Chapter 58

1K 81 4
                                    

Empress with no Virtue
Chapter - 58
Translator – Utopia

အခုရက်ပိုင်း မြို့တော်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်။

ဝန်ကြီးများအဖွဲ့ဟာ ကျီကျိုးက ပို့လိုက်တဲ့စာတစ်စောင်ကို လက်ခံရရှိခဲ့တယ်။ တချီရဲ့လွှတ်တော်ကို အောက်ပါ အကြောင်းအရာကို သိစေရန် နွီကျန်းမျိုးနွယ်စုရဲ့ သောသော်ဝူးလားတုက ပေးပို့လိုက်တာပဲ ဖြစ်တယ်။

-မင်းတို့ရဲ့ ဧကရာဇ်ကို ငါတို့ ထိန်းသိမ်းထားတယ်။ မင်းတို့ သူ့ကို အသက်ရှင်လျက် ပြန်လိုချင်ရင် ငါ့ဘက်က တောင်းဆိုချက်တွေကို လိုက်နာရမယ်။ ငါ အများကြီး မလိုချင်ပါဘူး၊ ရွှေသား လျန် ၁ သောင်းနဲ့ လျောင်တုန်းအလွန်က နယ်မြေတွေကို ပေးရင် လုံလောက်ပြီ-

ယဲ့ရှိုးမင် ပြောစရာစကားတောင် မရှိတော့ဘူး။ အတော်ကို အရှက်မရှိတဲ့ တောင်းဆိုမှုပဲ၊ ဒါမျိုးက တကယ် ရှားတယ်။

ဒါ့အပြင် သောသော်က သူ့ကို မယုံမှာ စိုးတာကြောင့် ယဲ့ကျန်းကျန်းကို စာမှာ လက်ဗွေရာပါ နှိပ်ခိုင်းလိုက်တယ်။ တစ်ခုပဲ အဲ့လက်ဗွေရာကြောင့်ပဲ ကိစ္စတွေက ပျက်စီးကုန်တာ။

—ယဲ့ရှိုးမင် ကျီဝူကျိုးရဲ့ လက်ဗွေရာကို မမြင်ဖူးပေမဲ့ သူ့မြေးမရဲ့ လက်ဗွေရာကိုတော့ ဘယ်လိုလုပ် မမှတ်မိဘဲ နေမှာလဲ—

ဒါပေမဲ့ မြေခွေးအိုကြီးဆိုတဲ့အတိုင်း အမှန်တရားကို ချက်ချင်းတော့ ထုတ်မပြောလိုက်ဘူး။ အရင်ဆုံး ယဲ့ကျန်းကျန်းရဲ့ လုံခြုံရေးကို သေချာအောင် လုပ်ရမယ်။ သူမကို ဧကရာဇ်လို့ ထင်နေတာဆိုတော့ ရန်သူဘက်က ထိခိုက်အောင်တော့ လုပ်ရဲမှာ မဟုတ်ဘူး။ ယဲ့ရှိုးမင် ဒီအခွင့်အရေးကို အသုံးချပြီး တချို့စိတ်ရှုပ်ဖို့ကောင်းတဲ့သူတွေကို ဆုံးမပေးဖို့ လုပ်လိုက်တယ်။

ဧကရာဇ်က အဖမ်းခံထားရတော့ တိုင်းပြည်မှာ ခေါင်းဆောင်မဲ့နေတယ်။ တချို့လူတွေက အလျင်စလို လုပ်ကြတဲ့အခါ မကြာခင်မှာ တုံးအတဲ့လုပ်ရပ်တွေကို မြင်လာရတော့မယ်။

ဒါကြောင့်မို့ ဒီရက်ပိုင်းမှာ ယဲ့ရှိုးမင် စိုးရိမ်ပူပန်နေတဲ့ မျက်နှာမျိုးနဲ့ လျောင်တုန်းက ယဲ့လိန်ထင် ပို့လိုက်တဲ့ စာကို နှစ်ပိုင်းဖြတ်ပြီး ကျီဝူကျိုး သောသော်ဝူးလာတုဆီ အဖမ်းခံထားရတယ်ဆိုတဲ့အပိုင်းကိုပဲ လူသိရှင်ကြား ပေးသိလိုက်တယ်။ အဲ့စာထွက်လာတဲ့အချိန်မှာ လူတော်တော်များများ ဧကရာဇ်က အဖမ်းခံလိုက်ရပြီလို့ ယုံကြည်သွားကြတော့တယ်။

ဒီနောက်မှာတော့ လွှတ်တော်ထဲ လူတစ်ယောက်က ဧကရာဇ်အသစ်တင်မြှောက်ဖို့ ကိစ္စကို လေသံပစ်လာတယ်။ ဒီကိစ္စရဲ့နောက်ကွယ်ကလူက မင်းသမီးလီယန်းရဲ့သားတော် ထန်ကျီကို ထောက်ခံနေတဲ့ အမတ်ရွှီပဲ ဖြစ်တယ်။ ရွှီမိသားစုက ကျီဝူကျိူးရဲ့ မိခင်ဘက်က မိသားစု ဖြစ်ပေမဲ့လည်း အခုလိုကိစ္စဖြစ်တဲ့အခါ သူတို့တွေ ဧကရာဇ်အသစ်တင်မြှောက်ဖို့ စိတ်လောနေကြတာ မြင်ရတော့ ကျီဝူကျိုးအတွက် ယဲ့ရှိုးမင် စိတ်မကောင်း ဖြစ်မိသွားတယ်။

ဒါ့အပြင် မယ်တော်ကြီးကပါ ဒီကိစ္စကို ထောက်ခံနေတာပဲ။ ပုံမှန်ဆို ကိုယ့်သားသမီး အဖမ်းခံရရင် မိခင်တစ်ယောက်က သောက ဝေ နေရမှာဖြစ်ပေမဲ့ မယ်တော်ကြီးကတော့ ကျီဝူကျိုးကို တစ်စက်မှာ မပူရုံတင်မက သူ့နေရာကိုပါ တခြားတစ်ယောက်နဲ့ အစားထိုးပစ်ဖို့ အပူတပြင်း ကြိုးစားနေတယ်။ တကယ်ကို သူမကို လူတွေ မေးခွန်းထုတ်ချင်စရာပဲ။

ရွှီမိသားစုက အမြဲ ယဲ့မိသားစုကို မုန်းတီးနေခဲ့တာပဲ ဖြစ်တယ်။ တကယ်လို့ ရွှီမိသားစုနောက်ခံနဲ့ ထန်ကျီသာ ဧကရာဇ်ဖြစ်သွားခဲ့ရင် အဲ့ဒါက ယဲ့မိသားစုရဲ့အဆုံးသတ် ဖြစ်သွားလိမ့်မယ်။

ဒါကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်‌ယောက်ရဲ့ သဘောထားက သိပ်ကို အရေးပါလာတယ်၊ အဲ့တာက ဖန့်ရှိုးချင်းပဲ ဖြစ်တယ်။

အမှန်တိုင်းပြောရရင် ယဲ့မိသားစုကို ဖြိုလှဲဖို့က ဖန့်ရှိုးချင်း လိုချင်တဲ့အရာဆိုပေမဲ့ ရွှီမိသားစုလို ငတုံးတသိုက်နဲ့ ငတုံးထန်ကျီလက်ထဲ တချီကို ထိုးမအပ်လိုက်ချင်ဘူး။ ဉာဏ်နည်းတဲ့ဧကရာဇ်နဲ့ တုံးအတဲ့အမတ်တွေပေါင်းလိုက်ရင် တိုင်းပြည်က ဟိုးအောက်ဆုံးကို ရောက်သွားလိမ့်မယ်။ နောက်ပြီး ထန်ကျီသာ ထီးနန်းဆက်ခံသွားရင် လွှတ်တော်ထဲမှာ ဖန့်ရှိုးချင်းရဲ့နေရာကလည်း ရှိတော့မှာ မဟုတ်ဘူး။

ဒါ့အပြင် စာလေးတစ်စောင်ထဲဟာ၊ မျက်နှာလည်း မြင်ရတာ မဟုတ်ဘူး။ ဘယ်သူသိနိုင်မလဲ သောသော်ဝူးလားတုက ရွှီးနေတာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ နောက်ပြီး ကျီဝူကျိုးက မွေးကတည်းက တခါမှ လက်ဗွေရာနှိပ်ဖူးတာ မဟုတ်ဘူး။ ဒီလက်‌ဗွေရာက ဘယ်သူ့ဟာလဲ ဘယ်သူပြောနိုင်မှာလဲ!

နောက်ပြီး လက်ဗွေရာကို သေချာအနီးကပ်ကြည့်ကြည့်ရင် အဲ့တာက အရွယ်ရောက်ပြီးသား ယောင်္ကျားလေးတစ်ယောက်ရဲ့ လက်အရွယ်အစားနဲ့ မတူဘူး။ ဒါက ကျီဝူကျိုးဟာ မဖြစ်နိုင်ဘူး။

ဒီအနေအထားမှာ ဖန့်ရှိုးချင်း အရေးကြီးတဲ့အချက်ကို ရှာတွေ့သွားတာပဲလို့ တွေးလိုက်တယ်။ ယဲ့ရှိုးမင် ဒီမြေခွေးအိုကြီး သူ့ကို အရူးလုပ်နိုင်လုနီးပါးပဲ။

ဖန့်ရှိုးချင်းဘက်ကလည်း သူ့ကို ဆွဲချဖို့အကြံအစည် မရှိတာကို တွေ့ရတဲ့အခါ ယဲ့ရှိုးမင် ကျေနပ်သွားသလို စိတ်လည်း ပျက်သွားတယ်။ သူတို့နှစ်‌ယောက် ယာယီစစ်ပြေငြိမ်းဖို့ ကြေညာလိုက်ပြီး ဧကရာဇ် လုံခြုံရေးကို အဓိကထား လုပ်ဆောင်လိုက်ကြတယ်။ ရွှီမိသားစုဘက်က ဘာပဲလုပ်လုပ် ဒီအတိုင်း လျစ်လျူရှုထားလိုက်တော့တယ်။

တကယ် ဟာသပဲ၊ အခုအချိန်မှာ ဧကရာဇ်မရှိတာကြောင့် လွှတ်တော်ကို ယဲ့ရှိုးမင်နဲ့ ဖန့်ရှိုးချင်းဘက်ကလူတွေက နှစ်ဖက်ခွဲပြီး တာဝန်ယူပေးလိုက်ကြတယ်။ မင်းတို့ ရွှီမိသားစုဆိုတာ ဘာမှမဟုတ်ဘူး၊ မယ်တော်ကြီးကကော ဘယ်သူမို့လို့လဲ၊ ဘယ်သူက သူမကို ကြောက်မှာတဲ့လဲ!


ယဲ့ကျန်းကျန်း မြစ်ကမ်းနဘေးမှာ တွေးရင်းငေးနေတယ်။

ဟိုးအဝေးကနေ သူမကို စောင့်ကြည့်နေတဲ့ စစ်သားလေးနှစ်ယောက်က စိတ်မရှည်တော့ဘဲ သူမကို နောက်ကနေ လှမ်းအော်လိုက်တယ်။

"ဧကရာဇ် ခင်ဗျား မပြီးသေးဘူးလား"

ယဲ့ကျန်းကျန်း အဲ့ကျမှ သတိပြန်ဝင်လာပြီး သူမဘောင်းဘီကို ပြန်ပြင်ဝတ်လိုက်သလို လုပ်ပြလိုက်တယ်။ ထို့နောက် သူတို့ဘက် လျှောက်လာတယ်။ သူတို့ထဲက စစ်သားတစ်ယောက်က ပြောလာတယ်။

"သေးပေါက်တာကလည်း ကြာလိုက်တာ၊ ခင်ဗျားဆီကနေ မြစ်တစ်စင်းတောင် ပေါ်လာနိုင်တယ်"

"ငါ နည်းနည်း ခြောက်အောင် ထားနေတာ"

ခြောက်အောင်? ဘာကို ခြောက်အောင်လဲ?
မေးနေစရာတောင် လိုသေးလို့လား ....

ထိုစစ်သားလေး ၂ယောက် ယဲ့ကျန်းကျန်းကို ကြည့်တဲ့ပုံက ပြောင်းလဲသွားတယ်။ ဘယ်ပုံမှန်သူက သူတို့ညီလေးကို အခြောက်ခံချင်မှာလဲ? တောထဲတောင်ထဲမှာလေ? ကစားဖို့များလား ... ပြည်မကြီးက‌လူတွေက အတော်လေး အချိန်ပေါနေကြတာပဲ။ အကြီးဆုံးမင်းသား ပြောတာ အမှန်ပဲကိုး၊ ဒီဧကရာဇ်ဆိုတဲ့လူက ရူးနေတာပဲ!

ယဲ့ကျန်းကျန်း သူတို့နှစ်ယောက် မျက်နှာထားပြောင်းသွားတာကို လျစ်လျူရှုလိုက်ပြီး သူမရဲ့ အကျဉ်းလှည်းဆီကိုသာ လျှောက်လာလိုက်တယ်။ သူမ ဝင်မလို့လုပ်လိုက်တဲ့အခါ အထဲမှာ အဖြူရောင်ဝတ်စုံ ဝတ်ထားတဲ့သူတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့အဝတ်အစားတွေက ‌သပ်သပ်ရပ်ရပ်ရှိနေသေးပေမဲ့ သူ့ပုံစံကတော့ အတော်လေး နွမ်းလျလို့နေတယ်။ ထိုလူရဲ့မျက်နှာကို တွေ့လိုက်ရတဲ့အခါ ယဲ့ကျန်းကျန်း အံ့ဩသွားတယ်။

"လီယို့!"

