Chapter 4

2.8K 279 7
                                    

Empress with no Virtue
Chapter 4
Translator – Utopia

ခွန်းနင်နန်းဆောင်က ထွက်လာတဲ့အခါ ကျီဝူကျိုးရဲ့ မျက်နှာထားက အရင်ကထက် ကြည်လင်နေတယ်။ မနေ့ကနဲ့ ယှဉ်လိုက်ရင် တစ်နေရာထဲက ထွက်လာတာဆိုပေမဲ့ မျက်နှာထားက ကြောက်ဖို့ ကောင်းနေတယ်။ အစတုန်းကတော့ အရှင်မင်းကြီးက မိဖုရားခေါင်ကြီးကို တကယ် မနှစ်သက်တာပဲလို့ ဖုန့်ရိုးတျယ် ထင်ခဲ့ပေမဲ့လည်း အခုကြည့်ရတာတော့ အဲ့လိုမဟုတ်ဘူးနဲ့ တူတယ်။

ယောကျာ်းတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ တကယ် အသိရခက်တာပဲလို့ ဖုန်းရိုးတျယ် တွေးလိုက်မိတယ်။

အရှင်မင်းကြီး ပျော်နေတာက မိဖုရားခေါင်ကြီးကို မပျော်အောင် ရန်စခဲ့နိုင်လို့မှန်း ဖုန်းရိုးတျယ် သိခဲ့ရင် ဘာတွေ ဆက်တွေးဦးမလဲမသိ။

ညရောက်တဲ့အခါ ဖုန်းရိုးတျယ်က ကြင်ယာ‌တော်တွေရဲ့ နာမည်ပါတဲ့ ဗန်းတစ်ခုကို ကိုင်လာပြီး ဒီညအတွက် ဘယ်သူနဲ့ စက်တော်ခေါ်မလဲဆိုတာ ရွေးချယ်ဖို့ လျှောက်တင်လာတယ်။

“ အရှင်မင်းကြီး ကျေးဇူးပြုပြီး နာမည်ကတ်ပြားတစ်ခု ရွေးချယ်ပေးပါ ”

နာမည်တွေကို ကြည့်လိုက်ပြီး သူ့လက်က “ စူးရော့ကျီ ” ဆိုတဲ့‌ကတ်ပြားမှ ရပ်သွားပေမဲ့ ခဏလောက် တွေးပြီးတဲ့နောက်မှာတော့ “ ဖန့်လျှိုယွဲ့ ” ဆိုတဲ့ ကတ်ပြားကို လှန်လိုက်တယ်။

ဖုန့်ရိုးတျယ်လည်း ရိုရိုသေသေနဲ့ ဗန်းကို ပြန်ကိုင်ရင်း ထွက်လာလိုက်တယ်။ ထို့နောက် ဒီည အရှင်မင်းကြီးက ယောင်ယွဲ့နန်းတော်မှာ အိပ်စက်မှာဖြစ်တဲ့အတွက် ရှန်ကိုယ်လုပ်‌တော်ကို အသင့်ပြင်ထားဖို့ သူ့အောက်က ငယ်သားတွေကို သွားအကြောင်းကြားခိုင်းလိုက်တယ်။

ရှန်ကိုယ်လုပ်တော်ရဲ့ နာမည်မှာ “ယွဲ့” စကားလုံးပါတာကြောင့် အရှင်မင်းကြီးက သူ(မ)ကို ယောင်ယွဲနန်းဆောင်ကို ချီးမြှင့်ခဲ့တာပဲ ဖြစ်တယ်။ ဒီလိုမျိုး ချီးမြှင့်ခံရတာနဲ့တင် သူ(မ) အတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ။ ဒါ့အပြင် အရှင်မင်းကြီးနဲ့ ရှန်ကိုယ်လုပ်တော်ကြားမှာ ဇာတ်လမ်းတစ်ခု ရှိသေးတယ်။

