Chapter 31

1.9K 228 1
                                    

Empress with No Virtue
Chapter 31
Translator – Utopia

ယဲ့ကျန်းကျန်း ခဏလောက် အံ့အားသင့်သွားတယ်။

ကျီဝူကျိုး သူပြောတဲ့စကားကို ထပ်ပြောလာပြန်တယ်။ ဒီတစ်ခေါက်တော့ ပိုပြီး အတည်ပြုချင်တဲ့လေသံမျိုး ပေါက်နေတယ်။

“မင်းက မင့်ဝမ်းကွဲအစ်ကိုကို သဘောကျနေတာပဲကိုး ဧကရီ ”

နောက်ဆုံးစကားကို သူ လေသံမာမာနဲ့ ဖိပြောလိုက်တယ်။

ယဲ့ကျန်းကျန်း မျက်လုံးပြူးသွားရပြီး ဒေါသတကြီးနဲ့

“ဘာမဟုတ်တမ်းတရားတွေ လာပြောနေတာလဲ!”

“မင်းတို့နှစ်ယောက်လုံးက အတူကြီးပြင်းလာကြပြီး စာသင်လည်း အတူတူ၊ လေ့ကျင့်လည်း အတူတူ၊ မင်းကို သိုင်း‌သင်ပေးခဲ့တာလည်း သူပဲ။ သူ့ကော်လံပေါ်မှာ ဘယ်နံပါတ်ချည်ထိုးထားလဲဆိုတာတောင်မှ မင်း သိတယ်။ အဲ့ဒါက မင်းတို့နှစ်ယောက် ဘယ်လောက်နီးစပ်လဲဆိုတာပဲ။ မင်း ဘယ်သူ့ကိုမှ မယုံဘူး။ ဒါပေမဲ့ သူ့ကိုတော့ ယုံတယ်။ မင်း ကျားရှေ့မှာ အသက်ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့တုန်းကတောင်မှ တစ်ချက် မငိုခဲ့တဲ့သူက သူ့ရှေ့မှာကျ အလွယ်ကလေးပဲ ငိုချနိုင်တယ်။ မင်း သူ့ကို စိတ်ပူပေးတယ်။ သူ လည်ပင်းမှာ ဒဏ်ရာရထားတာမြင်တော့ တန်ဖိုးကြီးဆေးတွေကိုတောင် ပေးခဲ့သေးတယ်။ မင်း သူ့ကို ကာကွယ်ပေးတယ်။ မင်း အစွပ်စွဲခံရတာကိုတောင်မှ မမှုပဲ သူ့ကို ယုံကြည်ပေးတယ်။ ဟုတ်လား မဟုတ်ဘူးလား”

တဖြေးဖြေးနဲ့ ကျီဝူကျိုး သူမကို အခန်းထောင့်ဆီ နောက်ဆုတ်သွားစေတယ်။ ထောင်ထောင်မောင်းမောင်း သူ့ခန္ဓာကိုယ်က ယဲ့ကျန်းကျန်းကိုယ်ကို မိုးထားတယ်။ သူ့လေသံက ဒေါသကို အတင်းမျိုသိပ်ထားရသလိုမျိုး ဖြစ်နေတယ်။ သူ့အသံကို နှိမ့်ပြီး ပြောနေတာက ယဲ့ကျန်းကျန်း ရင်ဘတ်ပေါ် တူနဲ့လာထုနေသလို ခံစားရစေတယ်။ သူတို့နှစ်ယောက်လုံး အနားကပ်ပြီး ပြောနေကြတာမို့ နဖူးချင်း ထိလုနီးနီး ဖြစ်နေတယ်။ မသိရင် ကျီဝူကျိုးက သူမကို နမ်းရှိုက်တော့မလိုပဲ။ ဒါပေမဲ့ သူ့ဆီက ထွက်သက်က နွေးထွေးတာမျိုး ခံစားရမယ့်အစား သူမအဖို့တော့ မြွေတစ်ကောင်ရဲ့ နှာမှုတ်ထုတ်သလိုပဲ။

ယဲ့ကျန်းကျန်းရဲ့ ခန္ဓာကိုယ်က တုန်ယင်လာတယ်။ ဒေါသထွက်လို့လား ကြောက်နေလို့လား မသေချာဘူး။