လီယို့လည်း သူမကို မြင်တဲ့အခါ သူမဆီ လျှောက်လာပြီး

"ညီနောင်ကျန်း? ခင်ဗျား ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ? ခင်ဗျားက တချီကသူလျှိုလို့တော့ မပြောနဲ့နော်"

"ငါ သစ္စာဖောက်မဟုတ်ပါဘူး၊ ငါ အဖမ်းခံထားရတာ" ယဲ့ကျန်းကျန်းက ဖြေလာတယ်။ "မင်းကရော ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"

"ကျွန်တော်လည်း အဖမ်းခံထားရတာပဲ။ ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ အလည်ထွက်လာရင်း တပ်စုတစ်စုနဲ့ သွားဆုံမိကြတယ်။ ကျွန်တော်တို့ကို ဆေးကုတတ်လားလို့ သူတို့မေးတယ်၊ ပြီးကျ ... ဒီနေရာကို ဆွဲခေါ်ခံခဲ့ရတာပဲ"

ယဲ့ကျန်းကျန်း ခေါင်းညိတ်လိုက်တယ်။ သောသော်ဆီက သမားတော်တွေက သေတဲ့သူကသေ၊ ပျောက်တဲ့သူက ပျောက်နေလို့ ဖြစ်မယ်ထင်တယ်။ လီယို့က တကယ် ကံမကောင်းဘူးဖြစ်သွားတာပဲ။ သူတို့နှစ်ယောက် ကံအကြောင်းတူနေတာကို တွေ့တော့ သူမ သူ့ပုခုံးကို ပုတ်ပေးရင်း

"စိတ်မပူပါနဲ့၊ မင်းကို ခိုင်းပြီးသွားရင် ပြန်လွှတ်ပေးကြမှာပါ"

"ကျွန်တော် မကြောက်ပါဘူး။ ခင်ဗျားရော?"

"ငါလား? မသိဘူး"

ထို့နောက် သောသော် ဒေါသတရှူးရှူးထွက်ရင်း သူတို့ဆီ လျှောက်လာပြီး လီယို့ကို ဘေးကန်ထုတ်ပစ်လိုက်တယ်။ လီယို့ကို တချက်တောင် ဂရုမစိုက်ဘဲ ယဲ့ကျန်းကျန်းမျက်နှာရှေ့ အော်လိုက်တယ်။

"ပြော! မင်း တကယ်ပဲ ဧကရာဇ် ဟုတ်လား မဟုတ်ဘူးလား!"

ယဲ့ကျန်းကျန်းက မျက်နှာသေနဲ့

"မဟုတ်ဘူးလို့ ပြောရင်ကော ယုံမှာမို့လို့လား"

"မယုံဘူး!"

သူ့မျက်နှာက ဒေါသကြောင့် နီရဲနေပြီ။

"ဖြစ်နိုင်ဝာာက သူတို့ မင်းရဲ့လက်ဗွေရာကို မမှတ်မိလို့ပဲနေမယ်၊ ဟုတ်တယ်မလား"

"မင်းထင်ချင်သလိုထင်"

ယဲ့ကျန်းကျန်း သူ့ကို လျစ်လျူရှုလိုက်ပြီး သူမအကျဉ်းလှည်းထဲ ဝင်ထိုင်လိုက်တယ်။

သောသော်ကတော့ ဧကရာဇ်အစစ်အမှန်ဖြစ်ကြောင်း ဘယ်လိုသက်သေပြရမလဲ တွေးနေတုန်းပဲ။ ဒီသောက်ဧကရာဇ်ဆိုတဲ့ကောင်က သူနဲ့အတူ စည်းတံဆိပ်တွေဘာတွေလည်း ဘာမှသယ်မလာဘူး ...

မဟုတ်ဘူး .... သူ ပိုးချည်အင်္ကျီကို ဝတ်ထားတာပဲ! ဒီဟာကို သောသော် ချွတ်ယူချင်နေတာကြာပြီ၊ ဒါပေမဲ့ သောက်ဧကရာဇ်က သူ မကြာခင် ချွတ်ရတော့မှာမို့ နည်းနည်းကြာကြာလေး ဝတ်ထားချင်တယ်လို့ ပြောလို့သာ။ ကြည့်ရတာ ဒီအင်္ကျီကိုသာ တချီကို ပို့လိုက်ရင် သူ့လက်ထဲ ဧကရာဇ်ကို ဖမ်းထားတယ်ဆိုတာ သူတို့ သေချာပေါက် သိသွားမှာပဲ"

ညသန်းခေါင်ယံချိန်တွင် ...

ယဲ့ကျန်းကျန်းကို သူမရဲ့ရွက်ဖျင်တဲထဲ ကြိုးတုပ်ထားတယ်။ သူမ အိပ်ပျော်ခါနီးမှာပဲ တစ်ယောက်ယောက်က သူမကို နှိုးလာတယ်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ အဲ့တာက လီယို့ပဲ။ သူက နွီကျန်းစစ်သားဝတ်စုံကို ဝတ်ထားတယ်။

ယဲ့ကျန်းကျန်း စကားပြောမလို့ လုပ်လိုက်ချိန်မှာပဲ လီယို့က တိတ်တိတ်နေဖို့ လက်ဟန်ပြလိုက်ရင်း သူမကို ကြိုးတွေဖြည်ပေးလိုက်တယ်။ စစ်ဝတ်စုံကိုလည်း သူမကို ကမ်းပေးလိုက်ရင်း အသံတိုးတိုးနဲ့

"ကျွန်တော့်နောက် လိုက်ခဲ့"

အဲ့ကျမှပဲ လီယို့က သူမကို ကယ်ဖို့ရောက်တာ သဘောပေါက်တော့တယ်။ သူမ အနည်းငယ် တုံ့ဆိုင်းနေတယ်။ အပြင်ဘက်ကမှာ လူထောင်ဂဏန်းဝန်းကျင်ရှိတယ်၊ သူတို့နှစ်‌ယောက်လုံး ထွက်ပြေးနိုင်ဖို့ဆိုတာ မလွယ်ဘူး။ တကယ်လို့ ဖမ်းမိသွားရင် လီယို့ ခေါင်းပြတ်သွားနိုင်တယ်။

"မင်းတစ်ယောက်တည်း ထွက်သွားတော့၊ သူတို့ ငါ့ကို သတ်မှာ မဟုတ်ဘူး"

