Chapter 45

1.3K 131 1
                                    







ဒီနေ့ လက်နက်ကြီးကြပ်ရေးမှူး ကျန်းဖန် နန်းတော်ထဲ အခစားဝင်မယ်လို့ ယဲ့ကျန်းကျန်း ကြားထားတယ်။ ဒါနဲ့ သူမလည်း တစ်ချက်ကြည့်ရအောင် ရောက်လာခဲ့တယ်။

ကျီဝူကျိုးက ကျန်းဖန်ကို ယန်ရှင်းနန်းဆောင်မှာ လက်ခံတွေ့ခဲ့တယ်။ ကျန်းဖန် ကျီဝူကျိုးဆီ ရောက်လာတဲ့ အကြောင်းအရင်းက မြေမြှပ်မိုင်းနဲ့ ပတ်သက်ပြီး အခြေအနေကို လျှောက်တင်ဖို့ပဲ ဖြစ်တယ်။ မြေမြှပ်မိုင်းဆိုတဲ့ နာမည်ကို ယဲ့ကျန်းကျန်း ပေးထားတာ။ "မြေကြီးအောက်မှာ မြှုပ်ထားပြီး နင်းမိတာနဲ့ အပိုင်းပိုင်း ပြတ်ထွက်သွားစေမယ်" ဆိုတာက သူ့ရဲ့လုပ်ဆောင်ပုံနဲ့ လိုက်တယ်။ ယဲ့ကျန်းကျန်းက လက်နက်‌ရေးရာမှာလည်း ပါရမီပါတယ်ဆိုတာ ကျီဝူကျိုး သိလိုက်ရတယ်။

ကျန်းဖန် မြေမြှုပ်မိုင်းရဲ့ အခြေအနေအသေးစိတ်ကို ဧကရာဇ်နဲ့ ဧကရီကို ရှင်းပြနေတယ်။ ယဲ့ကျန်းကျန်းကတော့ ဒီသတင်းကို ကြားရလို့ ပျော်နေတယ်။ လက်နက်က စမ်းသပ်အခြေအနေကို ရောက်ရှိနေပြီဖြစ်ပြီး စမ်းသပ်ဖို့ အချိန်ကော၊ ‌မြေနေရာတွေကော လိုမယ်ဆိုတာ ကြားတဲ့အခါ ကျီဝူကျိုး ချက်ချင်းပဲ ဘတ်ဂျက် အမြောက်အမြား ထုတ်ပေးလိုက်တယ်။ နောက်ပြီး ‌ပွဲတော်ကာလထဲ စစ်သားတွေ အတော်ပင်ပန်းနေမှာပဲလို့ တွေးမိတာနဲ့ သူတို့ကိုလည်း ဆုလာဘ်တွေ အများကြီး ချီးမြှင့်ပေးခဲ့တယ်။

ဧကရာဇ်တစ်ပါးဖြစ်ဖို့ဆိုတာ ပါရမီအများကြီး ရှိဖို့ လိုတယ်။ သူတို့ထဲက တစ်ခုကို ထုတ်ပြရရင် စစ်သားပဲဖြစ်ဖြစ်၊ အမတ်ပဲ ဖြစ်ဖြစ် တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့သူတွေကို သူတို့ကြိုးစားအားထုတ်မှုတွေကို အထက်က အသိအမှတ်ပြုပေးတယ်၊ သိတယ်ဆိုတာ သူတို့သိအောင် လုပ်ပေးရမယ်။ ဒါက ပြောရလွယ်ပေမဲ့ လုပ်ဖို့ကျ ခက်တယ်။ ဒါကို လုပ်ရုံနဲ့တင် မပြီးသေးဘူး၊ ဟန်ချက်မျှအောင် ညှိနေဖို့လည်း လိုတယ်။ ဆုလာဘ်တွေ အများကြီး ချီးမြှင့်ပြန်ရင်လည်း ဂုဏ်မောက်လာကြလိမ့်မယ်၊ နည်းလွန်းရင်လည်း အားတက်သရောမရှိ ဖြစ်ကြပြန်ရော။ ဒါကြောင့်မို့ ကျီဝူကျိုး ဒီလိုကိစ္စတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်လို့ ယဲ့ကျန်းကျန်း ခံစားမိတယ်။