“ မင်းအဖေက မင်းကိုတောင် သူနဲ့ လက်ထပ်ပေးချင်ခဲ့တာလေ။ ဒါပေမဲ့ ဆိုးတာက မင်း ငါနဲ့ လက်ထပ်လိုက်ရတာပဲ။ မင်းအတွက် အရမ်းဝမ်းနည်းစရာပဲ ဟုတ်တယ်မလား”

ကျီဝူကျိုး ဒီစကားကို ပြောတဲ့အချိန် သူ့နှုတ်ခမ်းက အပေါ်ကို တက်သွားပြီး အေးစက်စက်အပြုံးနဲ့ ပြုံးလိုက်တယ်။

ယဲ့ကျန်းကျန်း နောက်ဆုံးတော့ သတ္တိပြန်ရှိလာပြီး သူ့ကို ပြန်စိုက်ကြည့်ကာ ပြောလိုက်တယ်။

“အရှင်မင်းကြီးက တကယ် မဟုတ်တမ်းတရားတွေ ပြောနေတာပဲကိုး”

“ဝမ်းကွဲအစ်ကိုနဲ့ ဝမ်းကွဲညီမ၊ နတ်ဖက်တဲ့စုံတွဲ ... အဲ့ဒါက ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒါပေမဲ့ ငါ ပြောနေတဲ့အရာက အမှန်တရားပဲ”

ကျီဝူကျိုး သူမရဲ့မေးစေ့ကို ဆွဲမော့လိုက်တယ်။ နှင်းလိုဖြူတဲ့ သူမအသားအရည်က နီမြန်းလာတယ်။

“အဲ့လိုမဟုတ်ဘူးဆို မင်း ငါ့ကို သက်သေပြလေ။ ငါ ပြောနေတာတွေက အဓိပ္ပာယ်မရှိတာတွေလို့။ မင်းနဲ့သူ့ကြား ဘာခံစားချက်မှ မရှိဘဲ မင်းရဲ့ခင်ပွန်း ငါ့တစ်ယောက်တည်းပေါ်မှာပဲ နှလုံးသားတစ်ခုလုံး ရှိတယ်ဆိုတာ သက်သေပြလေ”

ကျီဝူကျိုး သူမလက်ကို သူ့ခါးမှာ ထားလိုက်တယ်။ သူ့လက်တစ်ဖက်က သူမမျက်နှာကို ကိုင်ရင်း ခေါင်းငုံ့လိုက်တယ်။ မသိရင် သူမကို နမ်းရှိုက်တော့မလိုမျိုး။

ယဲ့ကျန်းကျန်း ဖြစ်နေတဲ့ ခံစားချက်အစုံကို မျိုသိပ်လိုက်ပြီး သူမ မျက်လုံးတွေကိုသာ မှိတ်လိုက်ရင်း မျက်မှောင်ကျုံ့လိုက်တယ်။

ကျီဝူကျိုး သူမကို မနမ်းရှိုက်ခဲ့ဘူး။ သူမကို သရော်သလိုနဲ့ လွှတ်ပေးလိုက်တယ်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးတဲ့နောက် သူမကို ဆောင်းတွင်းတမျှ အေးစက်တဲ့အကြည့်တွေနဲ့ စိုက်ကြည့်ကာ ထွက်သွားတယ်။

ယဲ့ကျန်းကျန်း လက်သီးဆုပ်ထားပြီး အောက်ငုံ့ကြည့်နေကာ ဘာမှပြန်မပြောချေ။

“ယဲ့ကျန်းကျန်း မင်း အသက်ရှင်နေတုန်းမှာလည်း ငါ့လူပဲ။ သေသွားရင်တောင်မှ မင်းက ငါပိုင်တဲ့ တစ္ဆေတစ်ကောင်ပဲ”

ဘာတွေပဲ ဖြစ်ပါစေ၊ မင်းရင်ထဲ ဘယ်သူရှိနေပါစေ၊ ဒီအမှန်တရားက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ သူ့ကို ပိုသဘောကျလေ မင်း ပို နာကျင်ခံစားရလေပဲ။ ဘာလို့ဆို မင်းလည်း သူ့ကို မရနိုင်ဘူး။ သူကလည်း မင်းကို မရနိုင်ဘူး။

ငါ မရနိုင်တဲ့အရာတစ်ခုကို ကျန်တဲ့သူတွေက ရဖို့မပြောနဲ့ စဉ်းတောင် စဉ်းစားပိုင်ခွင့် မရှိစေရဘူး!!