လီယို့က သူမစကားနားမထောင်ပဲ ခေါင်းမာမာနဲ့ သူမကို ပြန်ကြည့်နေတုန်းပဲ။

ယဲ့ကျန်းကျန်းလည်း ရုတ်ရုတ်သဲသဲဖြစ်အောင် မလုပ်ချင်တာနဲ့ စစ်ဝတ်စုံကို ဝတ်ပြီး လီယို့ ခေါ်တဲ့အတိုင်း ရွက်ဖျင်တဲထဲကနေ ထွက်လာတယ်။

တဲအပြင်ဘက်ရောက်တဲ့အခါ ဘေးက အစောင့်တွေအကုန် မေ့လဲကျနေတာ ယဲ့ကျန်းကျန်း တွေ့လိုက်ရတယ်။ လီယို့က သူမကို ဆွဲခေါ်လာပြီး စစ်သားတွေ တစ်အုပ်ပြီးတစ်အုပ်ကို ကျော်ကာ နောက်ဆုံးတော့ စစ်စခန်းကနေထွက်လာနိုင်ခဲ့တယ်။ ဒီကဆက်သွားရင် လွင်ပြင်ကျယ်ကို ရောက်ပြီ။ သူတို့နှစ်ယောက် စပြေးတဲ့အချိန်မှာပဲ အနောက်ကနေ ဆူညံသံတွေကို ကြားလိုက်ရတယ်။

သောသော်ဦးဆောင်တဲ့ စစ်သားတွေက သူတို့ကို ဝိုင်းထားကြတယ်။ သောသော် ဆင်းလာပြီး လီယို့ကို ကန်ထုတ်လိုက်တယ်။ ဓားကွေးကို ဆွဲထုတ်ရင်း သူ့ကို သတ်ဖို့ လုပ်လိုက်ချိန်မှာပဲ ယဲ့ကျန်းကျန်းက လှမ်းအော်လိုက်တယ်။

"သူ့ကို မသတ်နဲ့"

"ထွက်သွားစမ်း!"

သောသော်ရဲ့ဓားက အရှေ့ကို တိုးမလာသလို ပြန်လည်း မရုတ်သွားဘူး။ လီယို့က သူမအင်္ကျီလက်ကို ဆွဲလှုပ်လိုက်ရင်း

"ညီနောင်ကျန်း ကျွန်တော့်ကို ဂရုစိုက်မနေပါနဲ့"

"မင်း ငါ့ကို ကယ်ဖို့လုပ်ရင်း ဒီနေရာကို ရောက်လာတာလေ။ ဆိုတော့ မင်းကို မကယ်ဘဲ မျက်နှာလွှဲမနေနိုင်ဘူး"

ယဲ့ကျန်းကျန်း ပြောပြီးနောက် သောသော်ကို ကြည့်လိုက်တယ်။

"ဒီတော့ ဘယ်လိုလဲ"

သောသော် သူ့ဓားကို သိမ်းလိုက်ပြီး

"ဘာမဟုတ်တဲ့ ဟန်တစ်ယောက်ရဲ့အသက်လေးပဲဟာ ထွေထွေထူးထူး မရှိဘူး"

ပြောရင်း လီယို့ကို ဆွဲထုတ်သွားဖို့ သူ့လူတွေကို အမိန့်ပေးလိုက်တယ်။ ထို့နောက် ယဲ့ကျန်းကျန်းဘက် လှည့်လာပြီး

"မင်း ငါ့နောက်လိုက်ခဲ့"

ယဲ့ကျန်းကျန်း သောသော်နောက်ကို လိုက်လာခဲ့လိုက်တယ်။ သောသော်က သူမကို သူ့ကိုယ်ပိုင်ရွက်ဖျင်တဲဆီ ခေါ်လာတယ်။

တဲထဲရောက်တာနဲ့ ရုတ်တရက်ဆိုသလို သောသော်က သူမရဲ့အဝတ်တွေကို ဆွဲချွတ်တော့တယ်။ ယဲ့ကျန်းကျန်းလည်း လန့်ဖြန့်သွားပြီး သူ့ကို အဝေးတွန်းထုတ်ကာ

"မင်း ဘာလုပ်တာလဲအဲ့တာ!"

"ပိုးချည်အင်္ကျီကို ချွတ်လိုက်။ မင်း ငါ့လက်ထဲ အဖမ်းခံထားရတယ်ဆိုတာ သူတို့မယုံကြသေးဘူးဆိုတာ ငါ မယုံဘူး"

"ငါ့ဖာသာချွတ်မယ်၊ မင်း အပြင်ထွက်နေ"

သောသော် စိတ်မရှည်ဖြစ်လာပြီး

"ဘာလို့ မိန်းကလေးလို လုပ်နေတာလဲ"

သူပြောရင်း တဲထဲကနေ ထွက်လာတယ်။

ပိုးချည်အင်္ကျီက ချွတ်ရမလွယ်တာကြောင့် ယဲ့ကျန်းကျန်း အတော်လေး အချိန်ယူချွတ်လိုက်ရတယ်။ ဒါပေမဲ့ သူမ သံချပ်ဝတ်စုံကို ပြန်မဝတ်ရသေးခင်မှာပဲ ရုတ်တရက် သောသော်က ဝင်ချလာတယ်။

"ငါ မင်းကို ပြော ..."

ကျန်တဲ့စကားလုံးတွေက သူ့ပါးစပ်ကနေ ထွက်မလာတော့ဘူး။ သောသော် မျက်လုံးအပြူးသား ပါးစပ်ဟောင်းလောင်းနဲ့ သူ့ရှေ့ကလူကို ကြည့်နေမိတယ်။ သူမက အတွင်းဝတ်ကိုပဲ ဝတ်ထားတာကြောင့် သူမရင်ဘတ်မှာ မို့နေတဲ့နေရာကို တွေ့နိုင်တယ်။ သူ လှမ်းကြည့်နေတာတွေ့တဲ့အခါ သူမ ချက်ချင်းပဲ ပိုးချည်အင်္ကျီကိုယူပြီး ရင်ဘတ်ကို ကာလိုက်တယ်။

"မင်း! မင်းက မိန်းမပဲ"
သောသော် အံ့အားသင့်သွားတယ်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီအတိုင်း ငါ့ရင်ဘတ်က နည်းနည်း ကြီးနေရုံပါ"

ယဲ့ကျန်းကျန်းက ရှင်းပြဖို့ ကြိုးစားနေတယ်။

"မင်း ငါ့ကို လိမ်ရဲတယ်ပေါ့!"