လွန်ခဲ့တဲ့ နှစ်တွေတုန်းက ယဲ့ကောလောင်က သူ့မြေးမလေးကို ကျီဝူကျိုးနဲ့ လက်ဆက်ပေးဖို့ စိုင်းပြင်နေခဲ့တယ်။ ဒါပေမဲ့ ကျီဝူကျိုးကတော့ မင်္ဂလာပွဲကို အချိန်ဆွဲဖို့ နည်းလမ်းမျိုးစုံ ရှာခဲ့ပြီး သူကိုယ်တိုင် ဧကရီတစ်ပါးကို ရှာခဲ့တယ်။ အနောက်နန်းဆောင်ကို ထိန်းသိမ်းနိုင်ရုံသာမက ယဲ့ကောလောင်ရဲ့ အာဏာကိုပါ ပြန်ထိန်းနိုင်မယ့် အဲ့လိုအိမ်တော်မျိုးကို ရှာဖွေနေခဲ့တယ်။ နောက်တော့ ဖန့်ရှိုးချင်းကို သူ တွေ့သွားတယ်။ ဖန့်ရှိုးချင်းက လွှတ်တော်ထဲမှာ အာဏာအကြီးဆုံးသူ မဟုတ်ပေမဲ့လည်း သူ့လူနဲ့သူတော့ အသင့်အတင့်ရှိတယ်။ ဒါ့အပြင် သူ ဝန်ကြီးအဖွဲ့ထဲကို ရောက်လာကတည်းက သူ့အမြင်တွေက ယဲ့ကောလောင်နဲ့ ဆန့်ကျင်နေခဲ့တာ ဖြစ်‌တယ်။

ဒါ့ကြောင့်မို့ ဖန့်ရှိုးချင်းရဲ့ သမီး ဖန့်လျှိုယွဲ့က ဧကရီနေရာအတွက် သင့်တော်တယ် မြင်ခဲ့တယ်။ ဖန့်ရှိုးချင်းကိုလည်း ဒီအတွက် အမျိုးမျိုး စမ်းသပ်ခဲ့ပြီး နောက်ဆုံးတော့ ဖန့်ရှိုးချင်းကလည်း ယဲ့ကောလောင်ကို ဖြိုချင်နေတဲ့အတွက် ဧကရီမြှောက်မယ့်ကိစ္စကို သဘောတူလိုက်တယ်။

ဒါပေမဲ့လည်း လူတစ်ယောက်ကတော့ ဒီကိစ္စကို သဘာမတူနိုင်ခဲ့ဘူး။

ဧကရာဇ်နဲ့ ဖန့်ရှိုးချင်းတို့ လက်တွဲပြီး သူ့ကို စိန်ခေါ်လာမှာကို ယဲ့ကောလောင်တစ်ယောက် ဘယ်လိုမှ ဖြစ်ခွင့်မပေးနိုင်ဘူး။ ဒါကြောင့်မို့ အမတ်တွေ အကုန်လုံးကို အစီရင်ခံစာ လျှောက်တင်ခိုင်းခဲ့တယ်။ သူတို့ အားလုံး လျှောက်တင်တာက အောက်ပါ အကြောင်းအရာ တစ်ခုတည်းသာ ဖြစ်ဝာယ်။

“ ယဲ့ကျန်းကျန်းကိုသာ လက်မဆက်ရင် ကောင်းကင်နဲ့ မြေကြီး အမျက်ဒေါသထွက်စေပါလိမ့် အရှင်မင်းကြီး ”

နောက်တော့ တာအိုဘုန်းကြီးတွေကပါ ရောက်ချလာပြီး ကျီဝူကျိုးနဲ့ ဖန့်လျှိုယွဲ့တို့ရဲ့ ဇာတာကို စစ်‌ဖို့ လုပ်ကြတယ်။ သူတို့အားလုံး လျှောက်တင်တာကတော့

“ မသင့်မြတ်ကြောင်းပါ အရှင်မင်းကြီး ”
“ ဘယ်လိုမှ မသင့်လျော်ကြောင်းပါ ”
“ လုံးလုံးကို မဖြစ်ပါဘူး အရှင်မင်းကြီး ”

နောက်ထပ် တာအိုဘုန်းကြီးတစ်စုကတော့ သူတို့နှစ်‌ယောက်သာ ပေါင်းဖက်ဖြစ်ခဲ့ရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ဟောကိန်းထုတ် စာတမ်းပြုစုခဲ့တယ်။ အဲ့မှာ တာအိုဘုန်းကြီးတွေသာမက ဗုဒ္ဓဘာသာဘုန်းကြီးတွေပါ လက်မှတ်ရေးထိုးထားပြီး အားလုံး တညီတညွတ်တည်း အရှင်မင်းကြီးဆီ အစီရင်ခံစာ လျှောက်တင်လာခဲ့တယ်။ အခုလိုမျိုး တာအိုဘုန်းကြီးတွေနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေ တညီတညွတ်တည်း လျှောက်တင်တဲ့ အစီရင်ခံစာဆိုတာ သမိုင်းမှာ ပထမဆုံးပဲ ဖြစ်တယ်။