ယဲ့ကျန်းကျန်း တစ်ရက်လုံးလုံး အခန်းထဲကနေ အခန်းအပြင်မထွက်ဘဲ ပိတ်ပြီး နေနေတယ်။ ဘာမှလည်း မစား ဘာစကားမှလည်း မပြောဘူး။ ဖြစ်နေတဲ့အမှုနဲ့ပတ်သက်ပြီး သူမ စိတ်ပူနေတယ်ထင်တာကြောင့် စူးယွဲ့က စိတ်အေးရာအေးကြောင်း ပြောပေးရှာတယ်။ ဒါပေမဲ့ စကားမပြောရုံတင်မကဘူး သူမပုံစံက အရင်ကထက် ပိုစိတ်ဓာတ်ကျနေတဲ့ပုံပေါ်တာကြောင့် စူးယွဲ့လည်း သူမကို တစ်ယောက်ထဲပဲ ပေးနေလိုက်ရတယ်။ နောက်ပြီးကျ ဘာဆက်လုပ်ကြမလဲဆိုတာ စူးဖုန့် ရယ် ဝမ်ရိုးချိုင်ရယ်နဲ့ တိုင်ပင်နေကြတယ်။

သူတို့တိုင်ပင်ကြပေမဲ့ ဘာအဖြေမှ ထွက်မလာဘူး။ အဓိကသက်သေခံက အရှင်မင်းကြီးပဲ။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ အရှင်မင်းကြီးဆီ တိုက်ရိုက်သွားမပြောရဲဘူး။ စူးယွဲ့ ဖုန့်ရိုးတျယ်ဆီ အရှင်မင်းကြီးအကြောင်း တီးခေါက်ကြည့်ပေမဲ့ သူက ဘာမှပြန်မဖြေလာဘူး။ ဘာလို့ဆို ဖုန့်ရိုးတျယ်ကိုယ်တိုင်တောင်မှ အရှင်မင်းကြီး ဘာလုပ်ချင်နေတာလဲဆိုတာ မသိတော့ဘူး။

တကယ်တော့ ကျီဝူကျိုး သူမ အပြစ်ခံရအောင်တော့ လွှတ်ထားပေးမှာ မဟုတ်ပါဘူး။ ဒီအတိုင်း သူမကို ကြံရာမရ ဖြစ်အောင် လုပ်ချင်ရုံတင်ပါပဲ။ နောက်ဆုံး သူမ အဖြေမရှာနိုင်တော့ဘူးဆိုတဲ့အခါကျမှ သူ ဝင်ဖြေရှင်းပေးလိုက်မယ်။

အဲ့အခါကျမှပဲ သူမ တကယ် ယုံကြည်အားကိုးလို့ရတဲ့သူက ဘယ်သူဆိုတာ သူမ သဘောပေါက်သွားမှာ။

ယဲ့ကျန်းကျန်း တစ်ရက်လောက်တော့ စိတ်ဓာတ်ကျနေခဲ့ပေမဲ့ တဖြေးဖြေးချင်း အသိပြန်ဝင်လာတယ်။ အခုလက်ရှိမှာ အရေးကြီးတာက စွပ်စွဲခံထားရတာကို ဖြေရှင်းဖို့ပဲ။ တော်ဝင်ကြင်ယာတော်ကို ထိခိုက်စေပြီး ဧကရာဇ်ရဲ့သွေးသားကို သတ်တာက ပြစ်မှုကြီးပဲ။ သူမ ရာထူးချခံရဖို့ မဝေးဘူး။