သောသော်‌ တော်တော် ဒေါသထွက်နေတယ်။ မိန်းကလေး၊ မိန်းကလေးတဲ့လား။ ဘယ်လိုလုပ် မိန်းမတစ်ယောက်က ဧကရာဇ် ဖြစ်နိုင်မှာလဲ။

"မင်းက ဧကရာဇ်မဟုတ်ဘူး!"

သူ မုန်းတီးဒေါသထွက်ရင်း သူ့ကို အင်္ကျီကော်လံကနေ ဆွဲလိုက်ပြီး

"ပြော"

သောသော်က ရုတ်တရက်ဆိုသလို ဓားမြောင်ကိုထုတ်ပြီး သူမကို ထိုးဖို့ လုပ်‌နေပြီ။ ယဲ့ကျန်းကျန်းကလည်း လက်မတင်လေးပဲ လှမ်းအော်လိုက်တယ်။

"ငါ ပြောပါ့မယ်"

"ပြော!"

"ငါက ... အဲ ... ငါက ဧကရာဇ်တော့ မဟုတ်ပေမဲ့ အရမ်းတော့ မကွာပါဘူး"

"မင်း ဘာဆိုလိုတာလဲ"

"ငါက ဧကရာဇ်ရဲ့ မွေးမိခင်၊ မယ်တော်ကြီးပဲ"

"...."

သောသော် ဒေါသထွက်သွားပြီး

"မင်း ငါ့ကို လိမ်နေပြန်ပြီ! ဧကရာဇ်မယ်တော်ဆို အသက်က ၄၀ လောက် ရှိနေပြီ၊ မင်းလို ငယ်ငယ်ရွယ်ရွယ်ပုံလေး ဖြစ်နေမှာ မဟုတ်ဘူး!"

"တကယ်ပါဆို"

ယဲ့ကျန်းကျန်း သူ့ကို ကရုဏာသက်တဲ့ပုံနဲ့ ကြည့်လိုက်ရင်း

"ငါက ကိုယ့်ကိုယ်ကိုယ် နုပျိုအောင် ဂရုစိုက်တယ်လေ။ ငါ့ကို နုပျိုနေအောင်လို့ ‌စောင့်ရှောက်ပေးရတဲ့ သမားတော်ချည်းပဲ ၆ ယောက်တောင်ရှိတယ် နန်းတော်မှာ။ ပြည်မကြီးက သမားတော်တွေရဲ့အစွမ်းကို မင်း သိပါတယ်"

သူမပြောတာကြားတဲ့အခါ သောသော်လည်း ဖြစ်နိုင်ခြေရှိတယ်‌လို့ တွေးမိတယ်။ ဒါပေမဲ့ သူ သံသယဖြစ်နေတုန်းပဲ။

"မင်းက မယ်တော်ကြီးဆို ဘယ်မှာလဲ သက်သေပြနိုင်တာ"

"သက်သေက ဒီအင်္ကျီပဲလေ"

ယဲ့ကျန်းကျန်း ပိုးချည်အင်္ကျီကို သူ့ဆီ ပစ်ပေးရင်း

"ငါ့သားတော်က သားသမီးဝတ္တရားကျေပွန်တဲ့သူပဲ။ ငါက လွဲပြီး ဒီတိုင်းပြည်လုံးမှာ ဘယ်သူကိုများ သူ့လုံခြုံရေးကိုတောင် မမှုဘဲ ဒီပိုးချည်အင်္ကျီကို ဝတ်စေမှာတဲ့လဲ"

ဒါက ယုတ္တိတော့ ရှိသား၊ သောသော် သူမစကားကို တဝက်ယုံနေပြီးသားဆိုပေမဲ့ နည်းနည်းတော့ တွေဝေနေသေးတယ်။

"သူ့မိန်းမလား"

ယဲ့ကျန်းကျန် အေးစက်စက် ရယ်လိုက်တယ်။ သူမမျက်နှာကက ရက်စက်ပြီး ယုတ်မာတဲ့ပုံနဲ့

"အဲ့ဟာမလေးနဲ့ငါက ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ!"

သောသော် ရုတ်တရက် တစ်ခုကို သတိရသွားတယ်။ သူတို့နှစ်ယောက် စတွေ့တုန်းက သူမက ရှီးဝမ်မုမယ်တော်ဆိုပြီး စကားနဲ့အနိုင်ပိုင်းဖူးတယ်၊ ကြည့်ရတာ အဲ့တာက တကယ်ပဲ သူမမှာ သူ့အရွယ် သားတစ်ယောက်ရှိလို့နဲ့တူတယ်။ သဘောက သူမက တကယ်ပဲ မယ်တော်ကြီးဖြစ်နိုင်တယ်ဆိုတာပဲ။

သောသော် သူမကို ယုံတဲ့ပုံပဲဆိုတာတွေ့တဲ့အခါ ယဲ့ကျန်းကျန်းက ဆက်ပြောလာတယ်။

"စိတ်မကောင်းမဖြစ်ပါနဲ့၊ ဧကရာဇ်မယ်တော်က ဧကရာဇ်လောက် ဈေးကောင်းမရပေနဲ့ အသုံးတော့ ဝင်ပါသေးတယ်"

တခြားရွေးစရာလည်း မရှိတာကြောင့် သောသော် ပိုးချည်အင်္ကျီကို ယူထားလိုက်တယ်။ ဧကရာဇ်က သားသမီးဝတ်ကျေပွန်တဲ့သူဆိုတော့ မယ်တော်ကြီးကို ဖမ်းထားရင် သူ့ဆီက ငွေညှစ်ရလွယ်မှာပါလို့ တွေးလိုက်တယ်။

ယဲ့ကျန်းကျန်း တဲထဲက ထွက်လာတဲ့အခါ သူမနဖူးမှာ ချွေးစေးတွေ စိုရွဲနေတာ တွေ့လိုက်ရတယ်။ သူမ ချွေးတွေကို သုတ်လိုက်ရင်း သူမရဲ့တဲရှိရာကို ပြန်လာတယ်။ အစောနက ဖြစ်ပျက်သွားတာတွေကို ပြန်တွေးမိတော့ သူမ မယ်တော်ကြီးနာမည်ကို ယူသုံးလိုက်တာ တကယ် ကံကောင်းသွားတယ်။ ပထမအချက်အနေနဲ့ သောသော် သူမကို သတ်တော့သတ်မှာ မဟုတ်ဘူး၊ ဒုတိယတစ်ချက်အနေနဲ့ အသက် ၄၀ ကျော် မိန်းမတစ်ယောက်ကိုတော့ သူ မဟုတ်မဟတ် မကြံလောက်ပါဘူး။

သူမရဲ့အတွေးက လီယို့ဆီ ရောက်သွားပြန်တယ်။ သူ့အခြေအနေကော ဘယ်လိုရှိလဲ မသိဘူး။ သူက ဆေးပညာကိုတတ်တော့ အသတ်တော့ မခံရလောက်ပါဘူး။ သူမကို လာကယ်တဲ့အခါကျ သူ့ကိုပါ ခေါ်သွားရမယ်။

မြို့တော်တွင် ....

