Chapter 16

2.2K 219 3
                                    

Empress with No Virtue
Chapter 16
Translator – Utopia

စက်တင်ဘာလ ၁၉ရက်နေ့  ရာသီဥတု သာယာတဲ့ နေ့တစ်နေ့ပဲ ဖြစ်တယ်။

မနက်ခင်း မိုးသောက်ချိန်မှာ ဧကရာဇ်နဲ့ မှူးမတ်တွေ ပေယန်ကို စထွက်ခွာကြတယ်။ မြို့‌တော်မှာနေတဲ့ ပြည်သူတွေကတော့ အထူးတဆန်း ကြည့်စရာတစ်ခု ရသွားတယ်။ ယဲ့ကျန်းကျန်း၊ ရှန်ကိုယ်လုပ်တော်၊ ရှီးဖေး၊ ဝမ်ကျဲယွီ၊ ဝမ်ကျောင်းရိတို့လည်း လိုက်ပါလာကြတယ်။ ယဲ့ကျန်းကျန်းကလွဲရင် ကျန်တဲ့ မိန်းကလေးတွေ အကုန်လုံးက မြင်းပဲ စီးတတ်ကြတယ်။ လေးကြိုးတောင် ဆွဲနိုင်ကြတာ မဟုတ်ဘူး။ သူတို့က ဒီအတိုင်း ပွဲကို ကြည့်ဖို့သက်သက်ပဲ ဖြစ်တယ်။

ဧကရာဇ်ရဲ့ ဇနီး ကြီးကြီး ငယ်ငယ် အကုန်လုံး ရထားလုံး ကိုယ်စီ ရှိကြတယ်။ အဲ့အထဲကမှ အကြီးဆုံးနဲ့ အခမ်းနားဆုံး ရထားလုံးကတော့ ယဲ့ကျန်းကျန်းရဲ့ ရထားလုံးပဲ ဖြစ်တယ်။ ယဲ့ကျန်းကျန်း လိုက်ကာကို မ လိုက်တယ်။ စိတ်ထဲ သာမန်ပြည်သူတွေ နိစ္စဓူဝ ဘယ်လိုနေထိုင်ကြလဲဆိုတာ မြင်ရတော့မယ်လို့ တွေးလိုက်ပေမဲ့ တကယ်တမ်းကျ သူတို့ကို ဦးညွှတ်ပြီး အလေးပြုနေကြတဲ့ ဆံပင်နက်နက်နဲ့ ခေါင်းတွေကိုသာ မြင်ရတယ်။

လုလီ မြင်းစီးပြီး ဖြတ်သွားရင်း အနောက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးနဲ့ ယဲ့ကျန်းကျန်းမျက်လုံး အကြည့်ချင်းဆုံသွားတယ်။ သူ မြန်မြန်ပဲ တခြားကို အကြည့်လွှဲလိုက်တယ်။ သူ့မျက်နှာကို ဘေးတိုက်သာ မြင်ရတော့တယ်။ လုလီက သူမကို ခပ်ရေးရေး ပြုံးပြလိုက်ပြီး ထွက်ခွာသွားတယ်။

ထွက်သွားတဲ့ သူ့ကို ကြည့်ရင်း ယဲ့ကျန်းကျန်း စိတ်ထဲ မကောင်းဖြစ်သွားတယ်။ သူမက အခုဆို ဧကရီမိဖုရားခေါင် ဖြစ်နေပြီ။ သူက သူမရဲ့ ငယ်သားပဲ။ သူတို့နှစ်‌ယောက်ကြား အများဆုံး ရင်းရင်းနှီးနှီး ဆက်ဆံနိုင်တဲ့ အတိုင်းအတာဆိုလို့ အဝေးကနေ ပြုံးပြရုံသာ ရှိတယ်။ ဒါတောင် တော်တော် လွန်နေပြီလို့ ပြောလို့ရတယ်။ အရင်ကဆို သူတို့နှစ်ယောက်က စာသင်လည်း အတူတူ၊ သိုင်းလေ့ကျင့်တဲ့အခါမှာလည်း အတူတူ ရှိခဲ့ကြတယ်။ အခုတော့ အရင်လို ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။

ခရီးမှာ လိုက်ပါလာတဲ့ အခြွေအရံတွေထဲ အခုထိ ငါ မအိုသေးတာကို ပြချင်တဲ့အတွက် ရထားလုံး မစီးဘဲ မြင်းတက်ခွနေကြတဲ့ အမတ်အိုကြီးတွေလည်း ပါနေတာကြောင့်မလို့ ခရီးက မြန်မြန် မသွားနိုင်ဘဲ ပေယန်ကို နေ့လယ်ကျမှ ရောက်တော့တယ်။

