Chapter 26

2.2K 254 2
                                    

Empress with No Virtue
Chapter 26
Translator – Utopia

ရုပ်ရည်အရပြောရရင် ရွှီဝေ့ရုံက တကယ်ကို အသည်းခိုက်အောင်လှတယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်။ အရပ်ရှည်ရှည် သွယ်သွယ်လျလျလေးနဲ့ ဘဲဥပုံ မျက်နှာပေါက်ကိုမှ နှင်းပွင့်ဖြူလို အသားအရေရှိတယ်။ တောက်ပတဲ့ မျက်ဝန်းတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ မနက်အစောပိုင်းတုန်းက သူမ ယဲ့ကျန်းကျန်းကို နှုတ်ဆက်တဲ့အချိန် သူမ ရာထူးအရဆို မတ်တပ်ရပ်နေရမှာ ဖြစ်ပေမဲ့လည်း မနေ့က ပထမဆုံးညကို ဖြတ်သန်း ထားတာဆိုတော့ ယဲ့ကျန်းကျန်း သူမကို ထိုင်ခွင့်ပေးလိုက်တယ်။

ရွှီချိုင်ရန်က မယ်တော်ကြီးရဲ့ တူမဖြစ်တဲ့အပြင် ဧကရာဇ်ရဲ့ ဝမ်းကွဲညီမလည်း ဖြစ်တာကြောင့် လီကိုယ်လုပ်တော်နဲ့ ရှီးဖေးတို့တော့ ဘာမှမလုပ်ရချေ။ ဒါ့ကြောင့်မို့ မနေ့က အရှင်မင်းကြီးက သူမနန်းဆောင်မှာ အိပ်စက်ခဲ့တာတောင်မှ ဒီနေ့မနက် ခွန်းနင်နန်းဆောင်ထဲ ဘာချဉ်တူးတဲ့စကားမှ မကြားရဘဲ ငြိမ်းချမ်းနေတယ်။

ဒါပေမဲ့လည်း တခြားသူတွေက သူမကို သတိထားပြီး ဆက်ဆံကြတာကို တွေ့တာတောင်မှ ရွှီချိုင်ရန် စိတ်ထဲမှာ ပျော်ရွှင်မနေချေ။ မနေ့ညက အရှင်မင်းကြီးက သူမနန်းဆောင်မှာ အိပ်တယ်ဆိုတာ ဟုတ်ပေမဲ့ သူမကို လက်ဖျားနဲ့တောင် မထိချေ။ မိန်းကလေးတစ်ယောက်အနေနဲ့ သူမဘက်ကစပြီး သွေးဆောင်ဖို့ကလည်း မသင့်တော်ပြန်ဘူး။

ယဲ့ကျန်းကျန်းလည်း လုပ်နေကျအတိုင်း သူမကို လက်ဆောင်တချို့ ချီးမြှင့်လိမ့်မယ်။ အစောတုန်းက ကျီဝူကျိုးက သူမကို ကျောက်စိမ်းဖားပြုပ်တွေ ထပ်မပေးတော့ဖို့ သတိပေးထားတာကြောင့် ဒီနေ့ လက်ဆောင်ကတော့ အရမ်းထူးထူးခြားခြားဖြစ်တဲ့ဟာမျိုး မဟုတ်တော့ဘူး။ ရွှီချိုင်ရန်က ကြည့်ပဲ ကြည့်လိုက်ပြီး သူမလူတွေကို သိမ်းထားဖို့ ခိုင်းလိုက်တယ်။ သူမ အဆင့်၆ ချိုင်ရန်ရာထူးပဲ ရတာက ယဲ့ကျန်းကျန်းကြောင့်ဆိုတာ တွေးမိတဲ့အခါ သူမ စိတ်ထဲ ယဲ့ကျန်းကျန်းနဲ့ပတ်သက်ပြီး ခံစားချက်ကောင်း မရှိချေ။ ဒါပေမဲ့လည်း သူမက ဧကရီမိဖုရားခေါင်ဖြစ်နေတော့ကာ ရွှီချိုင်ရန်အနေနဲ့ ရွေးချယ်စရာမရှိဘဲ တလေးတစား ဆက်ဆံရလိမ့်မယ်။