ဝမ်ကျောင်းရိက နိုးနေပြီဖြစ်ပြီး အားနည်းနေဆဲမို့ အိပ်ရာထဲကတော့ မထနိုင်သေးဘူး။ ယဲ့ကျန်းကျန်း သူမဆီ သွားပြီး လူနာလည်း ကြည့်ရင်း တချို့ကိစ္စတွေကိုလည်း မေးလိုက်တယ်။ ဝမ်ကျောင်းရိက ငိုရင်း ပြန်ဖြေရှာတယ်။ ထို့နောက် ယဲ့ကျန်းကျန်းရဲ့ အင်္ကျီစကို ကိုင်ဆွဲပြီး

“မယ်မယ် ကျွန်တော်မျိုးမကို ကူညီပေးပါ။ သေချာပေါက် တကယ့်တရားခံကို ရှာပေးပါ!”

ယဲ့ကျန်းကျန်း နည်းနည်း အံ့ဩသွားတယ်။

“ဘာလို့ ငါလုပ်တာ မဟုတ်ဘူးလို့ ထင်တာလဲ”

“မယ်မယ်က စိတ်ကောင်းရှိတဲ့သူပါ။ ဒီလို ကောက်ကျစ်တဲ့အလုပ်မျိုး လုပ်မှာ မဟုတ်ဘူး”

“... အမှန်အတိုင်းပြော”

“မယ်မယ်သာ တကယ် ကျွန်တော်မျိုးမကို ဒုက္ခပေးချင်တယ်ဆိုရင် ဒီထက်ပိုပြီး သတိထားမှာ သေချာတယ်။ ဘာသက်သေမှ ချန်ထားမှာ မဟုတ်ဘူး။ ဘာလို့ ဒီလောက် ထင်သာနေတဲ့ သေနတ်နဲ့ လုပ်ရမှာလဲ”

ယဲ့ကျန်းကျန်း ခေါင်းငြိမ့်လိုက်တယ်။ တကယ့်ကို ဟာကွက်ကြီးပဲ။ ဝမ်ကျောင်းရိတောင်မှ ဒါကို သိတယ်။ ကျန်တဲ့သူတွေ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ တကယ်လို့ သိရင်တောင်မှ သူတို့ မသိချင်ယောင်ပဲ ဆောင်ကြလိမ့်မယ်။

ယဲ့ကျန်းကျန်း ဟွန့်ကနဲ လုပ်လိုက်တယ်။ သူတို့က ငါ့ကို လမ်းအဆုံးထိ တွန်းပို့နေတာကိုး။ ငါဖာ့သာငါ အသက်ရှည်ရှည်နဲ့ ကောင်းကောင်းမွန်မွန် နေသွားချင်တဲ့ စိတ်ပဲ ရှိတာကို။ ယဲ့ကျန်းကျန်း သရော်လိုက်တယ်။

ယဲ့ကျန်းကျန်း ဝမ်ကျောင်းရိရဲ့ ကိုယ်ပိုင်အစေခံနန်းတွင်းသူကို ခေါ်လိုက်တယ်။ နောက်ပြီးကျ အဖြစ်အပျက်ကို ပုံစံတူ ပြန်လုပ်ပြခိုင်းတယ်။ ထို့နောက် ခဏတွေးပြီးတဲ့အခါ

“ဝမ်ကျောင်းရိက ကျော‌နောက်ဖက်ကနေ ပစ်ခံလိုက်ရတာ။ ကျည်ဆံက လားရာက အမြင့်ကနေ အနိမ့်ကိုဆိုတော့ ပစ်တဲ့သူက သူမအနောက်ဖက် အမြင့်တစ်နေရာကနေ ပစ်လိုက်တာဆိုတဲ့သဘောပဲ”

သူမ ဂိတ်တံခါးမှာ ရပ်လိုက်ပြီး ဆန့်ကျင်ဘက်လားရာကို ကြည့်လိုက်တော့ တံတိုင်းမြင့်မြင့်တစ်ခုကိုပဲ တွေ့တယ်။

