့ အသည်းကွဲနေတဲ့ မျက်နှာလေးကိုသာ လုပ်ပြရင်း၊ သွားချင်တယ် မသွားချင်ဘူး တစ်ခွန်းမှ ပြန်မပြောခဲ့ဘူး။ ကျီဝူကျိုး ရုတ်တရက် စိတ်နူးညံ့သွားပြီး သူမကို ပို့ဖို့ အမိန့်တော်ကို ပြန်ရုတ်သိမ်းသွားဖို့ပဲ မျှော်လင့်နေမိတယ်။

ကျီဝူကျိုးက နှလုံးသားနူးညံ့သွား‌တဲ့ ပုံတော့ မပေါ်ဘူး။

"မင်း အရင်ဆုံး အဲ့မှာ သွားပုန်းနေဖို့ ကိုယ်တော် အကြံပေးချင်တယ်။ ဧကရီရဲ့ စိတ်နဲ့ဆို သူမ မင်းကို ကတုံးပါ တုံးပစ်လိမ့်မယ်။ မင်း နတ်ဘုရားတွေကို ဘယ်လောက်ကိုင်းရှိုင်းလဲ ပြသဖို့ဆို‌ပြီးတော့"

ဧကရီမှာ ထူးထူးဆန်းဆန်း သူများတွေကို ကတုံးလုပ်ပစ်ချင်တဲ့ ဝါသနာ ရှိမှန်း ရှန်ကိုယ်လုပ်တော်လည်း သတိထားမိတယ်။ ဒါ့ကြောင့်မို့ ရှည်ရှည်ဝေးဝေး တွေးမနေတော့ဘဲ တစ်ခါတည်း အထုပ်ဆွဲပြီး သူမ ကျန်းရှန်ဘုန်းကြီးကျောင်းကို ‌ထွက်သွားတော့တယ်။






ရွှေနန်းထက်က ဧကရီWhere stories live. Discover now