ကျန်တဲ့ ကြင်ယာတော်တွေလည်း စပြီးတော့ စကားစမြည် ပြောလာကြတယ်။ ရှီးဖေးက

“ မယ်မယ်ပေးလိုက်တဲ့ လက်ဆောင်ထဲ နံ့သာပေါင်းသစ်သားပုတီးစေ့ လက်ကောက်တစ်ကွင်းကို ကျွန်တော်မျိုးမ တွေ့လိုက်တယ်။ ကြည့်ရတာ အရှင်မင်းကြီးမှာလည်း အဲ့လိုဟာမျိုးတစ်ခုရှိသလိုပဲ”

ဝမ်ကျဲယွီကလည်း ထောက်ခံလိုက်တယ်။

“ ဟုတ်တယ် အဲ့တာ တကယ်ပဲ။ ရှေ့ရက်တွေတုန်းက အရှင်မင်းကြီး ဝတ်ထားတာကို ကျွန်တော်မျိုးမ မြင်ခဲ့တယ်ရယ်”

ယဲ့ကျန်းကျန်းမှာ သူ့ဖာသာသူတောင် ရတနာတွေက များလွန်းနေပြီမို့ တော်တော်များများကို သူမ မှတ်တောင် မမှတ်မိတော့ဘူး။ ဒါပေမဲ့ စူးဖုန့်နဲ့ စူးယွဲ့ကတော့ ကျီဝူကျိုး သူမကို တိုက်ရိုက်လက်ဆောင်ပေးထားတဲ့ပစ္စည်းကို ပေးလိုက်မှာမဟုတ်ဘူးဆိုတာ သူမ ယုံတယ်။

လက်ကောက်က ကျီဝူကျိုး သူမကို လက်ဆောင်ပေးထားတာ မဟုတ်ချေ။ အဲ့ဒါက တခြားတိုင်းပြည်တစ်ခုက ဆက်သလာတဲ့ လက်ဆောင်ပဲ ဖြစ်တယ်။ စုစုပေါင်း နှစ်ခုရှိပြီး နံ့သာပေါင်းသစ်သားပုတီးစေ့က အနံ့ကောင်းတာမို့ ကျီဝူကျိုး သူ့အတွက်သူ တစ်ခု ယူလိုက်ပြီး ကျန်တာကိုတော့ ဧကရီ ကြိုက်သလို ဆုံးဖြတ်ဆိုပြီး ခွန်းနင်နန်းဆောင်ကို ပို့လိုက်တယ်။ ဒီလိုနဲ့ နံ့သာပေါင်းသစ်သားပုတီးစေ့ လက်ကောက်က ခွန်းနင်နန်းဆောင်ကို ရောက်လာတာ။

အဲ့အကြောင်းကို ကြားတဲ့အခါ နန်းဆောင်ကို ပြန်ရောက်တဲ့အခါ ရွှီချိုင်ရန်က ချက်ချင်းပဲ ဝတ်ပစ်လိုက်တယ်။ ညနေခင်းမှာတော့ မယ်တော်ကြီးဆီ သူမတစ်ယောက်တည်း သွားလည်တယ်။ ကျီဝူကျိုးလည်း အဲ့မှာ ရောက်နေတာဆိုတော့ သုံးယောက်သား စကားစမြည် ပြောဖြစ်ကြတယ်။ ရွှီချိုင်ရန်က ကျီဝူကျိုးရဲ့ လက်ကောက်ဝတ်ကို လိုက်ကြည့်နေပြီး သူ တကယ်ပဲ နံ့သာပေါင်းသစ်သားပုတီးစေ့ လက်ကောက်ကို ဝတ်ထားတာ တွေ့လိုက်ရတယ်။

သူတို့ စစ်နင်နန်းဆောင်က ပြန်လာတဲ့အခါ သူမက သူတို့နှစ်ယောက်ကြားက အဆင့်အတန်း အနေအထား ကွာခြားတာကိုတောင် ဂရုမစိုက်ဘဲ ဟိုးအရင်က လုပ်နေကြလိုမျိုးပဲ အပြေးလာပြီး ကျီဝူကျိုးလက်ကို ကောက်ချိတ်လိုက်တယ်။