အဲ့မှာ ကြိုစီစဉ်ထားတဲ့ ပွဲအခမ်းအနားက ရှိနေတယ်။ အရှင်မင်းကြီး အမိန့်ပေးထားတဲ့အတိုင်း ဟင်းပွဲတွေကို တစ်ပွဲပြီး တစ်ပွဲ ထုတ်လာပြတယ်။ အရှင်မင်းကြီးနဲ့ မှူးမတ်တွေ အမဲလိုက်မထွက်ခင် အရင်ဆုံး နေ့လယ်စာ သုံးဆောင်ဖို့ လိုအပ်တယ်။ ယဲ့ရှိုးမင်က ရာထူးအကြီးဆုံး အမတ်ဆိုတော့ သူက အမတ်တွေရဲ့ ထိပ်ဆုံးမှာ ထိုင်ရတယ်။ ဒီလိုဆိုတော့ ယဲ့ကျန်းကျန်းအနေနဲ့ သူမအဖိုးကို ကောင်းကောင်း မြင်နိုင်ပြီ ဖြစ်တယ်။ လူအုပ်ကြီးထဲ လိုက်ရှာကြည့်ရင်း သူမရဲ့အဖေကိုတော့ တွေ့ရပေမဲ့ အစ်ကိုတွေကိုတော့ ဘယ်ရောက်နေလဲ ရှာလို့ မတွေ့ဘူးဖြစ်နေတယ်။

လှမ်းကြည့်ရုံလေးပဲ ဆိုပေမဲ့ သူမအနေနဲ့ အတော်‌လေး ပျော်ရွှင်နေမိတယ်။ သူမ ကျီဝူကျိုးနောက်ကို လိုက်လာခဲ့တာက အမဲလိုက်ဖို့ မဟုတ်ဘဲ သူမရဲ့မိသားစုတွေကို တွေ့ချင်လို့ပဲ ဖြစ်တယ်။ နန်းတော်ထဲကို ဝင်ခဲ့တဲ့အချိန်ကစလို့ သူမ မိသားစုကို ဘယ်လောက်တောင် လွမ်းရလဲ သူမမိသားစုက သူမကို ဘယ်လောက်ချစ်ကြလဲဆိုတာ သဘောပေါက်လာတယ်။ အမေနဲ့ အဖွားကို ထပ်တွေ့ခွင့်ရပါတော့မလား မသေချာဘူး။

အစားအသောက်တွေ စားရင်း အတော်လေး သောက်ပြုပြီးသွားတဲ့အချိန်မှာတော့ အမဲလိုက်ပွဲ စတင်ပြီဖြစ်တယ်။ ကျီဝူကျိုးကတော့ အမဲလိုက်တဲ့ အုပ်စုထဲ ဝင်မပူးပေါင်းသေးဘဲ စင်‌ပေါ်ကနေ မြင်းတွေကိုယ်စီနဲ့ လူငယ်တစ်စုကို လှမ်းကြည့်နေတယ်။ သူတို့အားလုံးက မှူးမတ်တွေရဲ့ သားတွေ ဖြစ်ကြပြီး သူတို့မိသားစုတွေရဲ့ အနာဂတ်ပဲ ဖြစ်တယ်။ ဒီလိုပွဲမျိုးတွေမှာ တစ်ယောက်ကို တစ်‌ယောက် အနိုင်ယူဖို့ ယှဉ်ပြိုင်နေကြတယ်။

စစ်သားအချို့က ခရာကို မှုတ်ပြီး အမဲလိုက်ပွဲကို စတင်လိုက်တယ်။ မြင်းတွေက တောထဲကို ဦးတည်ဝင်သွားကြပြီး ဖုန်တလုံးလုံးသာ ချန်ရစ်ခဲ့တယ်။ ရှန်ကိုယ်လုပ်တော်နဲ့တကွ ကျန်တဲ့သူတွေ အကုန်လုံး ထိတ်လန့်သွားကြတယ်။ နူးညံ့တဲ့ မိန်းကလေးတွေအနေနဲ့ သူတို့တွေ ဒီလိုပွဲမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးကြချေ။

