Chapter 32

2.4K 248 12
                                    

Empress with No Virtue
Chapter 32

ယဲ့မိသားစုက အမျိုးသမီးတွေ ဧကရီမိဖုရားခေါင်ဆီ အလည်ရောက်လာပြန်တယ်။

ယဲ့ကျန်းကျန်း သူမအဖွား၊ အမေနဲ့ ယောင်းမတွေ နေကောင်းကျန်းမာရဲ့လား မေးလိုက်တယ်။ သူတို့အားလုံး နေကောင်းကြတဲ့ပုံ ပေါ်တယ်။ သူမ စိတ်အပူဆုံးကတော့ သူမအဖိုးပဲ။ တလောတုန်းက ကျီဝူကျိုးက လွှတ်တော်ကို ကပြောင်းကပြန်တွေဖြစ်အောင် လုပ်ထားတာမို့ ယဲ့မိသားစုလည်း နည်းနည်းတော့ အထိနာသွားတယ်။ ဒီလိုကိစ္စမျိုးကို သူမ သိရဖို့ မခက်ခဲပါဘူး။

ယဲ့ရှိုးမင်က ခေါင်းမာပြီး စိတ်ဆန္ဒပြင်းပြတဲ့သူမျိုး။ ကျီဝူကျိုးဆီမှာ အနိုင်ကျင့်ခံရတယ်ဆိုတော့ကာ သေချာပေါက် ဒေါပွနေမှာပဲ။

ဒါ့ကြောင့်မို့ ယဲ့ကျန်းကျန်း အရိပ်အခြေအနေနဲ့ သူမအဖိုးအခြေအနေကို မေးလိုက်တယ်။ သူ သန်တုန်းမြန်တုန်း၊ ဒေါသထွက်နိုင်တုန်းဆိုတာကို သိရတော့ သူမ စိတ်ပူသင့်ပေမဲ့လည်း တစ်ဖက်ကလည်း စိတ်အေးသွားတယ်။ သူ ဒေါသထွက်နိုင်သေးတယ်ဆိုတော့ကာ ကျန်းမာတယ်ဆိုတဲ့သဘောပဲပေါ့။

ယဲ့ရှိုးမင်က ကျီဝူကျိုးတင်မကလဲ ဖန့်ရှိုးချင်းဆီမှာပါ ခံလာရတာ ဖြစ်တယ်။ ဖန့်ရှိုးချင်းက ယောက်ျားကြီးဆိုတော့ လောင်ဖုရန်ကြီး သွားဆူလို့ မရဘူး။ ဒါ့ကြောင့်မို့ အမျိုးသမီးတွေ စုဝေးတဲ့ပွဲမှာ သူ့သခင်မကို သာသာနဲ့ နာနာ နှိပ်ကွပ်ပေးလိုက်တယ်။ ဟိုးအရင်တုန်းက ဖန့်သခင်မက ယဲ့ခန်းလဲ့နဲ့ လက်ထပ်ဖို့ မျှော်လင့်ခဲ့ပေမဲ့ လောင်ဖုရန်ကြီးက လက်ထပ်ခွင့်မပေးဘဲ အကြီးအကျယ် ကန့်ကွက်ခဲ့တာ ဖြစ်တယ်။ စုံတွဲကို ခွဲခဲ့တဲ့ကိစ္စကို အားရပါးရ ဂုဏ်ယူဝင့်ကြွားစွာနဲ့ လောင်ဖုရန်ကြီးက ပြောပြလာတယ်။ ယဲ့ကျန်းကျန်း ဘာပြန်ပြောလို့ ပြောပေးရမှန်းတောင် မသိဘူး။ ဘေးက နားထောင်နေတဲ့ သူမအမေတောင် ရှက်လာတယ်။ ဒါပေမဲ့လည်း သူမအဖွား ပျော်နေတာကို မြင်တဲ့အခါ ဘာမှမပြောဘဲ နေလိုက်တော့တယ်။