“ဘာတွေ အဲ့လောက် ပျော်နေတာလဲ ”

ကျီဝူကျိုးက မေးလိုက်တယ်။

“ ဝမ်းကွဲအစ်ကို ” ရွှီချိုင်ရန်က သူ့လက်ကို ဆွဲမြှောက်လိုက်ပြီး သူမလက်ကိုလည်း ပြရင်း “ ဒီမှာကြည့်”

သူမဆီကနေ အရှင်မင်းကြီးလို့ မဟုတ်ဘဲ ဝမ်းကွဲအစ်ကိုလို့ ခေါ်တာကို ကြားရတဲ့အခါ ကျီဝူကျိုးစိတ်ထဲ သက်တောင့်သက်သာ မရှိဘူးဖြစ်သွားတယ်။ သူတို့နှစ်ယောက် ဆင်တူဝတ်ထားတာကို တွေ့တဲ့အခါ

“ ဒါကို ဘယ်ကရတာလဲ”

“ ဧကရီမိဖုရားခေါင် လက်ဆောင်ပေးလိုက်တာ “

ဧကရီဆီမှာ ဒီပစ္စည်းရှိနေတာက မထူးဆန်းဘူး။ ကျီဝူကျိုး သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ဘာမှပြန်မပြောလာဘူး။

ရွှီချိုင်ရန်က အနားပိုတိုးလာပြီး ပိုလှလှပြုံးကာ

“ ဝမ်းကွဲအစ်ကိုနဲ့ယောင်းမက တကယ် လိုက်ဖက်တဲ့စုံတွဲပဲ”

ကျီဝူကျိုး သူမကို ညင်ညင်သာသာနဲ့ တွန်းထုတ်လိုက်တယ်။

“ ဒီစကားကကော ဧကရီ ပြောလိုက်တာလား”

တစ်ဖက်လူက ငြင်းဆန်နေတယ်ဆိုတာ သိပ်သိသာနေတဲ့အတွက် ရွှီချိုင်ရန်လည်း ခေါင်းငုံ့လိုက်ပြီး

“ ဒီစကားက မကောင်းလို့လားဟင်”

“ မကောင်းဘူး။ နောက်တစ်ခါ ထပ်မပြောနဲ့”

သူမဆီက စိတ်ပျက်မှုကို ကျီဝူကျိုးကတော့ သတိမထားမိဘဲ သူ့လက်က လက်ကောက်ကို ချွတ်ကာ “ မင်း သိပ်ကြိုက်တယ်ဆိုမှတော့ ဒီတစ်ခုလည်း မင်းကိုပဲ ကိုယ်တော် ချီးမြင့်လိုက်ပြီ”

ထို့နောက် သူမကို တစ်ချက်တောင် မကြည့်ဘဲ ထွက်သွားတော့တယ်။

လက်ထဲက ပုတီးလက်ကောက်ကို ကြည့်ကာ ရွှီချိုင်ရမ် အံကြိတ်လိုက်တယ်။ သူမ ဒေါသတွေ တလိပ်လိပ် တက်လာနေတယ်။ သူမ ရွှီဝေ့ရုံနဲ့ ကျီဝူကျိုးက ငယ်သူငယ်ချင်းတွေ။ သူတို့ကမှ ကောင်းကင်က တွဲဖက်ပေးတဲ့ စုံတွဲ။ ကျီဝူကျိုးဘေး အခု ရှိနေရမယ့်သူက သူမပဲ ဖြစ်သင့်တာ .... ယဲ့ကျန်းကျန်းရဲ့အဖိုးက လွှတ်တော်ထဲ အာဏာရှိတယ်ဆိုတာကြောင့် ဝမ်းကွဲအစ်ကိုက သူမကို လက်ထပ်ခဲ့တာ။

ဒီကိစ္စကို သူမ ဘယ်လိုလုပ် လွယ်လွယ်နဲ့ လက်ခံပေးလိုက်ရမှာလဲ !!