ဒီအစီအရင်ခံစာတွေပဲ လျှောက်တင်တာ များလာတော့ ကျီဝူကျိုး ဒေါသတွေ ထွက်လာပြီး စားပွဲကို ထိုးလိုက်တယ်။

“ ငါသာ သူ(မ)ကို အတင်း လက်ဆက်ဖို့ လုပ်ရင် ကပ်ဘေးတွေပါ ဖြစ်လာမယ်လို့ လာမပြောနဲ့နော် ! ”

တိုက်တိုက်ဆိုင်ပဲ နောက်နေ့လည်းရောက်ကော တတုန်းမှာ ငလျင်လှုပ်သွားတယ်။ အားကောင်းတဲ့ ငလျင်မို့ မြို့တော်အထိပါ ငလျင်လှုပ်တဲ့ဒဏ်ကို ခံလိုက်ကြရတယ်။ ဒီအခါမှာတော့ များစွာတော့ အစီရင်ခံစာတွေက တက်လာပြီး ဧကရီမိဖုရားခေါင်မြှောက်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အရှင်မင်းကြီးကို ပြန်လည်စဉ်းစားပေးဖို့ တောင်းပန်ကြတော့တယ်။ သူ့ကို ဆူပူကြိမ်းမောင်းဖို့အတွက် အမတ်တွေ အကုန်လုံးက ရုတ်တရက် ညီညွတ်သွားကြတဲ့ပုံပဲ။

လွှတ်တော်တက်တဲ့အခါမှာတော့ သူ အတတ်နိုင်ဆုံး ကြိုးစားပြီး သူတို့အကြံပေးချက်တွေကို နားထောင်ဖို့ လုပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ ကြော်ငြာချက်တစ်စောင် ထွက်လာတယ်။

“နတ်ဘုရားတွေက ကိုယ်တော်ကို ကိုယ်လက်ဆက်ရမယ့် ဧကရီကိုတောင် လွတ်လပ်စွာ ရွေးချယ်ခွင့်မပေးတဲ့အထိ ရက်စက်ကြလိမ့်မှာ မဟုတ်ဘူးလို့ ငါကိုယ်တော် ယုံကြည်တယ်။ ငါကိုယ်တော် ဒီကိစ္စကို ဆုံးဖြတ်ပြီးသွားပြီ။ ဒီနေ့ ဒီနေရာမှာပဲ ဒီကိစ္စကို အဆုံးသတ်လိုက်ကြရအောင် ”

ပြောပြီး‌တဲ့နောက်မှာတော့ ကျီဝူကျိုး လွှတ်ဆင်းသွားခဲ့ပြီ။

ကြေငြာချက်ထွက်ပြီး ၃ရက် အကြာမှာပဲ ကောင်းကင်မှာ နေကြတ်သွားခဲ့တယ်။

ဒါက တိုက်ဆိုင်တာတော့ မဟုတ်ဘူး။ ရှေ့ရက်တွေကတည်းက နက္ခတ်တာရာဌာနကနေ နေကြတ်မယ့်အကြောင်းနဲ့ ဘယ်‌နေ့ဘယ်ရက် ကြတ်မယ်ဆိုတာပါ အရှင်မင်းကြီးကို လျှောက်တင်ခဲ့တယ် ။ သူလည်း ဒီကိစ္စက တိုက်ဆိုင်တာ မဟုတ်မှန်းသိတယ်။ အမတ်တွေလည်း သိတယ်။ ကုန်ကုန်ပြောရရင် ဟိုမြေခွေးအိုကြီး ယဲ့ကောလောင်တောင် တိုက်ဆိုင်တာ မဟုတ်မှန်းသိတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ ဒါကို တိုက်ဆိုင်တာလို့ ထင်သွားပြီး တိုင်းပြည်တစ်ခုလုံး အုတ်အုတ်သောင်းသောင်းနဲ့ ဧကရီ‌မြှောက်မယ့်ကိစ္စကို ဆန့်ကျင်လာကြပြီး ယဲ့ကောလောင်ဘက်ကနေ ရပ်တည်လာကြတယ်။

ဒီလိုပြည်သူပြည်သားတွေပါ ပါလာလိမ့်မယ်လို့ ယဲ့ကောလောင်တောင် မတွက်ခဲ့ပေမယ့်လည်း ဒါက သူ့အတွက်လည်း အကျိုးရှိတာမို့ ပြုံးပြုံးကြီးနဲ့ လက်ခံလိုက်တယ်။