ကျန်းဖန် ဆုလာဘ်တွေနဲ့အတူ ပြန်ထွက်သွားပြီးတဲ့နောက် ကျီဝူကျိုး ယဲ့ကျန်းကျန်းကို မေးလာတယ်။

"မနေ့ညက မင်း သရဲခြောက်ခံရတယ်ဆို။ ဧကရီကတော့ တကယ် ဧကရီ ပီသပါတယ်။ သရဲက လူကို ခြောက်တာပဲ ကိုယ်ကြားဖူးတာ။ တစ်ခါမှ လူက သရဲကို ပြန်ခြောက်လွှတ်တယ်လို့ မကြားဖူးဘူး"

ယဲ့ကျန်းကျန်းကတော့ သိပ်သဘောကျ‌မနေဘူး။

"ဘာသရဲလဲ။ သူက သရဲဆို ကျွန်တော်မျိုးမက ယမမင်းပဲ"

ကျီဝူကျိုး သူမကို ကျီစယ်ချင်လာတယ်။

"ယမမင်းသာ မင်းလောက်လှရင် ကိုယ် သရဲဖြစ်သွားရင်နောက်မှာ မင်းနောက်ပဲ လိုက်မှာ"

ယဲ့ကျန်းကျန်း ဟွန့်ကနဲ လုပ်လိုက်ရင်း

"ဒါက ဘာနံ့လဲ"
သူမ ယန်ရှင်းနန်းဆောင်ကို ဝင်ကတည်းက အနံ့ခပ်သင်းသင်း‌လေး ရနေတာ။ ပုံမှန် သူမ သုံးနေကြ မွှေးရနံ့တွေနဲ့ မတူဘဲ ဒါက ပိုပြီး သဘာဝဆန်တယ်။ ပူဒီနာ အနံ့နဲ့ ဆင်ပေမဲ့ အဲ့လောက်ထိလည်း အနံ့မပြင်းဘူး။ သူ့အနံ့က နွေးထွေးပြီး လူကို စိတ်သက်တောင့်သက်သာ ဖြစ်သွားစေတဲ့အနံ့မျိုးလေး။

"မင်း သတိထားမိတာလား"

အမွှေးနံ့သာအိုးကို ညွှန်ပြရင်း ကျီဝူကျိုးက ပြောလာတယ်။

"အထဲမှာ လောင်နေတဲ့ အမွှေးနံ့သာကို ဟိုင်လီရှန်းလို့ ခေါ်တယ်"

"ဟိုင်လီရှန်းက ဘာလဲ"

ယဲ့ကျန်းကျန်း တစ်ခါမှ မကြားဖူးဘူး။

"ဒါက လုစုန့်ကနေ ဆက်သလာတဲ့ အမွှေးနံ့သာတုံးလေ။ ပင်လယ်ကမ်းစပ်မှာ ပေါက်ပြီး ဒီရေတက်ချိန်ဆို ကျွန်းငယ်‌လေးတစ်ခုလုံး ရေလွှမ်းသွားတယ်။ အဝေးကကြည့်ရင် ပင်လယ်ထဲ သစ်ပင်တွေ ပေါက်နေသလိုပဲ။ ဒါကြောင့်မို့ ဟိုင်လီရှန်း (ပင်လယ်ရဲ့နံ့သာ) လို့ ခေါ်တာ။ အရင်ကတော့ နှစ်တိုင်း မြို့တော်ကို ဆက်သတယ်။ ဒါပေမဲ့ သူ့ဆီက ပင်လယ်နံ့က ပြင်းတော့ မြို့တော်ကသူတွေက သိပ်မကြိုက်ကြဘူး။ အဲ့ဒါမို့ သူ့အကြောင်းကို သိတဲ့သူက နည်းနည်းပဲ ရှိတယ်။ ရှေ့ရက်တွေတုန်းက မယ်တော်က နံ့သာအိုးထဲ ထည့်ရှို့ဖို့ ဒီနံ့သာတုံးကို မီးသွေးဖုတ်ခိုင်းခဲ့တယ်။ သာမန် မီးသွေးတွေနဲ့ ဘာမှမကွာပေမဲ့ အနံ့ကျ ခပ်သင်းသင်းလေး ထွက်တယ်။ ကိုယ့်စိတ်ထဲ အနံ့က ကောင်းတယ်ထင်တာနဲ့ မယ်တော်ဆီက တောင်းလာလိုက်တာ"