ကျီဝူကျိုးဆီ ဘာဖြစ်ခဲ့တာလဲ ယဲ့ကျန်းကျန်း မသိချေ။ သူနဲ့အတူ ခွန်းနင်နန်းဆောင်ကို လျှောက်တင်လွှာတွေ အများကြီးပါ ကြည့်ရှုဖို့ ယူချလာတယ်။

ဆောင်းတွင်းရောက်ပြီမို့ အပြင်မှာ မှောင်နေပြီဆိုပေမဲ့လည်း ခွန်းနင်နန်းဆောင်ထဲမှာတော့ ဖယောင်းတိုင်မီးတွေနဲ့ လင်းထိန်နေတယ်။ အဝင်နားမှာ ရိုးတံ‌ရှည် အဖြူရောင်ပန်းပွင့်လေးတွေပွင့်တဲ့ ပန်းအိုးတစ်လုံးရှိပြီး အဖြူရောင်ပန်းပွင့်ချပ်လေးတွေက လန်းဆန်းတဲ့ရနံ့ကို ပေးတယ်။

ယဲ့ကျန်းကျန်း တွေးမိတယ်။ လူတိုင်းက ဘာလို့ ဧကရီမိဖုရားခေါင်ဖြစ်ချင်နေကြလဲဆိုတာ မအံ့ဩတော့ဘူး။ ကျန်တာတွေထား ဒီခွန်းနင်နန်းဆောင်တစ်ခုတည်းနဲ့တင် သူမကိုယ်သူမ ရာထူးချခံရမယ့်ကိစ္စမျိုး အဖြစ်ခံမှာ မဟုတ်ချေ။

ကျီဝူကျိုး ဝင်လာတဲ့အခါ ယဲ့ကျန်းကျန်း ဟွားရုံတောက်ကို ကစားလျက်ရှိတယ်။ သူမဆော့နေတဲ့ကစားနည်းက ပြည်တွင်းကဆရာတစ်ယောက်က ပိုခက်ပြီး အနိုင်ရဖို့ ရှုပ်ထွေးအောင် လုပ်ထားတဲ့ဟာ ဖြစ်တယ်။ သူမ ကစားနေတာကို မြင်တဲ့အခါ ကျီဝူကျိုး လျှောက်လာပြီး ရွှေ့ကွက်အနည်းငယ်မှာတင် သူမကို အနိုင်ရအောင် လုပ်ပေးလိုက်တယ်။ ယဲ့ကျန်းကျန်းကတော့ အံ့ဩပြီး မျက်လုံးကို ပြူးလို့။

အလုပ်လုပ်ရင်း ခဏလောက်ကြာတဲ့အခါ ကျီဝူကျိုးက ယဲ့ကျန်းကျန်းကို လျှောက်တင်လွှာတချို့ ပေးလာတယ်။

“ မင်းကြည့်ရတာ လုပ်စရာလည်း မရှိဘဲ အတော်လေးအားနေတဲ့ပုံပဲ။ ဘာလို့ ကိုယ့်ကို လာမကူလဲ”

ယဲ့ကျန်းကျန်း လျှောက်တင်လွှာတွေကို လက်ခံလိုက်တယ်။ ဒါပေမဲ့ မဖတ်ကြည့်ရသေးခင်မှာတင် သူမစိတ်ထဲ ကျီဝူကျိုးက အကြံကောင်းနဲ့တော့ မဟုတ်ဘူးလို့ ခံစားရတယ်။ ထောင်ချောက်တွေကို ရှောင်ရင်းရလာတဲ့အတွေ့အကြုံတွေကြောင့် သတိက သူမစိတ်ထဲ ကပ်နေပြီ။ လျှောက်တင်လွှာထဲက အကြောင်းအရာတွေက သိပ်မဆန်းပါဘူး။ တော်တော်များများက အရှင်မင်းကြီးဆီက ခွင့်ပြုမိန့် တောင်းခံတာတွေကြီးပဲ။ ဒါပေမဲ့ အဲ့အထဲက တစ်ခုကတော့ ဖန့်ရှိုးချင်းရဲ့ လျှောက်တင်လွှာဖြစ်တယ်။ အကြောင်းအရာကတော့ တတုန်းမှာရှိတဲ့ အဓိက စစ်သူကြီးကို ပြောင်းဖို့ကိစ္စလိုမျိုးပဲ။ ပထမတစ်ယောက်က တိုင်းပြည်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ထားတာမို့ ကျီဝူကျိုးက လူလွှတ်ပြီး ခေါင်းဖြတ်ကွပ်မျက်စေကာ စစ်တပ်ကိုလည်း ပြန်လည်တည်ငြိမ်အောင် လုပ်ခဲ့တယ်။ အခု အဲ့ရာထူးက လစ်လပ်နေတော့ ဒီနေရာမှာ လီရွှီကို အကြံပြုပါတယ်ဆိုပြီး ဖန့်ရှိုးချင်းက‌ လျှောက်တင်ထားတယ်။