ကျီဝူကျိုးက ရှန်ကိုယ်လုပ်တော်ကို စင်ပေါ်ကနေ အောက်ကို ချီလာပေးတယ်။ ဖုန့်ရိုးတျယ်က မြင်းနှစ်ကောင်ကို ကြိုပြင်ပေးထားပြီး သူတို့နှစ်ယောက်ကို စောင့်ဆိုင်းနေတယ်။ အနီရောင် သန်သန်မာမာ မြင်းက ကျီဝူကျိုးအတွက်ဖြစ်ပြီး အဖြူရောင်မြင်းကတော့ ရှန်ကိုယ်လုပ်တော်အတွက် ဖြစ်တယ်။ သူမက ကောင်းကင်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားတော့ မြင်းပေါ်မှာ တွဲတွေ့ရတဲ့အခါ နတ်သမီးတစ်ပါးလိုပဲ သူမက လှပနေတယ်။

ကျီဝူကျိုး သူမ အလှကို ကြည့်ရင်း တခဏလောက် ငေးမောသွားတယ်။ ယောင်္ကျားလေးတွေကတော့ .... ဘယ်တော့မှ ဒီမိန်းကလေးကို လှလွန်းနေတယ်ဆိုပြီး တွေးမှာ မဟုတ်ပေ။

သူ လှမ်းကြည့်နေတာကြောင့် ရှန်ကိုယ်လုပ်တော်လည်း ရှက်လာပြီး

“ အရှင်မင်းကြီး ဘာလို့ မြင်းမစီးသေးတာလဲ ”

ကျီဝူကျိုး လွှားကနဲ မြင်းကို တက်စီးလိုက်တယ်။ သူတို့နှစ်ယောက်မှာ တစ်ယောက်က မြင်းအနီရောင် တစ်ယောက်က မြင်းအဖြူ‌ရောင်နဲ့ နှစ်ယောက်ကို အတူတွဲတွေ့ရတဲ့အခါ တကယ်ကို မျက်စိပသာဒ ဖြစ်တယ်။

ယဲ့ကျန်းကျန်းလည်း သူတို့ကို လှမ်းကြည့်နေမိတယ်။ တိတိကျကျ ပြောရရင် သူမခေါင်းပေါ်က ပန်းကို လှမ်းကြည့်နေတာ။ မြင်းစီးရမှာဆိုတော့ ရှန်ကိုယ်လုပ်တော်က ရိုးရိုးရှင်းရှင်း ဆံပင်စုထုံးတဲ့ အဆင်တန်ဆာကိုပဲ သုံးထားပြီး အဆုံးနားမှာ အဝါရောင် ပန်းပွင့်လေးကို ပန်ထားတယ်။ အဲ့ဒီပန်းကို “ လင်းလင်ရှန်း ” ဒါမှမဟုတ် “ ရှင်းထို့ရှန်း ” လို့ ခေါ်တယ်။ အဲ့တာကို ခေါင်းမှာ ပန်ထားတဲ့အခါ ချွေးနံ့တွေကို ဖယ်ရှားပေးနိုင်တယ်။ ဆိုတော့ ဒီလိုပွဲမျိုးနဲ့ အလိုက်ဖက်ဆုံးပဲ။ ဒါ့အပြင် လိုလိုမယ်မယ် ကျီဝူကျိုး မြင်းစီးရတာ ပင်ပန်းတဲ့အခါ သူမနဲ့ ကိုယ်လက်နှီးနှောချင်တယ်ဆို‌ရင်လည်းပေါ့ ...

ရှန်ကိုယ်လုပ်တော်က တကယ်ကို ထောင့်စေ့အောင် တွေးတတ်တယ်ဆိုတာတော့ လက်ခံရမှာပဲ။

ဒါပေမဲ့ သူ တစ်ချက် လွတ်သွားတာက ဝါဝါတောက်တောက် ဝတ်ထားတဲ့ ကျီဝူကျိုးဘေးမှာ ပျားတူ တစ်ကောင် ရှိနေတယ်။

ဒါ့ကြောင်မို့လည်း သူမ ရှန်ကိုယ်လုပ်ရဲ့ခေါင်းကို လှမ်းကြည့်နေတာ။ ဒီပန်းက မူးယစ်နေတဲ့ ပျားတူကို ဆွဲဆောင်နေသလို ဖြစ်နေပြီး သူမခေါင်းတစ်ဝိုက်မှာ တဝီဝီ ဝဲပျံနေရင်း ပန်းရှေ့တည့်တည့် ပျံဖို့ လုပ်နေတယ်။

တကယ်လို့ ပျားတူအစား လိပ်ပြာတစ်ကောင်သာဆိုရင် ဒီမြင်ကွင်းက သိပ်ကို လှပသွားမှာ။

ရှန်ကိုယ်လုပ်တော်တစ်ယောက် တစ်ခုခု တဝီဝီ လုပ်နေတဲ့အသံကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ — အမလေး !