ဝန်ကြီးများအဖွဲ့ဆီ နောက်ထပ် စာတစ်စောင် ရောက်လာပြန်တယ်။ ဒီတစ်ခါတော့ သောသော်ဝူးလားတုက တခြားအကြောင်းအရာကို ပြောဆိုနေပြန်တယ်။ သူပြောတာက သူ့လက်ထဲ ဧကရာဇ်မယ်တော်ကို ဖမ်းထားတယ်တဲ့၊ မဖြစ်နိုင်ဝာာ၊ မယ်တော်ကြီးက နန်းတော်ထဲမှာ ရှိနေတာကို။ ကြည့်ရတာ ဒီလူက လိမ်ညာပြီး ရွှိးနေတဲ့ပုံပဲ။ ယုံရလောက်တဲ့သူ မဟုတ်ဘူး။

ဒီအကြောင်းကို မယ်တော်ကြီး ကြားတဲ့အခါ ဒေါသထွက်လွန်းလို့ ပြောစရာစကားတောင် မရှိတော့ဘူး။ ဒါပေမဲ့ ယဲ့ရှိုးမင်က ဒီသတင်းကို တမင် အပြင်ကို ပေးသိလိုက်တယ်။ အတွေးကောင်းတဲ့သူတွေက ဇာတ်လမ်းတစ်ပုဒ် သူတို့ဖာသာထွင်လိုက်ပြီး မယ်တော်ကြီးက နန်းတော်ထဲက လျှို့ဝှက်ထွက်သွားပြီး အဖမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းက လူထုကြား ပျံ့နှံ့နေတော့တယ်။ မယ်တော်ကြီးခမျာ ရွေးချယ်စရာမရှိဘဲ မနက်မိုးလင်းတဲ့အခါ လွှတ်တော်ထဲ လာပြီး အမတ်တွေနဲ့ လာတွေ့ရတော့တယ်။

မယ်တော်ကြီးကို ကျီစယ်ပြီးတဲ့နောက် ယဲ့ရှိုးမင် နွီကျန်းဘက်ကသူတွေနဲ့ ဆွေးနွေးဖို့အတွက် လူလွှတ်လိုက်တယ်။ မယ်တော်ကြီး ဟုတ်မဟုတ် တိတိကျကျ အဖြေမပေးပဲ ‌ဈေးစကားစုံစမ်းဖို့ရန်သာ ဖြစ်တယ်။ ယဲ့ရှိုးမင် ကိစ္စတွေကို တမင် အချိန်ဆွဲရင်း ဘယ်လိုဖြေရှင်းရမလဲ အဖြေရှာနေတယ်။

တဖက်မှာလည်း ယဲ့ကျန်းကျန်း ဧကရာဇ်ကနေ ဧကရာဇ်မယ်တော်ရာထူးကို ပြောင်းသွားပေမဲ့ နွီကျန်းတွေဆီမှာ ကောင်းကောင်းမွန်မွန် ဆက်ဆံခံနေရဆဲဖြစ်တယ်။



ထိုနည်းတူ ကျယ်ပြောလှတဲ့ မြက်ခင်းလွင်ပြင်မှာ ယဲ့ကျန်းကျန်းကို အရူးတပိုင်းရှာနေတဲ့ ကျီဝူကျိုးလည်း ရှိနေပြန်တယ်။ မြို့တော်မှာ ဘာတွေဖြစ်နေလဲဆိုတာ သူ မသိသေးဘူး။ ယဲ့ကျန်းကျန်းကို ရှာမယ်ဆိုတဲ့စိတ်နဲ့သာ သူ အသက်ဆက်ရှင်နေတာ ဖြစ်‌တယ်။ နေ့စဥ်ရက်ဆက် သူ့ပုံစံက ထူးဆန်းသထက် ထူးဆန်းလာတာမို့ ရုတ်တရက် ထိတ်လန့်စရာသတင်းတစ်ခုခုကိုသာ သူ ကြားလိုက်ရရင် ရူးသွားမလားတောင် လုလီ စိုးရိမ်မိလာတယ်။ ဒါကြောင့်မို့ လုလီခမျာ အရေးအကြောင်းဆို အရှင်မင်းကြီးကို မေ့သွားအောင် ဇက်ပိုး ရိုက်ဖို့ အသင့်ပြင်ပြီး နေနေရတယ်။

ကျီဝူကျိုး ရင်ထဲမှာ စိတ်လောနေပေမဲ့လည်း သူ့ကိုယ်သူ ကောင်းကောင်း ထိန်းချုပ်ထားနိုင်တုန်းပဲ။ သူ စိတ်တည်ငြိမ်အောင် လုပ်မှရမယ်၊ သူ စိတ်တည်ငြိမ်နေမှသာ ယဲ့ကျန်းကျန်းကို ရှာနိုင်မှာ ဖြစ်တယ်။

လက်ရှိမှာ ကျီဝူကျိုး မြစ်ကမ်းနဘေး မတ်တပ်ရပ်နေတယ်။ မြစ်က သိပ်မကျယ်ပေမဲ့ မြက်ခင်းလွင်ပြင်တလျှောက် တသွင်သွင် စီးဆင်းနေတယ်။ ကျီဝူကျိုး မြစ်အဆုံးကို ငေးမေးရင်း သက်ပြင်းချလိုက်တယ်။ ကျန်းကျန်း၊ ကျန်းကျန်း ကိုယ် မင်းနဲ့ ဘယ်တော့များမှ ပြန်တွေ့ခွင့်ရမှာလဲ။

ဆယ်ရက်ပဲရှိသေးပေမဲ့ ဆယ်နှစ်လောက် ကြာသွားသလို ခံစားရတယ်။ ကိုယ် မင်းကို မတွေ့ရတော့ဘူးဆို ကိုယ် မကြာခင် တကယ် ရူးသွားတော့မယ်ထင်တယ်။

လုလီ သူ့ဆီ လျှောက်လာပြီး ဘေးမှာ လာရပ်နေတယ်။ ခဏကြာပြီးနောက်

"အရှင်မင်းကြီး တကယ်တော့ ကျွန်တော်မျိုး အရှင်မင်းကြီးကို ပြောချင်တဲ့စကား ရှိပါတယ်"

"ပြောပါ"

"အရှင်မင်းကြီး .... မနာလိုဖြစ်နေဖို့ မလိုပါဘူး"