တံတိုင်းပေါ် လှဲပြီး ပစ်မယ်ဆို ပစ်ကွင်းက ကွက်တိပဲ။

တံတိုင်းရဲ့အလွန်မှာ တိတ်ဆိတ်တဲ့ လျှောက်လမ်းတစ်ခု ရှိတယ်။ ယဲ့ကျန်းကျန်း လူတချို့ ခေါ်လိုက်ပြီး ယွီဟွားနန်းဆောင်ရဲ့တည်နေရာနဲ့ လျှောက်လမ်းကို စစ်ဆေးခိုင်းလိုက်တယ်။ လျှောက်လမ်းဆီသွားနေတဲ့ ခြေရာတွေအပြင် တံတိုင်းဆီ မျက်နှာမူနေတဲ့ ခြေရာတွေကိုလည်း တွေ့ရတယ်။

တံတိုင်းပေါ်က ခြေရာတွေက မြေပြင်ကခြေရာတွေရဲ့ အဆုံးသတ်နေရာလည်း ဖြစ်တယ်။

ယဲ့ကျန်းကျန်း ဝမ်ရိုးချိုင်ကို လှေကားယူလာခိုင်းလိုက်ပြီး သူမကိုယ်တိုင် တံတိုင်းပေါ် တက် စစ်ဆေးလိုက်တယ်။ အပေါ်မှာ အမိုးအုတ်ကြွပ်ပြားနှစ်ခု ပဲ့နေတာကို တွေ့ရတယ်။ ယဲ့ကျန်းကျန်း ကိုင်ကြည့်လိုက်တော့ ဖုန်မှုန့်တွေက ရှိနေတုန်းပဲ။ ကြည့်ရတာ ပဲ့သွားတာက သိပ်မကြာသေးဘူး။ နောက်ပြီး ခပ်မာမာ ချွန်ချွန်အရာတစ်ခုကြောင့် ပဲ့သွားပုံပေါ်တယ်။

သဘောက တရားခံက တံတိုင်းပေါ်တက်လာပြီး ဝမ်ကျောင်းရိကို ပစ်ခတ်ခဲ့တာပေါ့။

ဒီလျှောက်လမ်းက လူခြေတိတ်ပြီး အသွားအလာလည်း နည်းတယ်။ ဒါပေမဲ့ ဒီနားဝန်းကျင်မှာ စောင့်ကြပ်နေတဲ့ ရဲမက်တွေ ရှိတာမို့ တစ်ယောက်ယောက်သာ ဒီကိုရောက်လာရင် သေချာပေါက် သူတို့ ဖမ်းမိမှာပဲ။

အဲ့ဒီနေ့ကဘယ်ကုန်းကုန်း တာဝန်ကျတာလဲဆိုတာ ယဲ့ကျန်းကျန်း လူလွှတ်မေးခိုင်းလိုက်တယ်။ ထို့နောက် တစ်ယောက်ယောက် မသင်္ကာစရာများ တွေ့သေးလား မေးတဲ့အခါ ကုန်းကုန်းက ငြင်းတယ်။ ဒါ့ကြောင့်မို့ ယဲ့ကျန်းကျန်းလည်း သူ့ကို ဆက်မမေးတော့ဘဲ သွားခိုင်းလိုက်တော့တယ်။

“မယ်မယ် တကယ်လို့ သူ လိမ်နေတာဆို ဘယ်လိုလုပ်မလဲ”
စူးဖုန့်က မေးလာတယ်။

ယဲ့ကျန်းကျန်း ပြုံးလိုက်ပြီး

“မဟုတ်ရင်တော့ အဲ့တာက အတည်ပြုပေးလိုက်တာပဲ။ သူ တရားခံကို ဖွက်ပေးထားတယ်”

တကယ်လို့ တခြားဖက်ကနေသာ တံတိုင်းပေါ် တက်သွားတယ်ဆို မတွေ့ဘဲ မနေဘူး။ နောက်ပြီး တံတိုင်းပေါ်က ခြေရာတွေအရ အဲ့လူက သိုင်းသိပ်တော်တဲ့ပုံမပေါ်ဘူး။

ဆိုတော့ကာ အဲ့နေ့ တာဝန်ကျတဲ့ကုန်းကုန်းက မတွေ့ဘူးလို့ ပြောရင် အဲ့တာက မဖြစ်နိုင်ဘူး။

“မယ်မယ် ဒီလိုဆို အခု ကျွန်တော်မျိုးတို့ ဘာလုပ်ကြမလဲ”