ကျီဝူကျိုးက စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြနေတယ်။

ယဲ့ကျန်းကျန်း ထပ်အနံ့ခံကြည့်လိုက်တယ်။

"ကျွန်တော်မျိုးမလည်း သူ့အနံ့က ကောင်းတယ်လို့ ထင်တယ်"

"မင်းကြိုက်ရင် ကိုယ့်ဆီမှာ အများကြီး ရှိသေးတယ်။ လိုသလောက် ယူသွား‌လိုက်လေ။ ကိုယ် ထပ်လုပ်ခိုင်းလိုက်မယ်"

ယဲ့ကျန်းကျန်း ပြန်ချင့်ချိန်နေတယ်။ ဒီဟာက မယ်တော်ကြီး လုပ်ထားတာဆိုတော့ နောက်ကွယ်မှာ ဘာတွေရှိမလဲ ဘယ်သူက သိမှာလဲ။

ယဲ့ကျန်းကျန်း စိုးရိမ်နေတာကို ကျီဝူကျိုးလည်း သတိထားမိတယ်။

"မပူပါနဲ့။ ဒီဟိုင်လီရှန်းကို ကိုယ် သုံးတာ ရက်အနည်းငယ် ရှိနေပြီ။ ဒီဟာက တစ်ခုခု မှားနေပုံ မပေါ်ပါဘူး"

အမှန်ပဲ။ မယ်တော်ကြီးက ဘယ်လောက်ပဲ ဉာဏ်နီဉာဏ်နက် များပါစေ သူ့သားသူတော့ အန္တရာယ် ပေးမှာ မဟုတ်ဘူး။ ယဲ့ကျန်းကျန်း ခေါင်းညိတ်ပြီး လက်ခံလိုက်တယ်။


နှစ်သစ်ကူးကာလထဲ လက်နက်ထုတ်လုပ်ရေးကိစ္စတွေကို ဆက်တိုက်စစ်ဆေးနေတာက လွဲရင် ကျီဝူကျိုး လွှတ်တော်တက်တာ ရှားတယ်။ ဘယ်လောက်ပဲ ဧကရာဇ်လို့ ပြောပြော သူလည်း သူ့အတွက်သူ စိတ်အနားပေးဖို့အချိန် လိုသေးတယ်လေ။

ဒါပေမဲ့ သူ တခြားကိစ္စနဲ့ အလုပ်ရှုပ်နေတယ်။ ဧကရီရဲ့ ထူးဆန်းတဲ့ ရောဂါ .... ဘယ်လိုကုသရမလဲ ...

ဒီအတွက် သူ တော်ဝင်သမားတော်တွေ အကုန် ဆွဲခေါ်ပြီး တစ်ယောက်ချင်း မေးနေတယ်။ ဒါပေ‌မဲ့ ကုသဖို့နည်းမပြောနဲ့ ဘာရောဂါမှန်းတောင် တစ်ခါမှ မကြားဖူးကြဘူး။ မုတ်ဆိတ်ဖြူ တော်ဝင်သမားတော်ကြီးထိုက်တောင်မှ အဖြေမရှိဘူး ဖြစ်နေတယ်။

ကျီဝူကျိုး ရောဂါကုတတ်တဲ့သူတိုင်းကို လိုက်မေးပေမဲ့ ဘာအဖြေမှ မရသေးတာကြောင့် အတော်လေး စိတ်သောကရောက်နေတယ်။

သူ စိတ်သောကရောက်နေတုန်း ဖုန့်ရိုးတျယ်က ကြော်ငြာလာတယ်။

"အရှင်မင်းကြီး မစ္စတာတု နှုတ်ဆက်ဖို့ အခစားဝင်လာပါတယ်"

မုတ်ဆိတ်ထူနဲ့ တုဆိုတဲ့သူက တစ်ချိန်လုံး "ငါက ခရစ်ယာန်ဘုန်းတော်ကြီးပဲ၊ ငါ ကမ္ဘာကြီးကို ကယ်တင်ချင်တယ်" ဆိုတဲ့ မျက်နှာထားကြီးနဲ့ ဆိုပေမဲ့လည်း သူများကို မျက်နှာသာလုပ်တဲ့နေရာမှာတော့ အခွင့်အရေးကို အမိအရ လက်လွှတ်မခံတဲ့သူမျိုး။ ဒီတစ်ခေါက်မှာ တရုတ်လူမျိုးတွေရဲ့ ဓလေ့အတိုင်း နှစ်သစ်ဆုမွန်ကောင်း တောင်းပေးဖို့ ရောက်လာတာပဲ ဖြစ်တယ်။