ကျီဝူကျိုး သူ့ကို လှည့်ကြည့်လာတယ်။ သူ့ရှေ့က ဒီလူက အရပ်ရှည်ရှည်၊ မျက်ခုံးကောင်းကောင်းနဲ့ ယောက်ျားပီသတဲ့ အသွင်အပြင် ရှိတယ်။ သူ ယဲ့ကျန်းကျန်းကို ကြည့်လိုက်တဲ့အခါတိုင်း သူ့မျက်လုံးထဲမှာ နူးညံ့ကြင်နာမှုကို မြင်နိုင်တယ်။

ကျီဝူကျိုးဘက်က စကားပြန်မပြောတာကို တွေ့တဲ့အခါ လုလီက ရှင်းပြလာတယ်။

"ကျန်းကျန်းက အရှင်မင်းကြီးနဲ့ လက်ထပ်ခဲ့ပြီးပါပြီ။ အရှင်မင်းကြီးကသာ သူမအိမ်ထောင်ဖက်ပါ။ ဘယ်သူကမှ အရှင်မင်းကြီးဆီကနေ သူမကို ဆွဲထုတ်မသွားနိုင်ပါဘူး"

"မင်း သူမကို သဘောကျနေခဲ့တာလား"

ကျီဝူကျိုးက ရုတ်တရက် မေးလာတယ်။

လုလီ ဘာပြောရမလဲမသိတော့ဘဲ တကိုယ်လုံး တောင့်သွားတယ်။ သူ ခေါင်းငုံ့သွားပြီး အကြည့်တွေက ဆောက်တည်ရာမရဘူး။

"ဒါပေမဲ့ မင်း ပြောတာ မှန်ပါတယ်၊ သူမက ငါ့လူပဲ။ တခြားသူတွေက ငါ့ဆီက သူမကို အဝေး‌ဆွဲထုတ်သွားနိုင်မှာ မဟုတ်ဘူး။ ကျန်းကျန်းက သိပ်ချစ်ဖို့ကောင်းတယ်၊ သူမကို နှစ်သက်တဲ့ ယောကျာ်းလေးတွေ ရှိနိုင်တာကတော့ ပုံမှန်ပါပဲ"

ဒီကိစ္စမှာ အရင်‌ဆုံခဲ့တဲ့သူက အရင်ရတယ်ဆိုတဲ့နည်းလမ်းမျိုးကို ကျီဝူကျိုး တစ်ခါမှ မတွေးခဲ့ဖူးဘူး။

လုလီက ခါးသက်သက် ပြုံးလိုက်ရင်း

"ကျွန်တော်မျိုး သူမကို သဘောကျတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲ့တာက အရေးမကြီးတော့ပါဘူး။ ကျွန်တော်မျိုးရဲ့ဝမ်းကွဲညီမလေးက တကယ် သစ်သားတုံးလိုပဲ။ ကျွန်တော်မျိုး သူမကို နှစ်သက်နေမယ်လို့ သူမ တစ်ခါမှတောင် တွေးမိဖူးမှာ မဟုတ်ဘူး"

ကျီဝူကျိုးလည်း ဒီအချက်ကိုတော့ ငြင်းချက်မရှိ လက်ခံတယ်။

"‌နောက်ဆုံးတစ်ခေါက်တုန်းက သူမသာ ကျွန်တော်မျိုးအပေါ် ခံစားချက် အနည်းငယ် ရှိခဲ့မယ်ဆို ကျွန်တော်မျိုး အသက်ကို ရင်းရမယ်ဆိုရင်တောင်မှ ဦးလေးယဲ့ဆီက သူမကို ရအောင် တောင်းရမ်းခဲ့မှာပါ"

လုလီပြောတာ နားထောင်ရင်း ကျီဝူကျိုးစိတ်ထဲ ယဲ့ကျန်းကျန်းက ခံစားချက်တွေနဲ့ ပတ်သက်ရင် သဘောပေါက်နှေးတာကို ကျေးဇူးတင်နေမိတော့တယ်။ တကယ်လို့ သူမသာ အချစ်ဆိုတဲ့ခံစားချက်က ဘာမှန်းအစောကြီးကတည်းက နားလည်နေခဲ့ရင် သူမကို သူ ပိုင်ဆိုင်ခွင့်တောင် ရခဲ့လောက်မှာ မဟုတ်ဘူး။

"ဒီဘဝမှာ သူမနဲ့ ကျွန်တော်မျိုးကြား ဖူးစာမပါခဲ့ဘူး။ ဒါကို ကျွန်တော်မျိုး လက်ခံပါတယ်။ အခု သူမကို ကျွန်တော်မျိုး ညီမလေးတစ်ယောက်အနေနဲ့ပဲ ဆက်ဆံပါတယ်။ ဒါ့ကြောင့်မို့"

လုလီ ကျီဝူကျိုးကို ကြည့်လိုက်ပြီး

"အခု သူမရဲ့အစ်ကိုတစ်ယောက်အနေနဲ့ အရှင်မင်းကြီး သူမကို အကောင်းဆုံး ဆက်ဆံပေးဖို့ ကျွန်တော်မျိုး တောင်းဆိုချင်တယ်။ ကျန်းကျန်းက ငယ်ငယ်လေးထဲက မျက်ရှုရတနာလေးလို အလိုလိုက်ခံရပြီး ကြီးပြင်းလာခဲ့တာကြောင့် စိတ်မြန်လက်မြန် ရှိတတ်ပေမဲ့ ... တကယ် ရှားမှရှားတဲ့ မိန်းကလေးမျိုးပါ"

"ငါကိုယ်တော် သိတယ်။ သူမက ငါ့ဇနီးပဲ။ သူမကို အကောင်းဆုံးဆက်ဆံပေးဖို့က ငါ့ရဲ့တာဝန်နဲ့ဝတ္တရားပါပဲ"

ဒီအနေအထားထိ ရောက်လာချိန်မှာတော့ ကျီဝူကျိုး သူ့စိတ်ထဲတွေးနေတာကို ဆက်ပြီး ထိန်းချုပ်မထားနိုင်တော့ဘူး။

သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားကြပြန်တယ်။ ကျီဝူကျိုး မြစ်ကမ်းဘက်ကို လမ်းခဏလျှောက်ထွက်သွားရင်း အောက်ငုံ့ကြည့်လိုက်တဲ့အခါ ကျောက်တုံးတချို့က ထူးထူးဆန်းဆန်းပုံစံ လုပ်ထားတာကို တွေ့လိုက်ရတယ်။

"ဒါက ဘာလဲ"

လုလီလည်း နားမလည်ဘူးဖြစ်နေတယ်။

ကျီဝူကျိုး ကျောက်ခဲနှစ်ခဲယူပြီး အစောနက ပုံစံရဲ့အလယ်မှာ ထားလိုက်တော့ သစ်ရွက်ပုံဏ္ဌာန်ပေါ်လာတာကို တွေ့လိုက်ရတယ်။ (ယဲ့ကျန်းကျန်းရဲ့ မျိုးရိုးနာမည် ယဲ့က သစ်ရွက်လို့လည်း ဆိုလိုပါတယ်)