သူမရဲ့ သဘာဝအတိုင်း ကျက်သရေရှိတဲ့ နတ်သမီးလေးက အော်ဟစ်လိုက်ရင်း သူမလက်တွေက ဘေးကို ယမ်းရင်း ပုတ်ခါနေတယ်။ ကျီဝူကျိုးလည်း သူမ လုပ်‌တာကို ကြည့်ပြီး အံ့အားသင့်သွားတယ်။ လန့်ဖြန့်နေတဲ့ ရှန်ကိုယ်လုပ်တော်ကို စိတ်ငြိမ်အောင် လုပ်ရင်း ဘာလို့ သူမ ရုတ်တရက်ကြီး ထဖြစ်ရတာလဲဆိုတာကို တွေးနေမိတယ်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း သူ မသိသေးဘူး။

ရုတ်တရက် လျင်မြန်တဲ့ အရာတစ်ခုက ရွှတ်ခနဲ ရှန်ကိုယ်လုပ်တော်ဆီ တည့်တည့်ရောက်လာတယ်။ ကျီဝူကျိုးက သူမနားကနေ တော်တော် လှမ်းနေတာဆိုတော့ သူမကို မတားလိုက်နိုင်ဘူး။ သူ သေချာကြည့်နိုင်တဲ့အခါကျ ရှန်ကိုယ်လုပ်တော်က‌ လန့်လွန်းလို့ ကြက်သေသေနေပြီ။

သူမ ဆံပင်တွေကလည်း ရှုပ်ပွနေပြီး အဝါရောင်ပန်းလေးကလည်း ဘယ်ရောက်သွားလဲ မသိတော့ဘူး။ ခေါင်းပေါ်မှာ ဆံပင်စုထုံးတဲ့ အဆင်တန်ဆာ တစ်ခုပဲ ရှိတော့တယ်။ အဲ့ဒီအပေါ်မှာ မြှားတစ်ချောင်းရှိနေပြီး အဲ့မြှားက ဆံပင်စုထုံးတဲ့ အဆင်တန်ဆာကို ဖြတ်ဝင်သွားပြီး ပျားတူကို သွားစိုက်နေတယ်။ ပျားတူကောင်ကတော့ ဆူးတံနဲ့ ကင်ဖို့ အသီခံထားရသလို ဆိုးဆိုးရွားရွား သေနေပြီ။

ရှန်ကိုယ်လုပ်တော်ကတော့ မျက်ရည်တွေ ဝဲပြီး ငိုတော့မတတ် မျက်နှာလေးနဲ့ ကျီဝူကျိုးကို လှမ်းကြည့်နေရုံပဲ တတ်နိုင်တယ်။
ယဲ့ကျန်းကျန်းက ခပ်အေးအေးပဲ သူမမြင်းကို စီးပြီး ဖြတ်လျှောက်ရင်း
“ ကျေးဇူးတင်စရာ မလိုပါဘူး ”
ယဲ့ကျန်းကျန်းက အနီရောင်ဝတ်စုံနဲ့ မြင်းဖြူကို စီးထားတယ်။ ဟုတ်တာပေါ့ သူမရဲ့ မြင်းက ရှန်ကိုယ်လုပ်တော်ရဲ့ မြင်းထက် ကြီးတယ်။

အဲ့အခါကျမှ ရှန်ကိုယ်လုပ်တော်လည်း သတိပြန်ကပ်တော့တယ်။

“ ကျေးဇူးတင်ပါတယ် ... မယ်မယ် ”

ကျီဝူကျိုး ယဲ့ကျန်းကျန်းကို ကြည့်လိုက်ပြီး

“ မင်း မြှားပုန်းကို ဖွက်သယ်လာတာလား ”

“ ဟား ... ဟား ... အဲ့ဒါက ... ”

ဝင်ကူညီ‌ပေးမိတဲ့အတွက် ယဲ့ကျန်းကျန်း နောင်တရနေမိပြီး။  မြှားပုန်းက လက်နက်ပုန်းတစ်မျိုးပဲ။ ကိုယ်ရံတော်တွေက လွဲလို့ ဧကရာဇ်နဲ့ တစ်နေရာထဲမှာ အတူရှိ‌တဲ့သူတွေကို သယ်ခွင့်မပြုထားဘူး။ မဟုတ်ရင် အဲ့လူက ပုန်ကန်ဖို့ ကြံရွယ်နေတယ်ဆိုပြီး သတ်မှတ်ခံရလိမ့်မယ်။ အရှင်မင်းကြီးရဲ့ အသက် လုံခြုံရေးကသာ အရေးအကြီးဆုံးလို့ ဘယ်သူ လုပ်ထားတာလဲ။