ဘာကိစ္စတွေ တကယ် ဖြစ်ခဲ့မှန်းတော့ သူမလည်း မသိပေမဲ့ ယဲ့ရှိုးမင်နဲ့ဖန့်ရှိုးချင်းကြားက မတည့်တဲ့ကိစ္စက မနေ့တနေ့ကမှ ပေါ်လာတာတော့ မဟုတ်ဘူး။ အဲ့ဒါတွေရဲ့အစက အလုပ်ကိစ္စကနေ စလာတာပဲ။ဖန့်ရှိုးချင်း လွှတ်တော်ထဲ ရောက်ခါစတုန်းက ယဲ့ရှိုးမင်ကလည်း သူ့ကို အလားအလာရှိတဲ့သူလို့ မြင်ခဲ့ပြီး နှစ်ယောက်သား ဆက်ဆံရေးကောင်းကြတယ်။ ဒါပေမဲ့ နှစ်ယောက်သား နိုင်ငံရေးအမြင်က မတူကြတော့ တဖြေးဖြေးချင်း ဆက်ဆံရေးကျဲလာကြတယ်။ ယဲ့မိသားစုက အခြေတည်လာတာ ကြာပြီမို့ ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချတဲ့အခါ အဖက်ဖက်ကနေ ထည့်စဉ်းစားဖို့ လိုတယ်။ ဒါကြောင့်မို့ ယဲ့ရှိုးမင်ရဲ့ ဆုံးဖြတ်ချက်တွေက မြန်ဆန်ပြတ်သားခြင်း မရှိဘူး။ တစ်ဖက်မှာတော့ ဖန့်ရှိုးချင်းက တလောကလုံးရဲ့ဝန်ထုပ်ကို သူ ထမ်းထားရသလိုမျိုး ဆုံးဖြတ်ချက်ချတဲ့အခါ ဝုန်းကနဲဒိုင်းကနဲ မြန်မြန်ပဲ။ ဒီလိုနဲ့ နှစ်ယောက်က အမြင်မတူရာကနေ ပွတ်တိုက်မှုတွေ ဖြစ်လာပြီး ဒီနေ့လိုအခြေအနေ ဖြစ်သွားတာပဲ။

ဒီလိုပွတ်တိုက်မှုမျိုးက ဖြေရှင်းဖို့ ခက်တယ်။ တစ်ဖက်က မသေသ၍ ပြီးမှာ မဟုတ်ဘူး။

နောက်ပြီး ဒီလိုဖြစ်နေတဲ့အထဲ ကျီဝူကျိုးကပါ ဝင်ပါလာတော့ ကိစ္စက ပိုလို့တောင် ရှုပ်ထွေးသွားတယ် တကယ်တော့ ကျီဝူကျိုးက ဖန့်ရှိုးချင်းကို သုံးပြီး ယဲ့ရှိုးမင်ကို ထိန်းချုပ်ချင်ရုံတင်မက ဖန့်ရှိုးချင်းကို သတိပြုမိစေဖို့အတွက်လည်း ဖြစ်တယ်။ အဲ့လိုမှ မဟုတ်ရင် အမတ်တစ်ယောက်ကို မောင်းထုတ်ပြီး နောက်အမတ်တစ်ယောက်ကို အင်အားကြီးလာအောင် လွှတ်ထားပေးရမှာလား ? ရူးနေလို့လား?

သူတို့သုံးယောက်ကြားက ဆက်ဆံရေးကို တွေးကြည့်တာနဲ့တင် ယဲ့ကျန်းကျန်း ခေါင်းကိုက်လာတယ်။ တိုင်းပြည်ရဲ့ အပါးနပ်ဆုံးလူသုံးယောက်က တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြတယ်။ စကားတစ်ခွန်း၊ အကြည့်တစ်ချက်မှာတင် နောက်ကွယ်က အဓိပ္ပာယ်တွေ အများကြီး ရှိနေတယ်။ တွေးကြည့်တာနဲ့ ကြောက်ဖို့ကောင်းနေပြီ။