"အဲ့တာက သစ်ရွက်ပဲ၊ အဲ့တာ ကျန်းကျန်းပဲ"

လုလီ ဝမ်းသာအားရနဲ့

"အရှင်မင်းကြီး သူတို့ တကယ် ဒီနေရာကို ဖြတ်သွားကြတာပဲ။ ကျွန်တော်မျိုးတို့ လမ်းလွဲမနေဘူး။ သူတို့ တကယ်ပဲ ဝူလန်မျိုးနွယ်စုဆီ ဦးတည်ပြီး သွားနေကြတာပဲ"

"ငါ ထင်တဲ့အတိုင်းပဲ"

ကျီဝူကျိုးက မတ်တပ်ထရပ်လိုက်တယ်။ သူ့မျက်နှာမှာ အားမာန်အပြည့်နဲ့

"အားလုံးကို ပြောလိုက်၊ ငါတို့ အခုချက်ချင်းပဲ စထွက်ကြမယ်၊ ဒီညအမှီ နွီကျန်းမျိုးနွယ်စုကို အမှီလိုက်နိုင်ရမယ်"

"အမိန့်အတိုင်းပါ!"

တပ်စုတွေလည်း ညတွင်းချင်းပဲ ချီတက်ခဲ့ကြပြီး နောက်နေ့ရောက်တဲ့အခါ စစ်သားတစ်ယောက်က မြင်းနဲ့ ကျီဝူကျိုးနား ရောက်လာပြီး

"ဝူစစ်သူကြီး၊ ကျွန်တော့်ကို စစ်သူကြီးစောင့်ရှောက်ခိုင်းထားတဲ့ တောပျော်ငှက် (စာဝတီးငှက် ) က ရုတ်တရက် ရုန်းရင်းဆန်ခတ်နဲ့ လှောင်အိမ်ထဲက ထွက်ဖို့ ကြိုးစားနေပါတယ်"

ဘာကိုဆိုလိုလဲ ကျီဝူကျိုး ချက်ချင်း သဘောပေါက်လိုက်ပြီး တပ်ဖွဲ့တွေကို ဒီနေရာမှာ နားဖို့ အမိန့်ပေးလိုက်တယ်။ သူတို့ တညလုံး ချီတက်လာခဲ့ရတာကြောင့် အတော်လေး ပင်ပန်းနေလောက်ပြီ။ မြင်းနဲ့သွားရင် တဖက်ရန်သူက သတိထားမိသွားမှာ စိုးတာကြောင့် အထူးတပ်ဖွဲ့ဝင်အချို့ကိုသာ ခေါ်ပြီး ယဲ့ကျန်းကျန်းရှိမယ့်နေရာကို ရှာဖို့ ထွက်လာခဲ့ကြတယ်။ တောပျော်ငှက်နှစ်ကောင်ကို ကျီဝူကျိုးနဲ့ လုလီရဲ့ လက်မှာ ကြိုးနဲ့ တစ်ယောက် တစ်ကောင်ဆီ ချည်ထားကြပြီး ကိုယ်ရံတော် ၂ယောက်နဲ့ စစ်သားတွေက သူတို့နောက်က လိုက်ပါလာကြတယ်။

တကယ်ကို သိပ်မလှမ်းမကမ်း ၁၀မိုင်အကွာလောက်မှာ နွီကျန်းစစ်စခန်းတစ်ခုကို တွေ့လိုက်ရတယ်။ သူတို့ကို အဝေးက လှမ်းမြင်ရတော့ ကျီဝူကျိုး စိတ်လှုပ်ရှားလာတယ်။ ကျန်းကျန်းက အဲ့နားလေးမှာတင် ရှိနေတာ ....

သွားလို့ မရသေးဘူး၊ သူ သွားလို့ မရသေးဘူး။ ကျီဝူကျိုး လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ရင်း 'ကျန်းကျန်း ခဏပဲ စောင့်ပေးပါ၊ ခဏပါပဲ၊ ကိုယ်တို့တွေ့ရဖို့ မဝေးတော့ပါဘူး'

သူ ဆက်ကြည့်နေရင် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့မှာ စိုးတာကြောင့် ကျန်တဲ့သူတွေနဲ့အတူ ပြန်လိုက်ခဲ့ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ညနေဘက်မှာ သူတို့နောက်တစ်ခါ ချီတက်လာကြပြန်တယ်။ တစ်ယောက်အနားတစ်ယောက်ကပ်ရင်း တိတ်တိတ်လေး သတိထားပြီး လာနေကြတယ်။

စစ်သည် ၁ သောင်းနဲ့ဆို ဒီတိုက်ပွဲက နိုင်ဖို့ လွယ်ပေမယ့် ယဲ့ကျန်းကျန်းရဲ့ လုံခြုံရေး‌အတွက် သူတို့ သေချာ အစီအစဉ်ချဖို့ လိုတယ်။

အရှေ့တုန်းက ကျီဝူကျိုး မန်ထောလော်ပန်းတွေကို အတူသယ်လာခဲ့တယ်။ ဒီပန်းမျိုးက လူတွေက ထုံထိုင်းပြီးမူးမေ့စေနိုင်တယ်။ ဒီတစ်ခေါက် ကွက်တိအသုံးဝင်သွားတယ်။ လေက အနောက်မြောက်ဘက်က တိုက်နေတာမို့ သူတို့သာ သေချာ ပန်းတွေကို ထားမယ်ဆို သူတို့ကို မေ့မျော‌သွားအောင် မလုပ်နိုင်ရင်တောင်မှ ထုံထိုင်းနေအောင်တော့ လုပ်နိုင်တယ်။

အဲ့ဒါပြီးရင် အချိန်ကျလာတာနဲ့ သူတို့ စခန်းထဲ ဝင်တိုက်ခိုက်ပြီး ယဲ့ကျန်းကျန်းကို ကယ်ထုတ်ရမယ်။ ကျန်တဲ့စစ်သားတွေက စခန်းတစ်ခုလုံးကို အမြစ်ဖျက် ချေမှုန်းရမယ်။

ကျန်းကျန်း ကိုယ် မင်းကို လာကယ်နေပြီ။

ညဘက် မြန်မြန်ရောက်ဖို့ ကျီဝူကျိုးဘဝမှာ တစ်ခါမှ ဒီလောက် မျှော်လင့်တကြီးနဲ့ ဆုမတောင်းခဲ့ဖူးဘူး။

ရွှေနန်းထက်က ဧကရီHikayelerin yaşadığı yer. Şimdi keşfedin