အဲ့ဒါနဲ့ ကျီဝူကျိုးလည်း သူ့ကို ဝင်လာခိုင်းလိုက်ပြီး စကားစမြည် ခဏ ပြောပြီးတဲ့နောက် မေးလိုက်တယ်။

"မစ္စတာ၊ အမျိုးသမီးတစ်ယောက်က ယောကျာ်းနဲ့မိန်းမကြား အိပ်ရာပေါ်ကကိစ္စကို လုပ်တဲ့အချိန်မှာ ပျို့အန်ချင်လာတယ်လို့ ခင်ဗျားကြားဖူးလား"
"???"

မုတ်ဆိတ်ထူတုက ပုံမှန်ဆိုရင်တော့ ပုံမှန်စကားတွေကို နားလည်ပေမဲ့ ဒီလိုစကားလုံးမျိုးကျ သူ့အတွက် နားလည်ဖို့ရာ ခက်ခဲလွန်းတယ်။

" ... အန်ထွက်တာကို ပြောချင်ဝာာ"

"အို ... အရှင်မင်းကြီး ကျွန်ုပ် အဲ့လိုဟာမျိုး ကြားဖူးတယ်"

"အို?"
ကျီဝူကျိုး အပျော်လွန်ပြီး နဂါးပလ္လင်ကနေတောင် ခုန်ထွက်သွားမလိုပဲ။

"မစ္စတာ ဒီရဲ့နောက်က အကြောင်းအရင်းကို ခင်ဗျား သိလား"

ထို့နောက် မုတ်ဆိတ်ထူတုဆီက ထွက်လာတဲ့စကားတွေကို ကျီဝူကျိုးကို မိုးကြိုးပစ်ချလိုက်သလိုပဲ။

"အဲ့တာက ဘာလို့ဆို အမျိုးသမီးက အမျိုးသမီးကိုပဲ ကြိုက်ပြီး အမျိုးသားကို မကြိုက်လို့ပဲ"

သူ ပြောရင်း ခဏရပ်လိုက်ပြီးမှ

"ဒါက အပြစ်တစ်ခုပဲ။ ပြောင်းလဲမှ ရမယ်"
"....."

လွယ်လွယ်နဲ့ အမျက်ရှတတ်ပြီး အညိုးအတေးလေး ထားတတ်တဲ့ ဧကရာဇ်တစ်ပါးအနေနဲ့ ကျီဝူကျိုး သူ မကြိုက်တဲ့သူတွေကို သူ့စိတ်ထဲက မှတ်စုလေးထဲ ချရေးထားတတ်တယ်။ ဒါပေမဲ့ ဘယ်သူမှ မုတ်ဆိတ်ထူတုလောက် မည်းမနေခဲ့ဘူး။ မုတ်ဆိတ်ထူတု ပြောလိုက်တဲ့စကားတွေက ယဲ့ရှိုးမင် သူ့ကို အရင်က လုပ်ခဲ့သမျှ အားလုံးထက်တောင်မှ ပိုသက်ရောက်မှု ကြီးမားသေးတယ်။

ကျီဝူကျိုး သူ့စိတ်သူ အတတ်နိုင်ဆုံးထိန်းရင်း နောက်ဆုံးကျ အဲ့မုတ်ဆိတ်ထူတုကို ကန်ချင်းနန်းဆောင်က ဆွဲထုတ်သွားဖို့ပဲ ဖုန့်ရိုးတျယ်ကို အမိန့်ပေးလိုက်တယ်။

သူ တကယ် အဲ့လူကို ဘာမှအပြစ်ပေးလို့ မရဘူး။ သူက အသက်လည်းကြီးနေပြီမို့ တစ်ခုခုသာ ဖြစ်သွားကြည့် ယဲ့ကျန်းကျန်းက သေချာပေါက် သူ့ကို စိတ်ဆိုးလိမ့်မယ်။