ယဲ့ကျန်းကျန်း လောင်ဖုရန်ကြီးက စကားအနည်းငယ် လိုက်ပြောပေးပြီးနောက် အကြောင်းအရာကို ပြောင်းလိုက်တယ်။ မင်းကတော်လုက သူမအစ်ကိုအကြောင်းပြောလာတယ်။ လုလီရဲ့အဖေ က သူပုန်တွေကို နှိမ်နင်းဖို့အတွက် တွမ့်ဟွမ်ဒေသကို သွားရတော့မယ်။ စစ်ရေးအခြေအနေကို သုံးသပ်ကြည့်ရသလောက် တစ်ဖက်လူက စစ်ထိုးတဲ့နေရာမှာ မတော်ပေမဲ့ ဖောက်ထွက်တဲ့နေရာမှာတော့ အတော် ကောင်းတယ်။ လုလီရဲ့အဖေက စစ်မက်ရေးရာမှာ အတွေ့အကြုံ အများကြီးရှိတဲ့သူ ဖြစ်တာကြောင့် ကျီဝူကျိုး ကိုယ်တိုင် သူ့ကို တွမ့်ဟွမ်ဒေသကို သွားဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။

ဒါကို ကြားမှပဲ ဘာလို့ ကျီဝူကျိုးက စုကျဲယွီ အဲ့လောက်အပြစ်ကြီးကို လုပ်ခဲ့တာတောင်မှ ရာထူးပဲ ချခဲ့တာလဲဆိုတာ ယဲ့ကျန်းကျန်း သဘောပေါက်သွားတယ်။ စုကျဲယွီရဲ့အဖေက နယ်ခြားကို စောင့်ကြပ်ဖို့ ကျန်နေခဲ့တာဆိုတော့ သူ့သမီးကို ပြင်းပြင်းထန်ထန် အပြစ်ပေးလို့ မဖြစ်ဘူး။ ယဲ့ကျန်းကျန်း အစတုန်းက ကျီဝူကျိုးက မိန်းမလှလေးတွေအပေါ်ဆို ညှာတယ် ထင်နေခဲ့တာ။

တစ်ခါ ဝမ်ကျောင်းရိကိုယ်ဝန်ပျက်ကျတဲ့အပေါ် ကျီဝူကျိုး ဘယ်လိုတုန့်ပြန်လဲဆိုတာ တွေးမိပြန်တော့ သူမ စိတ်ထဲ ကောက်ချက်ချမိတယ်။ ဒီလူက ဧကရာဇ်ဖြစ်ဖို့အတွက် သူ့နှလုံးသား ပျောက်သွားတာပဲနေမှာ။

အဲ့အချိန်မှာပဲ ချွေ့ဖန်းလော့ကို ရောက်နေတဲ့ အသည်းနှလုံးမရှိတဲ့ ဧကရာဇ်ကြီး နှာချေလိုက်တယ်။

“လူကြီးမင်း အအေးမိထားတာလား”

ဟုန်ယွင်က သူ့ကို မေးလာတယ်။ တခြားယောကျာ်းတစ်ယောက်သာဆို သူ့ရင်ခွင်ထဲ သူမ ဝင်ထိုင်ပြီး လက်ကိုင်ပုဝါလေးနဲ့ သုတ်ပေးနေမိလိမ့်မယ်။ ဒါပေမဲ့ သူမရှေ့ကသူကတော့ တခြားသူတွေ သူ့ကို ထိတာကို မကြိုက်တဲ့ပုံပဲ။ ပုံမှန်ဆို ရုပ်ရှိရေလျှံတဲ့ယောကျာ်းလေးတွေကို ဟုန်ယွင် သဘောကျပေမဲ့လည်း ကျီဝူကျိုးကျ သူ့ဘေး အားတစ်ခုခုက ဖိနှိပ်ထားသလိုမျိုး သူမ သူ့အနား ကပ်ဖို့ ကြောက်ရွံ့နေမိတယ်။

“စိတ်ပူစရာ မလိုဘူး”