အဲ့ဒါက ပြဿနာပဲ။ လီရွှီက သူမရဲ့ အစ်ကိုကြီး၊ ယဲ့ရှင်းဖန့်ရဲ့ ဇနီးဘက်က မိသားစုဖြစ်တယ်။ ဒါ့ကြောင့်မို့ ယဲ့မိသားစုအောက်ပဲလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဘာလို့ ဖန့်ရှိုးချင်းက သူ့ကို အကြုံပြုရတာလဲ။

ဒီလုရွှီကို သူမ အရင်က မမြင်ဖူးပေမဲ့လည်း ကြားတော့ ကြားဖူးတယ်။ သူမ သိသလောက်ဆို လီရွှီက သတ္တိတော့ ရှိတယ်ဆိုပေမဲ့ စိတ်မြန်လက်မြန်ရှိတဲ့လူမျိူး။ တတုန်းက နယ်ခြားစောင့်တပ်ဖြစ်ပြီး ပုန်ကန်ထကြွတဲ့သူတွေလည်း ရှိတယ်။ အဓိက စစ်သူကြီးအနေနဲ့ ဒီအခြေအနေတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့ လိုတယ်။ ကျီဝူကျိုး ဒီကိစ္စကို ခွင့်မပြုပေးသင့်ဘူး။ ဒါ့အပြင့် အဲ့ကစစ်တပ်မှာက ခေါင်းဆောင်တစ်ယောက်က အမှားလုပ်လိုက်တာနဲ့ နောက်လိုက်တွေအကုန်လုံးပါ အဲ့အတွက် တာဝန်ယူကြရတယ်။ လုပ်တဲ့သူပဲ ခံရတာမျိုး မဟုတ်ဘူး။

မြေခွေးအိုကြီး ဖန့်က ကောင်းကောင်း အကွက်ချထားပဲ။ ဒီလိုပြဿာအိုးကြီးကို ယဲ့မိသားစုဆီ လာထိုးထည့်နေတယ်။ ဒါပေမဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံး အဆုံးအဖြတ်က ကျီဝူကျိုးဆီမှာပဲ။ ဒါပေမဲ့ .... ဒီအရူးကောင်က သူမကို ဒီလျှောက်တင်လွှာ ပေးတာက ဘာသဘောဖြစ်မလဲ ??

ကျီဝူကျိုး ဘာကို လိုချင်တာလဲ ?? အခု သူ တွေးမိတာက ယဲ့ကျန်းကျန်းက ယဲ့ရှိုးမင်ရဲ့ မြေးဆိုပေမဲ့ သူနဲ့လက်ထပ်လိုက်ပြီဆိုမှတော့ သူမက ဖိတ်ကျသွားတဲ့ရေပဲ။ အခုဆို သူမက ကျီမိသားစုဝင် ဖြစ်နေပြီ။ ဒီလိုဆိုမှတော့ သူမကို ထပ်ပြီး ပြဿနာမပေးချင်တော့ဘူး။ ဒါပေမဲ့လည်း ပြန်စဉ်းစားမိပြန်တယ်။ သူမက သူနဲ့လက်ထပ်လိုက်ပြီးပြီမို့ အခု သူ့ဘက်ကပဲ ရပ်တည်သင့်တယ်။ သူမ အပျိုတုန်းက မိသားစုဘက်ကနေ ရပ်တည်မနေသင့်ဘူး။