အဲ့ဒီနောက် ကျီဝူကျိုး ယဲ့ကျန်းကျန်းကို တွေ့ဖို့ ခွန်းနင်နန်းဆောင်ကို ရောက်လာတယ်။ သူ ရောက်ရောက်ချင်းပဲ တစ်ခုခုက မှားနေတာကို သတိထားလိုက်မိတယ်။ ယဲ့ကျန်းကျန်းက စောင်ခြုံပြီး ကုတင်ပေါ်မှာ လှဲနေတယ်။ အတော်လေး အိပ်မောကျနေပုံရပြီး သူမနဖူးမှာ ချွေးစေးတွေ ထွက်နေတယ်။ နဖူးနားက ဆံပင်တွေပါ ချွေးတွေနဲ့ ရွှဲနစ်နေပြီ။

ယဲ့ကျန်းကျန်း အအိပ်မက်တာကို ကျီဝူကျိုး သိတယ်။ ဒါပေမဲ့ တခြားသူတွေထက် အိပ်ရာထတာ နည်းနည်း နောက်ကျရုံလောက်ပဲ ရှိတယ်။ နေ့လယ်ခင်းကြီး အိပ်နေတယ်ဆိုတာက ပုံမှန်မဟုတ်ဘူး။ သူမကို နှိုးလိုက်ပြီး

"ကျန်းကျန်း နေလို့မကောင်းလို့လား"

ယဲ့ကျန်းကျန်း မျက်လုံးကို ပွတ်ရင်း နိုးလာတယ်။

"အရှင်မင်းကြီး ရောက်နေတာပဲ"

ထို့နောက် သူမ အိပ်ရာက ထဖို့ လုပ်လိုက်တယ်။ ကျီဝူကျိုး သူမကို ပြန်လှဲခိုင်းလိုက်ပြီး နဖူးကို စမ်းလိုက်တယ်။ ကိုယ်ပူမနေပေမဲ့ ချွေးစေးတွေ ထွက်နေတယ်။ အဲ့နောက် သူ ယဲ့ကျန်းကျန်းကို ပြန်ကြည့်လိုက်တယ်။ သူမ မျက်နှာက ဖျော့တော့နေပြီး အတော်လေး ပင်ပန်းနေပုံပေါ်တယ်။ ကျီဝူကျိုး မျက်မှောင်ကျုံ့ရင်း စူးယွဲ့ကို မေးလိုက်တယ်။

"မင်းတို့သခင်မ ဘာဖြစ်ခဲ့တာလဲ"

စူးယွဲ့လည်း အားအင်မရှိတဲ့ပုံ ပေါ်နေတယ်။

"အရှင်မင်းကြီးကို ပြန်ဖြေပါတယ်။ မယ်မယ်က ရှေ့၂ရက်လောက်ကတည်းက အရမ်းအိပ်နေတာပဲ။ အကြောင်းအရင်းကိုတော့ ကျွန်တော်မျိုးမလည်း မသိပါဘူး"

"အမြန် သမားတော်ကို သွားခေါ်ချေ"

ဒီအချိန်မှာ တာဝန်ကျနေတဲ့ သမားတော်က သ‌မားတော်တင်းပဲ ဖြစ်တယ်။ အသက် ၃၀ဝန်းကျင်လောက် ရှိပြီး သမ္ဘာရင့်တဲ့ သမားတော်တော့ မဟုတ်သေးပေမဲ့ အဲ့လောက်နီးနီးတော့ ရှိတယ်။ သူ့ဆေးပညာက တော်တယ်လို့တော့ ဆိုရမယ်။

"မယ်မယ့်သွေးခုန်နှုန်းက အတော် အားနည်းနေတယ်။ မသိရင် ခန္ဓာကိုယ်က တစ်ခုခု ဒဏ်ရာရနေသလိုမျိုးပဲ။ မယ်မယ် လတ်တလောမှာ ခိုက်မိထားတာမျိုး ရှိလား"

ဘေးမှာ ရပ်နေတဲ့ စူးယွဲ့က ဖြေလာတယ်။

"လုံးဝပဲ။ မယ်မယ် ခြေထောက်ဒဏ်ရာ ရသွားကတည်းက အတော်လေး သူ့ကိုယ်သူ ဂရုစိုက်ပြီး နေတာ။ ဘယ်တုန်းကမှ ဒဏ်ရာ မရဖူးဘူး"