ကျီဝူကျိုး သူ့လက်ကိုင်ပုဝါကို ထုတ်ပြီး သုတ်လိုက်တယ်။ ရိုးရှင်းတဲ့လှုပ်ရှားမှုလေးတစ်ခုကတောင် လှပတဲ့မြင်ကွင်းကို ပြောင်းလဲသွားတယ်။ သူ့လက်ထဲက အဖြူရောင်ပိုးလက်ကိုင်ပုဝါကို အရည်အသွေးမြင့် ပိုးထည်နဲ့ လုပ်ထားပြီး ဒီလိုပိုးထည်မျိုးက အထည်ရေနည်းနည်းပဲ ထွက်ဝာာ။ နောက်ပြီး ဘယ်လောက်ချမ်းသာတဲ့သူဖြစ်ပါစေ မဝယ်နိုင်ဘူး။ တော်ဝင်မျိုးနွယ်တွေသာ သုံးတဲ့အမျိုးအစားမျိုး။

ဟုန်ယွင် သူမမေးသူမကိုင်ရင်း ကျီဝူကျိုးကို ကြည့်နေမိတယ်။ နောက်ဆုံး သူ လက်ကိုင်ပုဝါကို အိတ်ထဲ ပြန်ထည့်လိုက်တဲ့ အထိပဲ။

“လူကြီးမင်း ကျွန်မ ရှင့်ကို မကွယ်မဝှက်တမ်းပြောရရင် ဒီချွေ့ဖန်းလော့မှာ နေရင်း မရေတွက်နိုင်တဲ့ ယောကျာ်းတွေကို တွေ့ခဲ့ဖူးပေမဲ့ ဘယ်သူမှတော့ လူကြီးမင်းလို ဂုဏ်သရေအပြည့် မရှိဘူး”

လူတွေက ပုံမှန်ဆို တတ်နိုင်သလောက် ကောင်းသထက်ကောင်း သာသထက် သာအောင် ကြိုးစားကြပေမဲ့ တစ်ခါတလေကျတော့လည်း မွေးကတည်းက ဂုဏ်ရှိန်ပြင်းတဲ့သူတွေကိုတော့ မယှဉ်နိုင်ဘူး။

ဧကရာဇ်တစ်ပါးအနေနဲ့ သူ့အတွက် ချီးကျူးတဲ့စကားတွေက အသစ်အဆန်း မဟုတ်ဘူး။ ဒါ့ကြောင့်မို့ သူမချီးကျူးတာကို စကားပြန်ပြောမနေတော့ဘဲ

“အရေးကြီးတဲ့ကိစ္စကိုပဲ ပြောကြရအောင်”

ဟုန်ယွင်က ရယ်လိုက်ရင်း

“ပြောပါ ကျွန်မ နားထောင်နေပါတယ်”

“ငါ သူမကို ပိုင်ဆိုင်ချင်တယ်”

ယောကျာ်းတွေက တကယ် ဆိုးဝါးတာပဲလို့ ဟုန်ယွင် တွေးလိုက်မိတယ်။ သူတို့ မရနိုင်တာဆို ပိုလိုချင်တာတယ်။ သူ့ရုပ်ရည်၊ ကြွယ်ဝမှုနဲ့ဆို ဘယ်မိန်းမလှလေးမဆို ကြိုက်ရာယူလို့ရတယ်။ ဘာလို့များ အိမ်ထောင်ရှိတဲ့သူကို လိုချင်နေရတာလဲ။ ဘယ်မိန်းကလေးက သူ မျက်စိကျတာခံနေရတာလဲ မသိပေမဲ့ ငါ ကူညီပေးမယ်၊ မိန်းကလေး ရှင် ကျွန်မကို ကျေးဇူးတင်စရာ မလိုဘူး။