ဒါ့ကြောင့်မို့ ယဲ့ကျန်းကျန်းကို စမ်းသပ်ရအောင်လို့ လျှောက်တင်လွှာတွေ ယူချလာတာပဲ ဖြစ်တယ်။ ဖြစ်သင့်တဲ့ အဖြေက ယဲ့ကျန်းကျန်းက လျှောက်တင်လွှာတွေကို ပြန်ထိုးပေးပြီး အရှင်မင်းကြီး ဘာပဲလုပ်လုပ် ကျွန်တော်မျိုးမက ထောက်ခံအားပေးသွားမှာပါလို့ ပြန်ဖြေသင့်တယ်။ တကယ်လို့ အဲ့အတိုင်း မဟုတ်ဘူးဆိုရင်တောင်မှ ဖန့်ရှိုးချင်းရဲ့အကြံပြုချက်ကို ယဲ့ကျန်းကျန်း သဘောတူတယ်ဆိုရင် သူကလည်း လက်ခံပေးမှာပါပဲ။

ဒါပေမဲ့ ယဲ့ကျန်းကျန်းက သူ့စိတ်ထဲ မတွေးထားဖူး တဲ့ အဖြေကို ပေးလာတယ်။ သူမက စုတ်တံကို ကိုင်လိုက်ပြီး လျှောက်တင်လွှာပေါ် ကြက်‌ခြေခတ် အကြီးကြီး ခတ်ကာ ပြောလာတယ်။

“ လီရွှီက သတ္တိရှိပေမဲ့ မပါးနပ်ဘူး။ ဒီနေရာကို တာဝန်ယူဖို့ မသင့်တော်ဘူး။ နောက်ဆုံးတော့လည်း အမတ်ကြီးဖန့်က အဲ့လောက်ထိ တွေးဆတတ်တဲ့သူမျိုး မဟုတ်ဘူးပဲ”

ဒါမှ ယဲ့ကျန်းကျန်းအစစ်ပဲ။ ကျီဝူကျိုး တွေးလိုက်တယ်။ သူမက ဘွင်းဘွင်းပဲ ဘာမှထွေလီကာလီပြောမနေသလို ဘာမှလည်း ဖုံးကွယ်မထားဘူး။ တကယ် သူ့ကို အချိန်ကောင်း မပေးချင်တာပဲ။

အရိုးကျိုးတာက ပုံမှန်ဆို ပြန်ကောင်းဖို့အတွက် ရက်၁၀၀လောက် အချိန်ယူရပေမဲ့လည်း ယဲ့ကျန်းကျန်းရဲ့ခန္ဓာကိုယ်က သိပ်ကျန်းမာတဲ့အပြင် ဆေးတွေပါ ပေါင်းလိုက်တဲ့အခါ ၂လကျော်နဲ့တင် သူမ ခြေထောက်တွေက လုံးဝ ပြန်ကောင်းသွားပြီ။ ဒီငတိမလေးမှာ သူမ အရင်လို ခုန်ပေါက်နိုင်သွားတာကို အောင်ပွဲခံဖို့ ထူးခြားတဲ့နည်းလမ်းတစ်ခုကို ရွေးချယ်လိုက်တယ်။

တစ်ညနေမှာ ကျီဝူကျိုးတစ်ယောက် ယန်ရှင်းနန်းဆောင်ထဲ ကြိုးစားပမ်းစား အလုပ်တွေလုပ်နေတယ်။ အဲ့အချိန် ခွန်းနင်နန်းဆောင်တစ်ခုလုံး သူ့ဆီ ရောက်လာသလား အောက်မေ့ရအောင် အပြေးရောက်လာကြပြီး

“ အရှင်မင်းကြီး ဧကရီမိဖုရားခေါင် ရူးသွားပြီ !! ”

ကျီဝူကျိုး စုတ်တံကို ပစ်ချလိုက်ပြီး ခွန်းနင်နန်းဆောင်ဆီ အပြေးသွားတော့တယ်။ ဖုန့်ရိုးတျယ်ကတော့ အနက်ရောင်ခြုံထည်ကို ကိုင်ရင်း အရှင်မင်းကြီးကို ခြုံပေးဖို့ နောက်ကနေ အပြေးလိုက်လာတယ်။

ခွန်းနင်နန်းဆောင်အပြင်ဘက်မှာ လူစုစု စုစု ဖြစ်နေပြီ။ တချို့သခင်တွေနဲ့ အစေခံတွေလည်း ရှိနေတယ်။ အကုန်လုံး ပါးစပ်အဟောင်းသားနဲ့ မသိရင် အစာကျွေးဖို့ စောင့်နေတဲ့ ငှက်တွေကျနေတာပဲ။

ကျီဝူကျိုးလည်း မော့ကြည့်လိုက်တယ်။ အမိုးပေါ်မှာ လူတစ်ယောက် မတ်တပ်ရပ်နေတာကို တွေ့ရတယ်။ ကျီဝူကျိုး ချက်ချင်း အော်လိုက်တယ်။

“ ယဲ့ကျန်းကျန်း မင်း အခုချက်ချင်း ဆင်းလာခဲ့ !”