ဒီလိုပြင်းထန်တဲ့ ဖိအားတွေအောက်မှာ ကျီဝူကျိုးလည်း မတတ်သာတဲ့အဆုံး ဖန့်လျှိုယွဲ့ကို ဧကရီမြှောက်မယ့်ကိစ္စကို လက်လျှော့လိုက်ရတယ်။ နောက်ဆုံးတော့ ယဲ့ကျန်းကျန်းကိုသာ လက်ဆက်ဖို့ပဲ လုပ်ရတော့တယ်။

ဖန့်ရှိုးချင်းကလည်း ပါးနပ်တဲ့သူပဲလေ။ သူ့သမီးက ပဏာမဇနီး မဖြစ်လာနိုင်ရင်တောင်မှ ကိုယ်လုပ်တော်လောက်ဖြစ်လည်း မဆိုးဘူး။ ဒါ့အပြင် ဖန့်လျှိုယွဲ့က ကိစ္စတွေကို ကိုင်တွယ်ပုံမှာ ပါးရည်နက်ရည်ရှိတယ်။ သူ(မ)က သတိရှိပြီး နူးညံ့ကြင်နာတတ်တဲ့အပြင် ချောမောလှပတဲ့ မိန်းမပျိုလေး တစ်ဦးလည်း ဖြစ်ပေတယ်။  ဒီလိုမိန်းကလေးမျိုးက သေချာပေါက် အနောက်နန်းဆောင်ရောက်တဲ့အခါ အရှင်မင်းကြီးမြှောက်စားတာကို ခံရလိမ့်မှာ အသေချာပဲ။ နောက်ပြီး အရှင်မင်းကြီးက သူနဲ့လက်တွဲဖို့ ဆုံးဖြတ်ထားပြီးပြီဆိုမှတော့ သူ့သမီးကို ဆိုးဆိုးရွားရွား ဆက်ဆံမှာတော့ မဟုတ်ဘူး။

ကျီဝူကျိုးလည်း ဒီအကြံက သင့်တော်တယ်လို့ တွေးမိတယ်။ ဒါ့ကြောင့် ယဲ့ကျန်းကျန်းကို ဧကရီမြှောက်တဲ့နေ့မှာပဲ ဖန့်လျှိုယွဲ့ကို အနောက်နန်းဆောင်ထဲ ဝင်စေခဲ့တယ်။

ဒီလိုဖြစ်ခဲ့တာတွေကြောင့် သူ(မ)ရဲ့ အိမ်ထောင်ရေးက ခယောင်းလမ်းဖြစ်နေမှာကို ယဲ့ကျန်းကျန်း ကြိုသိနေခဲ့ပြီးသားပင်။ ဒါ့ကြောင့်လည်း ကျီဝူကျိုးကို ဘယ်လိုမှ သဘောကျကြည့်လို့မရဘူး။ ကျီဝူကျိုးကျပြန်တော့လည်း သူ(မ)ကို ယဲ့ကောလောင်ရဲ့ ကိုယ်စားလို ဆက်ဆံတာကြောင့်မို့ သူ သူ(မ)အဖိုးကို မုန်းသလောက် သူ(မ)ကိုလည်း မုန်းနေမည်သာ ဖြစ်တယ်။

ဒီလို ဆက်စပ်တွေးလိုက်တော့လည်း ကျီဝူကျိုးက ဖန့်လျှိုယွဲ့အပေါ် ဘယ်လိုသဘောထားလဲ ခန့်မှန်းရမခက်ပါဘူး။

ဒါပေါ့ .... သူ ဖန့်လျှိုယွဲ့ကို သဘောကျတယ်။

ညစာသုံးဆောင်ပြီး အစီရင်ခံ‌စာတွေကိုလည်း ပြန်ဖြေရှင်းပြီးနောက်မှာတော့ ကျီဝူကျိုးတစ်ယောက် ယောင်ယွဲ့နန်းတော်ဆီကို ထွက်လာခဲ့တယ်။ အဝင်တံခါးမှာ ရှန်ကိုယ်လုပ်တော်က သူ့ကို စောင့်ကြိုနေတယ်။ အဖြူရောင်ဂါဝန် အနားစလေးက လေတိုက်တိုင်း လွင့်ဝဲနေပြီး သူ(မ)ရဲ့ ဆံနွယ်တွေကိုတော့ ရိုးရိုးရှင်းရှင်း ကျောက်စိမ်းဆံထိုးလေးနဲ့ပဲ ထုံးဖွဲ့ထားတယ်။ ဒီနေ့ လမင်းကြီးကလည်း သာနေပြီး လရောင်အောက်မှာ သူ(မ)အသားအရည်‌လေးက နှင်းမှုန်လေးတွေလို ဖြူစင်နုထွေးနေတာယ်။ လဗိမာန်က နတ်မိမယ်လေးတစ်ပါး လူ့ပြည်ဆင်းလာသလား အောက်မေ့ရအောင် သူ(မ)လေးက သိပ်လှရက်နိုင်လွန်းတာကြောင့် သူ(မ)ဆီကနေ အကြည့်တွေ လွှဲနိုင်ဖို့တောင် ခက်တယ်။