ဒါ့ကြောင့်မို့ ဟုန်ယွင်က ရယ်လိုက်ရင်း

“လူကြီမင်း မေးတဲ့သူ မှန်သွားပြီ။ မိန်းကလေးတွေဆိုတာက သူတို့ကို အေးစက်တဲ့သူမျိုးမှ ကြိုက်ကြတာ။ ကိုယ်က ပိုအေးစက်လေ၊ လျစ်လျူရှုလေ သတိထားမိလေပဲ။ သူမကို ဆူပစ်၊ အော်ပစ်၊ ဂုဏ်သိက္ခာကျအောင် လုပ်ပစ်။ သေချာပါက် သူမကို ရလိမ့်မယ်”

ကျီဝူကျိုးကလည်း မိန်းမလှလေးတွေနဲ့ မရေမတွက်နိုင်အောင် အိပ်လာခဲ့ဖူးတဲ့ ယောကျာ်းတော့ကာ ယောကျာ်းလေးနဲ့မိန်းကလေးကြားက ခံစားချက်ကို သူ နားမလည်ပေမဲ့လည်း သူ့စိတ်ထဲ တွေးကြည့်တယ်။ တကယ်လို့ သူသာ ယဲ့ကျန်းကျန်းကို အဲ့လိုသွားလုပ်ရင် ရလဒ်က ကြောက်စရာ‌ဖြစ်သွားမှာပဲ။

ကျီဝူကျိုး မတ်တပ်ရပ်လိုက်ပြီး နောက်ထပ် ငွေထုပ်ကို စားပွဲပေါ် ပစ်ချပေးလိုက်တယ်။

“ကောင်းလိုက်တဲ့အဖြေ ။ ဒီပိုက်ဆံတွေကို မင်း အသက်ရှိနေတုန်း ကောင်းကောင်းသုံး။ တကယ်လို့ ဒီနည်းလမ်းသာ အလုပ်မဖြစ်လို့ကတော့ နောက်တစ်ခါကျ ငါ လာပြီး မင်းခေါင်းကို ယူမယ်”

သူ ပြောပြီးတာနဲ့ ထွက်သွားတယ်။

ဟုန်ယွင် လန့်ဖြန့်ပြီး မေ့လဲတော့မလိုတောင် ဖြစ်သွားတယ်။ ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို ကြက်ကလေးငှက်ကလေးလို ခြိမ်းခြောက်နိုင်ရတာလဲ? တော်တော့်ကို လွန်သွားပြီ။ ဒါပေမဲ့လည်း စိတ်ထဲမှာပဲ တွေးလိုက်ပြီး တကယ်တမ်းကျ

“လူကြီးမင်း ကျေးဇူးပြုပြီး ရပ်ပါဦး”

ဘာတွေပဲ ဖြစ်ပါစေ ကိုယ့်အသက်အန္တရာယ် ခြိမ်းခြောက်ခံလာရတဲ့အခါကျ ကျန်‌တာတွေ တွေးမနေနိုင်တော့ဘူး။

“ဒီကိစ္စကိုက သေချာ ပြောဖို့ လိုတယ်။ ကျွန်မ အတင့်ရဲပြီး မေးပါရစေ၊ သူမက ... အဲ ဖုရန်က ဘယ်လိုလူမျိုးလဲ”

ယဲ့ကျန်းကျန်းက ဘယ်လိုလူမျိုးလဲ ? ကျီဝူကျိုး နည်းနည်း ကြောင်ပျောက်သွားတယ်။ ဘယ်လိုစကားလုံးမျိုးနဲ့ သူမကို ဖော်ပြပါစေ လုံလောက်မှာ မဟုတ်ဘူး။ သူမကို ညွှန်းပြဖို့ စကားလုံးတွေ မရှိဘူး။ သူမနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ စကားလုံးတွေက အဓိပ္ပာယ် ပျောက်ရှသွားသလိုပဲ။

ယဲ့ကျန်းကျန်းက ... ယဲ့ကျန်းကျန်းပဲ။
ကျီဝူကျိုး သက်ပြင်းချလိုက်ရင်း

“မင်း သိဖို့လိုတာက သူမက စိတ်ကျေနပ်အောင် လုပ်ပေးဖို့ ခက်တဲ့သူဆိုတာပဲ”