ယဲ့ကျန်းကျန်းကတော့ သူပြောနေတာတွေ ကြားပုံမရဘူး။ သူမ အမိုးပေါ်မှာ မတ်တပ်ရပ်နေပြီး ဘယ်လက်က ခါးကိုထောက်ကာ ညာလက်က သေနတ်ကို ကိုင်ထားရင်း ကောင်းကင်ကို မော့ကြည့်ကာ တဟားဟားနဲ့ ရယ်နေတယ်။

အောက်ကလူတွေကတော့ ပိုပိုပြီး ကြောက်လန့်လာကြတယ်။ ခွန်းနင်နန်းဆောင်က ကြီးမားပြီး မြင့်တာမို့ ယဲ့ကျန်းကျန်းကိုယ်လေးက သေးသေးလေးလို ဖြစ်နေတယ်။ အမိုးက မြေအမာလည်း မဟုတ်တဲ့အပြင် မြင့်တာကလည်း အတော်မြင့်တာမို့ သိုင်းသိပ်တော်တဲ့သူဆိုရင်တောင်မှ သတိကြီးကြီး ထားဖို့လိုတယ်။ ဧကရီမိဖုရားခေါင်ဆို ပြောမနေနဲ့တော့။

စူးယွဲ့ကတော့ စိတ်ပူလွန်းလို့ ငိုပါငိုနေပြီ။ ယဲ့ကျန်းကျန်းက သူမမျက်စိရှေ့တင် ပျောက်သွားပြီး ခွန်းနင်နန်းဆောင်တစ်ခုလုံး သူမ အဲ့အမိုးပေါ်ကို ဘယ်အချိန် ဘယ်လိုတက်လိုက်လဲဆိုတာ မသိလိုက်ဘူး။

ဝမ်ရိုးချိုင်က လှေကားသွားဆွဲလာပြီး ကုန်းကုန်းတစ်စုနဲ့အတူ အမိုးပေါ်ကို တက်ဖို့ ကြိုးစားနေတယ်။

ယဲ့ကျန်းကျန်းက ရုတ်တရက် ကောင်းကင်ကို ချိန်လိုက်ပြီး သေနတ်ပစ်လိုက်တယ်။

ဒိုင်း ! ဒိုင်း ! ဒိုင်း ! ဒိုင်း !

အမိုးပေါ်တက်လာတဲ့ ကုန်းကုန်းက သေနတ်သံကြောင့် လန့်ဖြန့်သွားပြီး တုန်ယင်ကာ တခြားကုန်းကုန်းတွေနဲ့အတူ အမိုးပေါ်က ပြုတ်ကျကုန်တယ်။ ကျန်တဲ့သူတွေက အောက်မှာ လှေကားကို ကိုင်ပေးထားတာဆိုတော့ သူတို့ပုံစံက ခေါင်းလောင်းလို ယမ်းနေတယ်။ အောက်က ကြည့်နေတဲ့သူတွေလည်း ထိတ်လန့်သွားပြီး နောက်ကို ဆုတ်သွားကြတယ်။

ကျီဝူကျိုးကတော့ ဘာကြောက်ရွံမှုမှ မရှိဘဲ ရပ်နေဆဲ ဖြစ်တယ်။ သူ့မျက်ဝန်းတွေက အမိုးပေါ်က လူဆီစိုက်ကြည့်နေပြီး နှုတ်ခမ်းတွေက အပေါ်ကို ကွေးညွတ်သွားတယ်။