ဝမ်ရိုးချိုင်က သဘောပေါက်လိုက်ပြီး အမြန်ပဲမေးလာတယ်။

“နင်တို့ထဲက တချို့ အဲ့ကုန်းကုန်းအကြောင်း သွားစုံစမ်းချေ။ သူ ဘယ်သူနဲ့ရင်းနှီးတယ်၊ အခုတလော ဘယ်သူနဲ့ တွေ့ဖြစ်တာများတယ်၊ ပိုအသေးစိတ်သိရလေ ကောင်းလေပဲ။ အထူးသဖြင့် လက်နက်နဲ့ ကျည်ဆံခဲယမ်း ဘယ်လိုဆိုတာ သိတဲ့သူမျိုး”

“မယ်မယ် ဆိုလိုတာက ...”

“မှန်တယ်၊ ငါ ပျောက်သွားတဲ့သေနတ်။ ဖုန့်ရိုးတျယ် ရှာမတွေ့ခဲ့ဘူး။ စိုးရိမ်တာက အဲ့တာက မသမာသူတွေလက်ထဲ ရောက်သွားမှာကိုပဲ”

ယဲ့ကျန်းကျန်း သုံးတဲ့ကျည်ဆန်က သာမန်သေနတ်ကဟာနဲ့မတူဘဲ အနည်းငယ် သေးတယ်။ နောက်ပြီး ဝမ်ကျောင်းရိခန္ဓာကိုယ်ထဲက ကျည်ကလည်း ယဲ့ကျန်းကျန်း အချက်ရေများများပစ်နိုင်တဲ့ သေနတ်ကို စမ်းတုန်းက ကျည်ပဲ။ အဲ့နေ့က မတော်တဆမှုလေးတချို့ ဖြစ်သွားတယ်ဆိုပေမဲ့လည်း သေနတ်ကိုယ်ထည်က ပျက်စီးသွားတာမဟုတ်ဘူး။ နည်းနည်းလေးသာ ပြန်ပြင်လိုက်ရင် သုံးလို့ရတယ်။ ဒါ့အပြင် အဲ့သေနတ်ထဲ ကျည်က ကျန်နေသေးတယ်။

ဖြစ်နိုင်တယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ သေနတ်ကို ရှာတွေ့ပြီး ပြင်ပြီးတဲ့နောက် သူ့အတွက်သူ သိမ်းထားမယ်ဆို အချိန်ကိုက်သာ သုံးနိုင်ရင် အဲ့တာက ဝမ်ကျောင်းရိရဲ့ကလေးကို ဖယ်ရှားပစ်နိုင်ရုံမက ယဲ့ကျန်းကျန်းကိုပါ ထောင်ချောက်ဆင်လို့ရတယ်။

ဝမ်ရိုးချိုင် အတော် အံ့အားသင့်သွားတယ်။ အခုဖြစ်တဲ့ဟာက အရင်တစ်ခေါက်က သူလုပ်ခဲ့ဖူးတဲ့ မကောင်းတဲ့ဟာလိုပဲ။ ဘာမှတောင် မပြောနိုင်တော့ဘဲ ဝမ်ရိုးချိုင်စိတ်ထဲ ဧကရီမိဖုရားခေါင်က သိပ်ထက်မြက်ပါးနပ်တာပဲလို့ တွေးလိုက်မိတယ်။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ အမှုနဲ့ပတ်သက်ပြီး စူးယွဲ့နဲ့စူးဖုန့်ထက် ဝမ်ရိုးချိုင်က ပိုပြီး စိတ်ပူနေမိတယ် ။