သူပြောလိုတဲ့ဟာက တကယ် ဘာမှအသုံးမဝင်တဲ့ဟာပဲလို့ ဟုန်ယွင်တွေးမိတယ်။ ကြာခိုချင်တဲ့ကောင်ကို ဘယ်သူက လွယ်လွယ်နဲ့ လက်သင့်ခံမှာလဲ။ ကျေကျေနပ်နပ် ရှိတယ်ဆိုတာကမှ ပုံမှန်မဟုတ်ဘူး။ သူမ ပြုံးလိုက်ရင်း

“ဘယ်လောက်ပဲ စိတ်ကျေနပ်အောင် လုပ်ပေးဖို့ ခက်တဲ့သူဖြစ်ပါစေ လုံးလုံး မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အမျိုးသမီးသူရဲကောင်းတောင်မှ စိတ်ရှုပ်စရာယောကျာ်းလေးမျိုးဆို ကြောက်တယ်လို့ ပြောကြသေးတာပဲဟာ”

ဒီစကားကို ပြောတုန်းမှာ ဟုန်ယွင် ကျီဝူကျိုးကို လှမ်းအကဲခတ်လိုက်တယ်။ သူရဲကောင်းဆိုတဲ့စကားကို သူ စိတ်ခုသွားတဲ့ပုံတော့ မပေါ်ဘူး။ ကျီဝူကျိုးက ခေါင်းငြိမ့်ရင်း

“အဓိပ္ပာယ်ရှိသားပဲ”

နောက်ဆုံးတော့ ဟုန်ယွင် သူ့ကို နည်းလမ်းကောင်းနဲ့ ပြန်ဆွဲခေါ်နိုင်ခဲ့ပြီပဲ။

“ဒါကြောင့်မို့ လူကြီးမင်းသာ သူမရှေ့ အမြဲ ရှိနေမယ်၊ သူမအပေါ် ကောင်းကောင်းဆက်ဆံမယ်၊ သူမကို ပျော်ရွှင်အောင် ထားပေးမယ်ဆို အချိန်ကြာလာတာနဲ့အမျှ ကျောက်တုံးတွေတောင် အရည်ပျော်ကျရသေးတာပဲဟာ”

“ဘယ်လိုကောင်းပေးရမှာလဲ”

“သူမကို လက်ဆောင်တွေပေးလေ။ သူမကြိုက်တဲ့ဟာမျိုးပေါ့။ သူမနဲ့ ဝါသနာတူဖို့လည်း လိုမယ်။ နောက်ပြီး ရှင် ညင်ညင်သာသာ ဆက်ဆံရမယ်။ ဒီနေရာကို နှစ်ခါတောင် လာဖူးတယ်ဆိုတာကတော့ သေချာပေါက် မပြောပြရဘူးပေါ့။ ဒါပေမဲ့ ရှင်ပြုံးတာ ကျွန်မ တစ်ခါမှ မတွေ့ဖူးဘူးရယ်။ ရှင် ဘယ်လိုပြုံးရလဲဆိုတာ သိရဲ့လား မေးလို့ရမလား”

“ငါ ပြုံးရုံနဲ့ လုံလောက်ပြီလား”

“အမှန်ပဲ။ ပြုံးနေတဲ့သူ‌ကို မရိုက်ဘူးလို့တောင် ပြောကြတယ်လေ။ တကယ်လို့ ရှင် သူမကို ပြုံးပြမယ်ဆို သူမ ရှင်ကို ကြမ်းကြမ်းတမ်းတမ်းတော့ ငြင်းလွှတ်မှာ မဟုတ်ဘူး”.