သူမ တကယ် အောင်မြင်သွားပြီပဲ။

ကစားလို့ ဝသွားတဲ့နောက် သေနတ်ကို ခါးမှာ ချိတ်လိုက်ပြီး ယဲ့ကျန်းကျန်း ပြန်ဆင်းဖို့ စစဥ်းစားရတော့တယ်။ အတက်တုန်းကတော့ တဆင့်ချင်းတက်လာတာမို့ သိုင်းအနည်းငယ်တတ်တဲ့ သူမအတွက် အပေါ်တက်ဖို့က မခက်ခဲဘူး။

ဒါပေမဲ့ အခု အောက်ပြန်ဆင်းဖို့ကျ အခက်တွေ့နေပြီ။
ဝမ်ရိုးချိုင်က ကုန်းကုန်းတွေကို ခေါ်လာပြီး လှေကားပေါ် ထပ်တက်လာပြန်တယ်။

ဒီတစ်ခါတော့ ကျီဝူကျိုးလည်း ဧကရာဇ်တစ်ပါးအနေနဲ့ ထားရမယ့် ဂုဏ်သိက္ခာတွေဘာတွေ စဉ်းစားမနေနိုင်တော့ဘဲ အမိုးစွန်းနားကို ပြေးသွားလိုက်ပြီး လက်ကို ဖွင့်ပေးထားကာ ယဲ့ကျန်းကျန်းကို လှမ်းအော်လိုက်တယ်။

“ ခုန်ချလိုက် ”

ကျီဝူကျိုးက သိုင်းတော်တယ်ဆိုတာ သိတော့ ယဲ့ကျန်းကျန်းလည်း စိတ်ပူမနေတော့ဘူး။ လက်ကို ဖွင့်လိုက်ပြီး ငှက်တစ်ကောင်လိုမျိုး ခုန်ချလိုက်တယ်။

အောက်ကလူတွေကတော့ နောက်တစ်ခါထပ်ပြီး ပါးစပ်အဟောင်းသား ဖြစ်ရပြန်ပြီ။

ကောင်းကင်ပေါ်ကနေ ကျလာနေတဲ့ ယဲ့ကျန်းကျန်းကို ကျီတူကျိုး မော့ကြည့်နေမိတယ်။ ဒီမြင်ကွင်းက ပန်းချီကားတစ်ချပ်လိုပဲ သိပ်လှပလွန်းတယ်။ အချိန်တွေက ရပ်တန့်သွားပြီး သူ့နှလုံးခုန်သံကိုတောင် သူ ပြန်ကြားနေရပြီ။

ဒုတ် ! ဒုတ် !

ယဲ့ကျန်းကျန်းက တိတိကျကျပဲ သူ့လက်ထဲကို ခုန်ဆင်းလာတယ်။ သူမ သူ့လက်ထဲ ကျလာတဲ့အချိန် ကျီဝူကျိုးက သူတို့နှစ်ယောက်သား ကိုယ်ကို တစ်ချက်လှည့်လိုက်ကြပြီး သူမကိုယ်ပေါ်က သေနတ်ကို ဖယ်ပစ်လိုက်ပြီး ရပ်လိုက်တယ်။

ကျီဝူကျိုး သူမကို ပွေ့ချီထားပြီး ပြန်လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။ ဒါပေမဲ့ သူမကို ငုံ့ကြည့်လိုက်ကာ

“ ဘယ်နှစ်ချက်လဲ”

“ ခြောက်ချက်”

သူမက ရှင်းရှင်းလင်းလင်းကို ဖြေလာတယ်။

ဒီတစ်ခါတော့ ကျီဝူကျိုး ရယ်ရမယ့်အလှည့်ပဲ။

ဟား! ဟား ! ဟား ! ဟား! ဟား !

သူ့ရယ်သံက ရှင်းလင်းပြတ်သားပြီး ဩဇာအာဏာအပြည့် ရှိတယ်။ နားထဲ ကြားရမဆိုးပေမဲ့လည်း ကျီဝူကျိုးဆီက ရယ်သံဆိုတော့ လူတွေအားလုံး ကြက်သီးတွေပါ ထသွားတယ်။ အဆုံးသတ်သွားပြီပဲ ... အဆုံးသတ်သွားပြီ ... နောက်တစ်ယောက်လည်း ရူးသွားပြီပဲ ...

ရွှေနန်းထက်က ဧကရီWhere stories live. Discover now