ကျီဝူကျိုးရဲ့ အကြည့်အောက်မှာပဲ ယဲ့ကျန်းကျန်း မလုပ်ချင် လုပ်ချင်နဲ့ မြှားကို မြေပြင်ပေါ် ပစ်ချလိုက်ရတယ်။

ဒါတောင် ဒေါသက ထွက်ရဲသေးတယ်ပေါ့ ! ကျီဝူကျိုး နှုတ်ခမ်းဖျားက ကော့တက်သွားတယ်။

ယဲ့ကျန်းကျန်းက မြင်းဇက်ကို ဆွဲကာ တောထဲကို ဝင်သွားတယ်။ သူမနောက်ကနေ စစ်သားအချို့လည်း လိုက်ပါသွားပြီး အလျင်အမြန်ပဲ ကျီဝူကျိုး မျက်စိရှေ့ကနေ ပျောက်ကွယ်သွားကြတယ်။

ကျီဝူကျိုးရဲ့ အကြည့်က ရှန်းကိုယ်လုပ်တော်ဆီ ပြန်ရောက်တယ်။ သူ့မျက်နှာထက်မှာ စိတ်မရှည်တဲ့ အမူအရာက ရှိနေတယ်။ ယောင်္ကျားလေးတွေအနေနဲ့ ပုံမှန်ဆို မိန်းကလေးတွေနဲ့ ချစ်ကြည်နူးချင်ကြပေမဲ့ အချိန်အခါ‌ဆိုတာကလည်း ရှိသေးတယ်လေ။ အခု သူ မြင်းစီးပြီး အမဲလိုက် ထွက်မလို့လေ။ ယောက်ျား‌လေးတွေ လုပ်တဲ့ ကျားကျားယားယား အလုပ်ကို လုပ်မလို့။ မိန်းကလေးတွေနားမှာပဲ ဖက်တွယ်ပြီး ပျော်ပါးနေဖို့ မဟုတ်ဘူး။

ရှန်ကိုယ်လုပ်တော်ကလည်း အလိုက်တသိနဲ့

“ အရှင်မင်းကြီး ကျွန်တော်မျိုးမ အစောနက ထိတ်လန့်သွားတော့ နေလို့ သိပ်မကောင်းဘူး ဖြစ်‌နေတာမို့ ပြန်နားချင်ပါတယ်။ အဲ့တာ‌ကြောင့်မို့ ကျွန်တော်မျိုးမ အရှင်မင်းကြီးကို အဖော်ပြုပေးနိုင်တော့မယ် မထင်ဘူး”

ကျီဝူကျိုးက ခေါင်းငြိမ့်လိုက်ပြီး

“ ကောင်းပြီလေ မင်း အရင်ပြန်နှင့်လိုက်။ ဖုန့်ရိုးတျန် တော်ဝင်သမားတော်ကို ခေါ်ပြီး ရှန်ကိုယ်လုပ်တော်ကို ဂရုစိုက်ခိုင်းလိုက် ”
အဲ့ဒီနောက်မှာတော့ အမဲလိုက်ဖို့ ထွက်သွားတော့တယ်။

ရှန်ကိုယ်လုပ်တော်ကတော့ သူ ထွက်သွားတာကို လှမ်းကြည့်နေတယ်။ မြင်တော့ မမြင်နိုင်ပေမဲ့ သူမ မျက်နှာက စိတ်ပျက်သွားတဲ့ ပုံပဲ။

ပေယန်ရဲ့ အမဲလိုက်နယ်မြေက တောအုပ်တစ်ခုတင် မကဘူး။ သစ်သားတွေကို သုံးပြီး လမ်းကြောင်းအမျိုးမျိုး ခွဲထားတဲ့ ကြီးမားတဲ့ ဧရိယာကြီးတစ်ခု ဖြစ်တယ်။ အမဲလိုက်ကွင်းက သိပ်ကြီးမားတဲ့အတွက် တောအုပ်ထဲကို ဝင်လာတဲ့ အမဲလိုက်သမားတွေ အကုန်လုံး လမ်းကြောင်းကွဲသွားပြီး သားကောင် တစ်ကောင်တည်းကို နှစ်ယောက်အတူတူ အမဲလိုက်နေမိတဲ့ကိစ္စမျိုးကို ရှောင်ရှားနိုင်မှာပဲ ဖြစ်တယ်။