နန်းတော်ထဲ ယဲ့ကျန်းကျန်းရဲ့ အဆက်အသွယ်နဲ့ ဆက်ဆံရေးက သိပ်မကောင်းလှပေမဲ့လည်း သူမလက်အောက်ကသူတွေကတော့ နန်းတော်အစေခံတွေ၊ ကုန်းကုန်းတွေနဲ့ ပတ်သက်လာရင် အတော်ကောင်းတယ်။ တခြားကြောင့်တော့မဟုတ်ဘူး၊ ဧကရီမိဖုရားခေါင်က ချမ်းသာတာကြောင့်ပဲ။ ပိုက်ဆံက အရေးမပါဘူးလို့ ပြောလို့မရဘူး။ ဒီလိုကိစ္စမျိုးတွေမှာ ပိုက်ဆံက စကားပြောလာပြီ။ စူးဖုန့်၊ စူးယွဲ့နဲ့ ဝမ်ရိုးချိုင်တို့က ဧကရီမိဖုရားခေါင်ရဲ့ လူတွေဖြစ်ပေမဲ့ အာဏာပြတာမျိုး မရှိဘူး။ ဒီလိုလူတွေကိုမှ လူတွေက သဘောမကျရင် ဘယ်သူ့ကို သွားသဘောကျရမှာလဲ။

ဒီလိုနဲ့ပဲ သူတို့ စုံစမ်းရှာဖွေပြီးတဲ့နောက် ယဲ့ကျန်းကျန်း မြန်မြန်ပဲ အဖြေရလာတယ်။

လီကိုယ်လုပ်တော်ရဲ့နန်းဆောင်မှာ ချန်ခယ့်လို့ခေါ်တဲ့ ကုန်းကုန်းတစ်ယောက် ရှိတယ်။ သူက လက်နက်တွေကို သဘောကျပြီး နန်းပြင်ကနေတောင် လက်နက်လမ်းညွှန်စာအုပ်ကို ဝယ်ထားသေးတယ်။ အဲ့ထဲမှာ လက်နက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားတယ်။ အရေးအကြီးဆုံးအချက်က သူနဲ့ အဲ့နေ့က ကုန်းကုန်းက ဆက်ဆံရေး အတော်ကောင်းကြတယ်။

အဲ့ဒါက လီကိုယ်လုပ်တော်ပဲ!

ဒီတစ်ယောက်ကတော့ ကောင်းကောင်းနေရတာမှ မကြာသေးဘူး၊ ဇာတ်လမ်းက စလာပြန်ပြီ။

လီကိုယ်လုပ်တော်ကို သတိပေးသလို ဖြစ်သွားမှာ စိုးတာကြောင့် ယဲ့ကျန်းကျန်း ချန်ခယ့်ကို ဖမ်းဖို့ လုဟွားနန်းဆောင်ကို မသွားဘူး။ အဲ့အစား သူ သေချာပေါက် ဖြတ်သွားမယ့်လမ်းမှာ စောင့်နေပြီး အငိုက် အုပ်ဖမ်းလိုက်တယ်။ ထို့နောက် ခွန်းနင်နန်းဆောင်ကို ခေါ်သွားတယ်။

ချန်ခယ့်က အစကတည်းက စိတ်ထဲ အပြစ်ရှိသလို ခံစားနေခဲ့ရတာ။ ဒါ့ကြောင့်မို့ သူ့ကို အထုတ်ထဲ လွှတ်ပေးလိုက်တဲ့အခါ ကြောက်လန့်ပြီး ဗလုံးဗထွေးစကားတွေ ပြောနေမိတယ်။

ယဲ့ကျန်းကျန်း သူ့အပေါ်မှာ အချိန်ကုန်ခံမနေတော့ဘဲ ဒဲ့ပဲ ပြောလိုက်တယ်။

“အပြစ်ကို ဝန်ခံရင် ငါ နင့်အသက်ကို ချမ်းသာပေးမယ်။ ဝန်မခံရင်တော့ သေရလိမ့်မယ်”

“ကျွန်တော်မျိုး ... ကျွန်တော်မျိုး မယ်မယ် ဘာပြောနေမှန်း နားမလည်ပါဘူး”

ချန်ခယ့်မယုံနိုင်ဘူး။ တကယ်လို့ သူသာ ဝန်ခံလိုက်ရင် သေမှာပဲ။ တော်ဝင်ကြင်ယာတော်ကို ထိခိုက်အောင် လုပ်တဲ့အမှုက အပြစ်ကြီးပဲ။ သူ့အတွက် အခါတစ်ထောင် ပြန်သေလို့တောင် ရတယ်။