ကျီဝူကျိုးက မိန်းမလှလေးတွေကို တော်တော်လေး မြင်ဖူးထားပြီးသားဆိုတော့ ဒီအလှလေးကို မြင်ပေမဲ့လည်း သူ့ဆန္ဒတွေကိုတော့ ချိုးနှိမ်ထားနိုင်သေးပါတယ်။ ရှန်ကိုယ်လုပ်တော်ဆီ လျှောက်လာလိုက်ပြီး သူ(မ)လက်ကလေးကို ကိုင်လိုက်တယ်။ ရှန်ကိုယ်လုပ်တော်ရဲ့ လက်လေး အေးနေတာကို တွေ့တော့ ကျီဝူကျိုး ပြုံးလိုက်ရင်း

“ အပြင်မှာ အေးနေပြီ။ အိုက်ဖေး* ကိုယ်တော့်ကို ဒီအထိ လာကြိုဖို့ မလိုပါဘူး။ မြန်မြန်လေး နွေးသွားအောင် အထဲဝင်ကြစို့ ”

သူ(မ)လေးကတော့ ကျီဝူကျိုးခေါ်ရာနောက်သာ လိုက်ခဲ့တော့တယ်။

ကျီဝူကျိုး ထိုင်လိုက်ပြီးနောက် ရှန်ကိုယ်လုပ်တော်ကို ပေါင်ပေါ်တင်ပြီး ဆွဲပွေ့လိုက်တယ်။ နန်းတွင်းသူလေးတွေနဲ့ ကုန်းကုန်းတွေကတော့ အခြေအနေကို ရိပ်မိလိုက်ပြီး ခပ်မြန်မြန်ပဲ အိပ်ဆောင်ကနေ ထွက်ခွာသွားတော့တယ်။

ရှန်ကိုယ်လုပ်တော်နဲ့ စကားစမြည် ပြောပြီးတဲ့ နောက်မှာတော့ ကျီဝူကျိုး သိလိုက်ရတာက သူ(မ)က သိမ်မွေ့ပြီး သူ ဘာကိုတွေးနေလဲဆိုတာကို အမြဲ သိတယ်။ သူ(မ)ဆီကနေ သူ ဘယ်လိုစကားမျိုး ကြားချင်တာလဲဆိုတာလည်း ကောင်းကောင်း သိတယ်။ ဧကရာဇ်မင်းတစ်ပါးအနေနဲ့ စိတ်ညစ်တာတွေ ဖြေဖျောက်ဖို့ အနောက်နန်းဆောင်ကို လာတာများတယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်ဆို သူကလည်း ချိုမြိန်တဲ့စကားတွေ ပြန်ပြောဖို့ လုပ်ပေးရမှာပေါ့။

ဒါပေမဲ့ ရှန်ကိုယ်လုပ်တော်က အရှက်သည်းတော့ ကျီဝူကျိုးဆီက ချိုချိုမြိန်မြိန်စကားလေးတွေ ကြားရတဲ့အခါ သူ(မ)မျက်နှာလေးက နီရဲတွတ်လာတယ်။ သူ(မ)ပုံစံလေးက သိပ်ချစ်ဖို့ကောင်းတာပဲ။ ကျီဝူကျိုး သူ(မ) မေးလေးကို ဖြေးဖြေးချင်း ဆွဲမော့လိုက်တယ်။ ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးကို ကြည့်ပြီးတဲ့နောက် ပြုံးလိုက်ပြီး ထိုနှုတ်ခမ်းတွေနား တိုးသွားလိုက်တယ်။

အခြေအနေလေးကလည်း ကောင်းနေတယ်ဆိုတော့ အခုအချိန်က အလုပ်နဲ့ သက်သေပြရမယ့် အချိန်ပဲ ....