ဒါ့အပြင် တိရိစ္ဆာန်တွေကလည်း ယုန်တွေ သမင်တွေဆိုတော့ ဖမ်းရလွယ်တယ်။ လူတွေက မွေးထားတဲ့အကောင်တွေဆိုတော့ တုံးအ ကြပြီး လူတွေ့လို့တောင် ပြေးရကောင်းမှန်း မသိဘူး။ အဲ့အတိုင်းပဲ နေရာမှာ ရပ်နေကြတယ်။

ဒါပေမဲ့ တောင်တွေနားမှာတော့ ဝံပုလွေတို့ ခွေးရိုင်းတို့လို့ နည်းနည်းပို ရိုင်းတဲ့ တိရိစ္ဆာန်တွေ ရှိတယ်။ ယုန်တွေ အများကြီး ဖမ်းမိတာထက်စာရင် ဝံပုလွေ ဖမ်းမိတာကမှ ပိုကောင်းသေးတယ်လို့ တွေးကြတဲ့ တချို့ သတ္တိကောင်းတဲ့သူတွေကတော့ တောင်အနားကို တိုးပြီး အမဲလိုက်ကြတယ်။
ယဲ့ကျန်းကျန်းလည်း တောင်နားကို ရောက်လာတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိနဲ့တော့ မဟုတ်ဘူး။ သူမ လမ်းပျောက်သွားတာ။

သူမ စီးလာတဲ့ မြင်းက ဧကရီမိဖုရားခေါင်တစ်ပါးနဲ့ လိုက်ဖက်အောင်ကို အတော်ကောင်းတယ် ပြောရမယ်။ ယဲ့ကျန်းကျန်း မြင်းမစီးရတာလည်း ကြာပြီဆိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စီးလာလိုက်တာ ကိုယ်ရံတော်တွေနဲ့ လူကွဲသွားတယ်။

မြက်ခင်းလွင်ပြင် နှစ်ခုနဲ့ တောအုပ်လမ်း သုံးခုကို ဖြတ်ပြီးသွားတဲ့အချိန်မှာတော့ သစ်ပင်တွေက ပိုထူထပ်လာပြီး လူတွေ စိုက်ထားတာနဲ့ မတူတော့ဘူး။ အုပ်မှိုင်းနေတဲ့ တောအုပ်က နေရောင် မဝင်နိုင်အောင် ကာဆီးထားပြီး ယဲ့ကျန်းကျန်း နည်းနည်း ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။

သူမ ဟိုဟို ဒီဒီ ပတ်ကြည့်ပေးမယ့် ဘာတိရိစ္ဆာန်မှ မတွေ့ရဘူး။ သစ်ပင်ပေါ်မှာတောင် ငှက်တစ်ကောင်မှ မရှိဘူး။ ပတ်‌ဝန်းကျင်က လေထုက လှုပ်ရှားနေပုံပေါ်ပြီး သိမ်မွေ့တဲ့ မြင်းက စပြီး ရှူးရှူးရှားရှား ဖြစ်လာတယ်။

ယဲ့ကျန်းကျန်း ဇက်ကြိုးကိုဆွဲကာ မြင်းကို ငြိမ်အောင် လုပ်လိုက်တယ်။ သူ သိပ်တော့ လှုပ်လှုပ်ယမ်းယမ်း မလုပ်တော့ဘူး။ ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်တဲ့အချိန် အဝါရောင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။

“ အာ ဝူး ......! ”

ခပ်လေးလေးဆိုပေမဲ့ ကြောက်စရာကောင်းတဲ့ ဟိန်းသံတစ်ခုက ထွက်ပေါ်လာတယ်။ မသိရင် မြေကြီးတွေပါ တုန်လာသလိုပဲ။ အဲ့ကျမှ ဘာလို့ ဒီမှာ တိရိစ္ဆာန်တွေ မရှိရတာလဲ ယဲ့ကျန်းကျန်း သဘောပေါက်သွားတယ်။ အဲ့အသံက တိရိစ္ဆာန်တွေကို ထွက်ပြေးအောင် လုပ်လိုက်တာကိုး

ဒါက ကျားရဲ့ ပိုင်နက်ပဲ !