"ဒီလိုဆိုရင် သူမ ကြီးကြီးမားမား ထိတ်လန့်စရာရသွားတာမျိုးကော ရှိလား"

သမားတော်တင်း ဒီမေးခွန်းကို မေးလိုက်တဲ့အချိန် အားလုံး ကြက်သေသေသွားတယ်။ ထိတ်လန့်သွားလို့ ဖြစ်တာဆိုရင် ရှေ့ ၂ရက်လောက်က တစ္ဆေကိစ္စပဲ ရှိတယ်။ ဒါပေမဲ့ ယဲ့ကျန်းကျန်းက နည်းနည်းလေးမှတောင် ကြောက်တဲ့ပုံမပေါ်တာကို ဘယ်လိုလုပ် ဒီလိုသွေးခုန်နှုန်း ဖြစ်နေရတာလဲ။ ကျီဝူကျိုး ယဲ့ကျန်းကျန်းရဲ့ သတ္တိကို ယုံတယ်။ ကြောက်ချင်းကြောက် သရဲကတောင် ပြန်ကြောက်ရဦးမှာ။ နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုခုတော့ ရှိရမယ်။

သူတို့ ၃ယောက်လုံး ပြန်မဖြေလာတာကို တွေ့တဲ့အခါ သမားတော်လည်း သဘောပေါက်လိုက်ပြီ။ နန်းတော်ထဲ အလုပ်လုပ်ဖို့ဆို ရူးချင်ယောင်ဆောင်တတ်တာလည်း အရည်အချင်းတစ်ခုပဲ။ အဲ့ဒါနဲ့ သူလည်း ထပ်မေးဖို့ မလို‌အပ်လောက်တော့ဘူးလို့ပဲ ယူဆလိုက်ပြီး

"တကယ်လို့ ထိတ်လန့်မှုကြောင့် ဖြစ်တာဆိုရင် ကျွန်တော်မျိုး ဆေးညွှန်းဖွင့်ပေးခဲ့ပါမယ်"

"ခဏလေး"

ကျီဝူကျိုး သမားတော်ကို တားလိုက်တယ်။ စူးယွဲ့ရဲ့ ဖျော့တော့တဲ့ မျက်နှာကို ကြည့်လိုက်ပြီး

"စူးယွဲ့ကိုလည်း စမ်းသပ်ကြည့်လိုက်"

သမားတော်တင်း စူးယွဲ့ကို သွေးခုန်နှုန်း စမ်းလိုက်တယ်။ ထို့နောက် အံ့အားသင့်သွားပြီး

"ဘယ်လိုလုပ် ဒီသွေးခုန်နှုန်းမျိုးပဲ ရှိနေရတာလဲ"

သမားတော်တင်း ပြန်မဖြေခင်မှာတင်ပဲ စူးယွဲ့က ပြောလာတယ်။

"ကျွန်တော်မျိုးမ ထိတ်လန့်စရာ မကြုံခဲ့သလို ဒဏ်ရာလည်း မရဖူးပါဘူး"

ဧကရီနဲ့ စူးယွဲ့တို့ နှစ်ယောက်လုံး သရဲနဲ့ တွေ့ခဲ့ကြပြီး၊ နှစ်ရက်ပဲ ရှိသေးတာကို ဒီလိုကိစ္စမျိုး ဖြစ်တယ်ဆိုတော့ နောက်ကွယ်က အကောက်ကြံနေတဲ့သူ မရှိဘူးပြောရင် ဘယ်သူယုံမှာလဲ။ ကျီဝူကျိုး ယဲ့ကျန်းကျန်းကို ကြည့်လိုက်တော့ သူမမျက်နှာပေါ်က အမူအရာက တစ်ခုခုကို သဘောပေါက်သွားတဲ့ပုံပဲ။

"တကယ်ကို နောက်ဆက်တွဲအကြံအစည်က ရှိနေတာပဲ"

ယဲ့ကျန်းကျန်း သရော်လိုက်တယ်။

"ဒါကို မကုဘဲ ထားလိုက်ရင် ဘာဆက်ဖြစ်နိုင်လဲ"

ကျီဝူကျိုးက သမားတော်တင်းကို မေးလိုက်တယ်။

"အရှင်မင်းကြီးကို ပြန်ဖြေပါတယ်။ မကုသဘဲ ထားလိုက်ရင် ခန္ဓာကိုယ်က တဖြေးဖြေး အားနည်းလာပြီး နောက်ဆုံးကျ အသက်ဆုံးရှုံးသွားနိုင်ပါတယ်"

"ထိတ်လန့်မှုကြောင့်ဖြစ်တယ်လို့ ယူဆပြီး ကုမယ်ဆိုရင် ဒါကို ကုသလို့ ရနိုင်တာ သေချာလား"

"‌ဒါကတော့ ..."