နောက်နေ့မနက်မှာတော့ ဖန့်ရိုးတျယ်က ကျီဝူကျိုးက လာနှိုးတယ်။ ရှန်ကိုယ်လုပ်တော်လည်း နိုးလာတယ်။ အရှင်မင်းကြီးကို ခစားဖို့ ထပေမဲ့ မထနိုင်ဖြစ်နေတယ်။ သူ(မ) အားတွေ ကုန်ခမ်းသွားသလိုမျိုး ပင်ပန်းနွမ်းနယ်နေပြီး အိပ်ရာပေါ်က မထနိုင်ရှာဘူး။

ကျီဝူကျိုးက သူ(မ)ကို ပြန်လှဲခိုင်းလိုက်ရင်း

“ မင်းခန္ဓာကိုယ်က သိပ်နေလို့ကောင်းဦးမှာ မဟုတ်ဘူး။ များများ နားလိုက်နော်။ တခြားသူတွေကို တွေးပူမနေနဲ့တော့ ”
“ နောက်ပြီး ဒီနေ့ ခွန်းနင်နန်းဆောင်ကို သွားပြီး မိဖုရားခေါင်ကြီးကို သွားနှုတ်ဆက်စရာ မလိုတော့ဘူး ”

ကြည်နူးပီတိဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ရှန်ကိုယ်လုပ်တော် သူ့ကို ကြည့်လာတယ်။ ကျီဝူကျိုး သူ(မ)နဖူးလေးကို ငုံ့နမ်းလိုက်ရင်း

“ ကိုယ်တော် သွားတော့မယ်။ မနက်ခင်း လွှတ်တော်တက်လို့ ပြီးရင် မင်းဆီ လာလည်မယ် ”

ခဏလောက် ပြန်မှေးလိုက်ပြီးတဲ့နောက် ရှန်ကိုယ်လုပ်တော် အိပ်ရာကနေထပြီး မနက်စာ စားသောက်ကာ ခွန်းနင်းနန်းဆောင်ဆီ ထွက်လာတယ်။ ကျီဝူကျိုးက သူ(မ)ကို သွားစရာမလိုဘူးလို့ မိန့်ခဲ့ပေမဲ့လည်း ရှန်ကိုယ်လုပ်တော်က သတိရှိတဲ့သူဆိုတော့ သူများတွေ သူ(မ)အကြောင်း နောက်ကွယ်မှာ အတင်းအဖျင်းပြောတာမျိုး မလိုချင်ဘူး။ နောက်ပြီးတော့ လူတွေက သူ(မ)ကို နူးညံ့သိမ်မွေ့ပြီး ကျင့်ဝတ်တွေကို လိုက်နာတဲ့သူတစ်ယောက်ရယ်လို့တောင် အမည်တပ်ကြဦးမှာ။ ဆိုတော့ကာ သွားလိုက်လို့ ဘာမှ အရှုံးမရှိဘူး။

သူ(မ) ခွန်းနင်နန်းဆောင်ကို ရောက်တဲ့အခါ အချိန်က ကွက်တိ‌ပဲ။ နောက်ဆုံးမှ ရောက်လာတဲ့သူကတော့ လီကိုယ်လုပ်တော်ကလွဲပြီး ဘယ်သူဖြစ်ဦးမှာလဲ။

လီကိုယ်လုပ်တော် ထိုင်လိုက်တဲ့ အချိန်မှာပဲ ရှီးဖေးက စကားစလာတယ်။
“ လီကိုယ်‌လုပ်တော်မမ ဘာလို့ နောက်ကျနေတာလဲ။ မနေ့ညက အရှင်မင်းကြီး မမဆီ လာလည်တယ်လို့ မကြားမိပါဘူး ”

ဒီစကားကို ကြားတော့ အဆင့်နိမ့် ကြင်ယာတော်ငယ်‌လေးတစ်ပါးက အသံထွက်ပြီး ရယ်မိသွားတယ်။ နောက်တော့ သူ့ပါးစပ်သူ လက်ကိုင်ပုဝါလေးနဲ့ ပြန်ကာထားရတယ်။

စကားလေး နှစ်ခွန်းထဲပြောလိုက်တာ ဆိုပေမဲ့ သက်ရောက်မှုကတော့ ကြီးလွန်းတယ်။ တစ်ချိန်တည်းမှာတင် မိဖုရားခေါင်ကြီးကိုကော လီကိုယ်လုပ်တော်ကိုကောပါ ခနဲ့ဖို့ လုံလောက်တယ်။ ဒါ့အပြင် လီကိုယ်လုပ်တော်နဲ့ ရှန်ကိုယ်လုပ်တော်ကို ရန်တိုက်ပေးလိုက်ပြီး မိဖုရားခေါင်ကြီးကိုလည်း ရှန်ကိုယ်လုပ်တော်ကို မနာလိုဖြစ်အောင် လုပ်လိုက်နိုင်တယ်။