“ကျီဝူကျိုး ခေါင်းငြိမ့်လိုက်ပြီး

“ကျေးဇူးပဲ”

ငွေထုပ်ကို ဟုန်ယွင့်လက်ထဲ ထည့်ပေးလိုက်ပြီး ထွက်သွားတော့တယ်။

ဟုန်ယွင် ပိုက်ဆံထုတ်ကို ဝမ်းသာအားရကိုင်ထားရင်း သူ့နောက်ကျောကို ကြည့်ကာ ပြောလိုက်တယ်။

“မမေ့နဲ့နော် ရှင် အရှုံးပေးလို့ မဖြစ်ဘူး! ရှင် မအောင်မြင်ဘူးဆိုရင်လည်း အဲ့တာ ရှင် ကောင်းကောင်း မလုပ်လို့ဘဲနေမှာ၊ ကျွန်မနဲ့ ဘာမှမဆိုင်ဘူးနော်”

နောက်ဆုံးစကားလုံးက အရေးအပါဆုံး စကားပဲ။ ကျီဝူကျိုး ခေါင်းငြိမ့်လိုက်ပြီး ဒုတိယထပ်ကို ခုန်ဆင်းလိုက်တယ်။ အောက်ကို တည်တည်ငြိမ်ငြိမ်ပဲ ရောက်သွားတယ်။ ဟုန်ယွင် အံ့အားသင့်သွားရတယ်။ ဖုန့်ရိုးတျယ်ကလွဲပြီး ကျန်တဲ့ အောက်မှာရှိ‌တဲ့သူ တွေလည်း အံ့အားသင့်သွားကြတယ်။

ဖုန့်ရိုးတျယ်က ထောင့်လေးမှာ တစ်ယောက်တည်း စောင့်နေပြီး သူ့ကို ထိချင်နေတဲ့ မိန်းကလေးကို ငေးရုံပဲ ငေးနေတယ်။

ကျီဝူကျိုး အားလုံးရဲ့အကြည့်ကို လျစ်လျူရှုလိုက်ပြီး ဖုန့်ရိုးတျယ်ဆီသွားကာ ပြောလိုက်တယ်။

“သွားကြစို့”

ဖုန့်ရိုးတျယ် တကယ် ဝမ်းနည်းနေမိတယ်။ အရှင်မင်းကြီးက ထွက်လာတာ မြန်လိုက်တာ။ သူ တကယ်ပဲ မလုပ်နိုင်တာများလား ....

ကျီဝူကျိုး တစ်နေ့လုံး နှုတ်ဆိတ်နေတယ်။ ရုတ်တရုက်ဆိုသလို သူ့နှုတ်ခမ်းက အပေါ်ကို တွန့်သွားပြီး ပြုံးပြုံးနေတတ်တယ်။

ဖုန့်ရိုးတျယ်ကတော့ အတွေးနွံထဲ နစ်နေပြီ။ တာအိုဆရာတွေကို ခေါ်ပြီး အပနှင်ဖို့ လုပ်ရမလား မလုပ်ရဘူးလား တွေးနေတယ်။ ကြည့်ရတာ ကန်ချင်းနန်းဆောင်ထဲ အမှောင့်ပယောဂတွေ ရှိနေတဲ့ပုံပဲ။

ဒီလိုနဲ့ သူတို့နှစ်ယောက်စလုံး တစ်နေ့လုံး နှုတ်ဆိတ်နေကြတယ်။

ကျီဝူကျိုး နန်းတော်ကို ပြန်ရောက်တဲ့အခါ တကယ်ကြီး ပြုံးတာကို စလေ့ကျင့်တော့တယ်။ သူ့နှုတ်ခမ်းတွေက အပေါ်ကို တက်သွားပြီး တောက်ပနေတဲ့ မျက်ဝန်းအစုံနဲ့ ကန်ချင်းနန်းဆောင်တံခါးရှေ့ရပ်နေတဲ့ ကုန်းကုန်းကို ပြုံးပြလိုက်တယ်။

ကုန်းကုန်းက ချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး တုန်ယင်ကာ

“အရှင်မင်းကြီး ချမ်းသာပေးတော်မူပါ!”

ကျီဝူကျိုး : “....”


ရွှေနန်းထက်က ဧကရီWhere stories live. Discover now