သူတို့ရဲ့ အမူအရာကနေ တဆင့် နောက်ကွယ်မှာ ကိစ္စတစ်ခုခုတော့ ရှိရမယ်လို့ သမားတော်တင်း သဘောပေါက်လိုက်တယ်။ အဲ့ဒါကြောင့်မို့

"တကယ်လို့ တခြားအကြောင်းအရင်းကြောင့်ဆိုရင်တော့ ကျွန်တော်မျိုးလည်း အာမ မခံနိုင်ပါဘူး"

ဆိုတော့ ဒီလိုနဲ့ ယဲ့ကျန်းကျန်းသာ သေသွားရင် သရဲကြောင့်လို့ဆိုပြီး အပြစ်ပုံချလို့ရပြီ။ သိပ်ကောင်းတဲ့နည်းလမ်းပဲ၊ ဘယ်သူမှ အပြစ်တင်ခံစရာ မလိုဘူး။ ယဲ့ကျန်းကျန်း တွေးရင်း ဒေါသထွက်လာတယ်။ အဲ့လူက တော်တော် ကောက်ကျစ်ပြီး ပါးနပ်တဲ့လူပဲ။ လက်စလက်နတောင် မချန်ထားဘဲ လူတစ်ယောက်ကို အစဖျောက်ပစ်ဝာာ။ အဲ့နေ့ကသာ သူမ သရဲကြောက်ပြီး အော်ခဲ့မိရင် သူမ ထိတ်လန့်သွားတာကြောင့် နေမကောင်းဖြစ်တယ်လို့ပဲ ‌ထင်ရလိမ့်မယ်။

သမားတော်ကို ပြန်လွှတ်လိုက်ပြီးနောက် ကျီဝူကျိုး ယဲ့ကျန်းကျန်းရဲ့ ကုတင်ရှေ့ ရှေ့နောက် ခေါက်တုန့်ခေါက်ပြန် လျှောက်နေတယ်။ သူ့ကို ကြည့်ရင်း ယဲ့ကျန်းကျန်း မျက်စိမူးလာပြီး သမ်းဝေကာ ပြန်အိပ်ဖို့ လုပ်လိုက်တယ်။

"ဟင့်အင်း မင်း ဆက်အိပ်လို့ မရဘူး"

ကျီဝူကျိုး သူမကို ထူလိုက်ရင်း စူးယွဲ့ကို အမိန့်ပေးလိုက်တယ်။

"စူးယွဲ့ မင်းတို့ သခင်မကို အဆင့်သင့်ဖြစ်အောင် ကူညီပေးလိုက်။ မင်းတို့ ‌နှစ်ယောက်စလုံး ဒီနေ့ ကန်ချင်းနန်းဆောင်ကို ပြောင်း‌နေရမယ် "

နှစ်ယောက်စလုံး တစ်ချိန်တည်းမှာ နေမကောင်းဖြစ်နေကြတယ်ဆိုတော့ အဖြစ်နိုင်ဆုံးက တစ်ယောက်‌ယောက်က ခွန်းနင်နန်းဆောင်မှာ တစ်ခုခု လာလုပ်ထားလို့ပဲ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကို စိတ်ချရတဲ့နေရာကို အရင် ပြောင်းခိုင်းထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ကျီဝူကျိုး ယဲ့ကျန်းကျန်းကို ပွေ့ချီလိုက်တယ်။ သူမကိုယ်လေးက အရင်လို အားမာန်အပြည့်နဲ့ ဖြစ်မနေဘဲ နွမ်းလျနေတာကို မြင်ရတော့ ကျီဝူကျိုး စိတ်လည်း မကောင်း၊ ဒေါသလည်း ထွက်နေတယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now