သက်ပြင်းတစ်ချက် ချလိုက်ပြီး ယဲ့ကျန်းကျန်း တွေးမိတယ်။ ရှီးဖေးက တကယ် တော်တဲ့သူပဲ။

တွက်ထားတဲ့အတိုင်းပဲ လီကိုယ်လုပ်တော်က ဒေါသပုန်ထပြီး ရှန်ကိုယ်လုပ်တော်ကို စိမ်းစိမ်းကြည့်ရင်း

“ အရှင်မင်းကြီးက အသစ်အဆန်းမို့ မြည်းစမ်းကြည့်ချင်နေရုံတင်ပါ ”

ယဲ့ကျန်းကျန်း သူ့နဖူးသူ လက်နဲ့ထောက်ထားမိတယ်။ တကယ်ကို ဒီတစ်ယောက်က အထူအပါး နားမလည်တာပဲ။ ရှန်ကိုယ်လုပ်တော်ကလည်း သူ(မ)နဲ့ အဆင့်တူတဲ့ ပထမအဆင့် ဖေးတစ်ပါးပဲလေ။ တကယ်လို့ အပြောခံရတဲ့သူက အဆင့်နိမ့် ကြင်ယာတော်‌လေးတစ်ပါးဆိုရင်တောင်မှ ဒီလိုစကားမျိုးက သူများတွေ သူ့ကို ရန်ငြိုးထားအောင် လှုံ့ဆော်ပေးနိုင်တယ်။ နန်းတော်‌ထဲမှာ နေတဲ့သူတွေက ပြဿနာ‌များများ မဖြစ်အောင်နေတာ ကောင်းတယ်။ ဒါပေမဲ့ လီကိုယ်လုပ်တော်ကတော့ ပြဿနာတွေကို များသထက်များအောင် လုပ်နေတာပဲ။ နောက်ကျ ဒီရွှေနန်းတော်ထဲမှာ သူ(မ) ဘယ်လောက်တောင် အထီးကျန်ပြီး နေရမလဲ မသိဘူး။

ယဲ့ကျန်းကျန်း ရှန်ကိုယ်လုပ်တော်ကို လှမ်းကြည့်လိုက်တယ်။ သူ(မ)မျက်နှာက တစ်ချက်မပြောင်းသွားပဲ အဝတ်အစားတွေကိုသာ ပြန့်အောင် ဟိုဟိုဒီဒီ လုပ်နေတယ်။ ကြည့်ရတာ သူ(မ)က စိတ်ရှည်တဲ့သူမျိုးဖြစ်မယ်နဲ့ တူတယ်။ ဒီတစ်ယောက်ကတော့ အဆင်ပြေသားပဲလို့ ယဲ့ကျန်းကျန်း တွေးမိတယ်။ နောက် လီကိုယ်လုပ်တော်ကို လှမ်းကြည့်လိုက်ပြီး ပြုံးရင်း

“ လီကိုယ်လုပ်တော်ပြောတာလည်း မှန်ပါတယ်။ အရှင်မင်းကြီးက အသစ်အဆန်းကို စမ်းကြည့်ချင်တာဆိုတော့ သဘောက ရှိပြီးသား အဟောင်းတွေက မလတ်ဆတ်တော့ဘူးဆိုတဲ့ သဘောပဲပေါ့ ”

လီကိုယ်လုပ်တော် မျက်နှာပျက်သွားပြီး ပြန်ချေပချင်ပေမဲ့ ကျွမ်းဖေးက သူ(မ) အင်္ကျီလက်ကို ဆွဲထားရင်း တားလိုက်တယ်။ ကျွမ်းဖေး အကုန်လုံးကို ပြုံးပြလိုက်ရင်း
“ ကျွန်တော်မျိုးမတို့ရဲ့ မိဖုရားခေါင်ကြီးက တကယ်ကို ကံကောင်းတဲ့ ပုဂ္ဂိုလ်ပါပဲ။ ဒါပေမဲ့ အစောနက မိဖုရားခေါင်ကြီး ပြောလိုက်တဲ့စကားက ကျွန်တော်မျိုးမတို့ အားလုံးကို မပျော်ရွှင်ဘူး ဖြစ်သွားစေတယ် ”

သူ(မ) ပြောချင်တာက ရှန်ကိုယ်လုပ်တော်က လွဲရင် ကျန်တဲ့သူတွေ အကုန်လုံးက မလတ်ဆတ်တော့ဘူးဆိုတဲ့ သဘောပေါ့။