သူမအောက်က မြင်းက လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး စပြေးဖို့ လုပ်တော့တယ်။ ဒီလိုမြင်းမျိုးက စီးတဲ့သူကို ပြုတ်ကျပြီး သေစေနိုင်တယ်။ ယဲ့ကျန်းကျန်းလည်း များများစားစား တွေးနေဖို့ အချိန် မရှိဘဲ သူမရဲ့ ကျာပွတ်ကို သုံးကာ သစ်ကိုင်းတစ်ခုကို ပတ်လိုက်ပြီး မြင်းပေါ်က ခုန်ဆင်းလိုက်တယ်။

ပြေးထွက်သွားတဲ့ မြင်းက ကျားကို သွားသတိပေးသလို ဖြစ်ပြီး ကျားက သူမကို ခပ်မြန်မြန်ပဲ ရှာတွေ့သွားတယ်။
ယဲ့ကျန်းကျန်း : “…..”
မြင်းပေါ်ကနေ နည်းနည်း နောက်ကျပြီးမှ ဆင်းလိုက်ရမှာ။ အခုက သူမ သေချာ မစဉ်းစားမိဘဲ လုပ်တာ မြန်သွားတယ်။

ကျားနဲ့ အကြည့်ချင်း ဖလှယ်ရတာက တကယ်ကို စိတ်ဖိစီးစေတယ်။ သူမလက်တွေက ချွေးစေးတွေ ထွက်နေပြီ။ အသက်ပြင်းပြင်း ရှူလိုက်ရင်း သူမကိုယ်သူမ စိတ်ငြိမ်အောင် လုပ်လိုက်တယ်။ သူမ ခန္ဓာကိုယ်မှာ ရှိတဲ့ လက်နက်တွေကို စိတ်ထဲက ရေကြည့်လိုက်တယ်။ လေးနဲ့မြှား၊ ဓား၊ ကျာပွတ်၊ သေနတ် ဒါတွေနဲ့ဆို သူမ ပို အခွင့်အရေးရှိလောက်မလား ??

အမှန်အတိုင်း ပြောရရင် ယဲ့ကျန်းကျန်း အမဲလိုက်ထွက်ရတာကို ပျော်တယ်ဆိုပေမဲ့ သူမ ဖမ်းဖူးတာဆိုလို့ အစောနက ရှန်ကိုယ်လုပ်တော်ခေါင်းက ပျားတူကောင်ပဲ ရှိတယ်။ ဒါ့ကြောင့်မို့ တောဘုရင်ဖြစ်တဲ့ ကျားလို ကောင်မျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သူမ ဘယ်လောက် သတ္တိရှိတယ်ပြောပြော ကြောက်လာမိတယ်။

ငါ ... ပြေးရင်ကော ??

ကျားထက် မြန်အောင် ပြေးနိုင်လို့လား ....

..... သစ်ပင်ပေါ် ပြေးတက်ရင်ကော ??

ကျားကပါ သစ်ပင်ပေါ် လိုက်တက်လာပြီး သူမဖင်ကို ကိုက်သွားရင် ဘယ်လိုလုပ်မလဲ ....

ခဏလောက် တွေးပြီးတဲ့ နောက်မှာတော့ ယဲ့ကျန်းကျန်း အမဲလိုက်သမား လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အရင်ဆုံး သေနတ်ကို ထုတ်လိုက်ပြီး သူမ ခြေထောက်တွေကိုလည်း အသင့်အနေအထားမှာ ထားလိုက်တယ်။ ထို့နောက် မြှားကို ထုတ်ပြီး ရွယ်လိုက်တယ် —

အရှေ့နန်းတော်မှာ သူမ လေ့ကျင့်တုန်းက သိပ်တော်နေတယ်ပေမဲ့ အဲ့တာက ပစ်မှတ်အသေလေ။ ကုန်းကုန်းလေးတွေက ကြောက်လွန်းလို့ သေးထွက်ကျရင်တောင်မှ လှုပ်ဝံ့မှာ မဟုတ်ချေ။ ဒါပေမဲ့ အခုကတော့ အခြေအနေချင်း မတူတော့ဘူး။ သူမရဲ့ ပြိုင်ဘက်က ကျားတစ်ကောင်ပဲ။ တစ်နေရာထဲမှာပဲ ရပ်နေပြီး မြှားဝင်လာမှာကို စောင့်နေမှာ မဟုတ်တဲ့ အရှောင်အတိမ်း ကောင်းတဲ့ ကျားတစ်ကောင် ဖြစ်တယ်။

မြှားက လွဲသွားတယ်။ သူမရဲ့ မြှားပစ်စွမ်းရည်က ဆိုးတာ မဟုတ်ဘူး။ ကျားကိုက ကံကောင်းလွန်းနေတာ။