“ အသစ်ကလေးတွေမှာလည်း သူတို့နည်းနဲ့သူတို့ ရှိတယ်။ ဒီလိုပဲ အဟောင်းတွေမှာလည်း သူ့နည်းနဲ့သူပေါ့။ အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် ဘာပြဿနာမှ မရှိဘူး။ အရေးကြီးတာက တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း ဆက်ဆံကြဖို့ပဲ။ တစ်ယောက်နဲ့ တစ်ယောက် သူ့ထက်ငါ သာအောင် လုပ်ချင်နေကြတဲ့သူတွေက များသောအားဖြင့် အဆုံးသတ်မကောင်းကြဘူး ”

တကယ်တော့ ယဲ့ကျန်းကျန်း သူတို့ ဘယ်လိုမျိုး ဒရာမာခင်းကြဦးမလဲဆိုတာ ကြည့်ချင်နေသေးတာ။ ဒါပေမဲ့ လီကိုယ်လုပ်တော် ဒေါသပုန်ထနေတာကို မြင်ရတာ ရယ်ရလို့ သူ(မ)ကိုယ်တိုင်ပါ ဒီစကားဝိုင်းထဲ ဝင်လာခဲ့တာပဲ ဖြစ်တယ်။ တစ်ဖက်က ကျွမ်းဖေးကတော့ ဒီအခြေအနေကို ဘယ်လို မှန်းဆရမလဲ လုံးဝမသိတော့ဘူး။ တကယ် ဒီလိုလျှာစောင်းထက်တဲ့သူမျိုးနဲ့ သူ(မ) စကားပြိုင်မပြောနိုင်ဘူး။

ကျွမ်းဖေးက တစ်ခုခု ပြန်ပြောဖို့ လုပ်လိုက်ပေမဲ့ ယဲ့ကျန်းကျန်းက လက်ဝှေ့ယမ်းပြလိုက်တော့ စူးယွဲ့က အလိုက်သိစွာနဲ့ပဲ လင်ဗန်းတစ်ခုကို ဆက်သလာတယ်။ အထဲမှာတော့ အဖိုးတန်ကျောက်မျက်တချို့နဲ့ ဖားပြုပ်တစ်ကောင်။

ဒီတစ်ခေါက် ဖားပြုပ်ကိုကျ အရည်အသွေးကောင်းမွန်တဲ့ အစိမ်း‌ရောင် ကျောက်စိမ်းကနေ ထုထားတာဖြစ်ပြီး လက်ရာကလည်း ကောင်းမွန်တယ်။ ထိလိုက်တဲ့အခါ ကောင်းမွန်တဲ့ ခံစားချက်တွေကို ပေးစွမ်းနိုင်တယ်။ မျက်လုံးတွေ မှိတ်လိုက်ပြီး ထိကြည့်တဲ့အခါ တကယ်ကြီးကို အဲ့လိုခံစားရတယ်။

လီကိုယ်လုပ်တော်နဲ့ ယှဉ်လိုက်ရင် ရှန်ကိုယ်လုပ်တော်က ကျက်သရေရှိရှိလေး ဖားပြုပ်ပန်းပုကို ရလိုက်တာပဲ ဖြစ်တယ်။ သူ(မ)မျက်နှာကလည်း‌ အေးအေးဆေးဆေး ပုံစံပဲဆိုတော့ ဘယ်သူမှ ဘာမှထပ်မပြောကြတော့ဘူး။

အဲ့ဒီနေ့ညမှာလည်း ကျီဝူကျိုးက ရှန်ကိုယ်လုပ်တော်ရဲ့ နာမည်ကတ်ပြားကို လှန်ခဲ့ပြန်တယ်။

နောက်နေ့မနက်ကျ ရှန်ကိုယ်လုပ်တော် ကျောက်စိမ်းဖားပြုပ်ရုပ် ချီးမြှင့်ခံရပြန်တယ်။

အရင်က ယဲ့ကျန်းကျန်း ပြောခဲ့ဖူးတဲ့ “ ဒီလိုပစ္စည်းတွေက တို့ဆီမှာ အများကြီးရှိတယ်။ ထားစရာနေစရာတောင် မရှိတော့ဘူး ” ဆိုတဲ့စကားက လီကိုယ်လုပ်တော်ကို ခနဲ့ဖို့ ပြောခဲ့တာ မဟုတ်ဘူးဆိုတာ အားလုံး သဘောပေါက်လာကြတယ်။

နောက်နှစ်လကြာပြီးတဲ့ နောက်မှာတော့ သူ(မ)ပြောခဲ့တာက တကယ် အဟုတ်ပဲဆိုတာ ပိုလို့တောင် သေချာသွားတယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now