နောက်တစ်ခါ ဟိန်းလိုက်ပြီး ယဲ့ကျန်းကျန်းဆီကို ပြေးဝင်လာတယ်။

အဲ့တာက တဖြေးဖြေး နီးသထက် နီးလာတယ်။ မြားကို ဆက်သုံးလို့ မရတော့ဘူး။ ယဲ့ကျန်းကျန်း လွှင့်ပစ်လိုက်ပြီး သေနတ်ကို ယူကာ ကျားကို ချိန်ပြီး ပစ်လိုက်တယ်။

ဒီတစ်ခါလည်း ကျားက ရှောင်လိုက်နိုင်ပေမဲ့ အပြည့်အဝတော့ မဟုတ်ဘူး။ ရှေ့ခြေထောက်ကို သေနတ်ထိသွားတယ်။

ဒါပေမဲ့လည်း အပစ်ခံထားရတာတောင်မှ ကျားက ယဲ့ကျန်းကျန်းနောက်ကို လိုက်နေတုန်းပဲ။ သူ့ဒဏ်ရာကိုတောင် တစ်ချက် မလျက်ဘူး။ သေနတ်ကို ချိန်တာ ကောင်းပေမယ်လည်း ကျားကို တစ်ချက်တည်း အသေ ပပစ်နိုင်လောက်အောင်ထိတော့ ပစ်ခတ်အားက မကောင်းဘူး။

ယဲ့ကျန်းကျန်း သေနတ်ကို ပြန်ဖြည့်ချင်ပေမဲ့ ကျားက သူမကို အဲ့လိုလုပ်ချိန်မပေးဘဲ ဆွဲလှဲချလိုက်တယ်။

သူမ အလျင်အမြန်ပဲ ဘေးဘက်ကို လှိမ့်ချလိုက်ပြီး ရှောင်လိုက်တယ်။ ဒါပေမဲ့ အသက်တောင် ရှူချိန် မရသေးခင်မှာပဲ ကျားက ကြီးမားရှည်လျားတဲ့ သူ့အမြီးနဲ့ သူမကို ရိုက်ချလိုက်တယ်။ ကျားက ဒီ‌လောက် ကောက်ကျစ်စဉ်းလဲလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ သူမ ရှောင်နိုင်ခဲ့ပေမဲ့ ခြေထောက်ကတော့ ထိသွားတယ်။ သူမ အရိုးတွေပါ ကျိုးကုန်တယ်။

ကျားက ယဲ့ကျန်းကျန်းကို မျက်နှာချင်းဆိုင်လိုက်ပြီး မကြာခင် တိုက်ခိုက်တော့မယ့်ဟန် ပြင်နေပြီ။ သူ ခုန်အုပ်လိုက်တာနဲ့ သူမကတော့ သေပြီပဲ။

ယဲ့ကျန်းကျန်းက ခြေထောက်လည်း ကျိုးသွားတာကြောင့် ဘယ်မှာမှ ပုန်းလို့ မရတော့ဘူး။ သူမခါးနား စမ်းကြည့်လိုက်တော့ ကျာပွတ်တော့ ရှိသေးတယ်။ ဒါပေမဲ့ အဲ့တာက အသုံးမဝင်တော့ဘူး။ သူမမှာ ဓားရှိသေးတယ်မလား ... ဒါပေမဲ့ ဘယ်မှာလဲ ??

အစောနက သူမ ကျားကို ရှောင်လိုက်တဲ့အချိန် ဓားက ပြုတ်ကျသွားပြီ။

.... ကောင်းကင်ဘုံက ငါ့ကို သေစေချင်တာပဲ !

သေရတော့မယ်ဆိုတဲ့အသိက ယဲ့ကျန်းကျန်းစိတ်ထဲ ဝင်လာတာကြောင့် တစ်ကိုယ်လုံး အေးစက်သွားတယ်။ သူမ နှလုံးသားကလည်း ခုန်နေတာတောင် ရပ်သွားသလိုပဲ။

ကျားက ဟန်ပြင်ပြီး သူမကို ခုန်အုပ်ဖို့ လှမ်းလာနေပြီ။

ယဲ့ကျန်းကျန်း စိတ်ထဲ ဘာမှတွေးနေချိန်တောင် မရှိတော့ဘူး။ သူမ မျက်စိကို မှိတ်လိုက်တယ်။ စိတ်ထဲမှာတော့ ဗလာကျင်းနေခဲ့ပြီ။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now