“ကြည့်ရတာ ငါ့ကို မယုံတဲ့ပုံပဲ။ ငါ ထပ်ပြောမယ်။ နင် ဝန်ခံမယ်ဆို နန်းတော်ထဲက ထွက်သွားပြီး ဝေးဝေးမှာ နာမည်အသစ်နဲ့ နေလို့ ရစေမယ်။ လီကိုယ်လုပ်တော်က နန်းတော်ထဲ အာဏာနည်းနည်း ရှိတယ်ဆိုပေမဲ့ သူမလက်တံက အဲ့ထက် ပိုမရှည်ဘူး။ သူမကတော့ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ငါကတော့ လုပ်နိုင်တယ်”

ချန်ခယ့် တိတ်နေတုန်းပဲ။

“နင် ဝန်မခံရင် အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား။ တကယ်လို့ ငါ နင့်ကို မသတ်ရင်တောင်မှ ငါ့ဘက်က သံသယဝင်တဲ့ပုံ နည်းနည်းပြလိုက်တာနဲ့ လီကိုယ်လုပ်တော်က နင့်ကို ရှင်းပစ်လိုက်မယ်”

ချန်ခယ့်ရဲ့အမူအရာက နာကျင်သွားတယ်။ ဒီနန်းတော်ထဲမှာ သူက ထင်ထင်ရှားရှား နေချင်တဲ့သူ မဟုတ်ပါဘူး။ ဒီအတိုင်း ငြိမ်းငြိမ်းချမ်းချမ်းလေးပဲ နေချင်တာ။ ဒါပေမဲ့ အဲ့ဒါက သိပ်ခက်ခဲလွန်းတယ်။ အစက လီကိုယ်လုပ်တော်က သူ့ကို ခြိမ်းခြောက်ပြီး လုပ်ခိုင်းတယ်။ အခု ဧကရီမိဖုရားခေါင်က ခြိမ်းခြောက်နေပြန်တယ်။ နန်းတော်ထဲ အစေခံဘဝက တကယ် အသက်ရှင်ဖို့ ခက်ခဲတာပဲ။

ချန်ခယ့်ပုံစံက တင်းခံနေဆဲဆိုတာကို တွေ့တဲ့အခါ ယဲ့ကျန်းကျန်း ဝမ်ရိုးချိုင်ကို မီးဖိုယူလာခိုင်းလိုက်တယ်။ သူမ ပြုံးရင်း

“ငါ ဝက်လက်ပဲ စားရတာ များနေပြီ။ ငါ အရင်ကတည်းက လူလက်ကင်အရသာကို စားကြည့်ချင်နေတာ။ နင် ငါ့ကို မြည်းစမ်းခွင့် ပေးရင် မကောင်းဘူးလား”

သူမ ပြောလို့ ပြီးတာနဲ့ ဝမ်ရိုးချိုင်က သူ့လက်ကို ယူပြီး မီးဖိုဆီ ထားဖို့ လုပ်လိုက်တယ်။ ချန်ခယ့် လန့်ဖျပ်သွားပြီး အတင်းရုန်းပေမဲ့ အားကောင်းတဲ့ ကုန်းကုန်းနှစ်ယောက်က နောက်ကျောကို ဖိထားတာမို့ မလုပ်နိုင်ဘူးဖြစ်နေတယ်။

ပါးစပ်နဲ့ပြောတာထက် တစ်ခါတလေ လက်တွေ့လုပ်ပြလိုက်တာက ပိုထိရောက်တယ်။ မီးဖိုနားကပ်လာလေ လက်ကတဆင့် မီးကျီခဲက အပူကို ချန်ခယ့် ခံစားလာရလေပဲ။ ဒါ့ကြောင့် နောက်ဆုံးတော့ သူ အော်လိုက်တယ်။

“ကျွန်တော်မျိုး ဝန်ခံပါ့မယ်၊ ကျွန်တော်မျိုး ဝန်ခံပါ့မယ်”

လူတွေထဲမှာလည်း သွေးမရဲစိတ်မခိုင်တဲ့သူတွေ ရှိတယ်ဆိုတာကို ငါတို့ မငြင်းနိုင်ဘူး။

အချက်ရေများစွာပစ်နိုင်တဲ့သေနတ်ကို တကယ်ပဲ ချန်ခယ့်က ရှာတွေ့ခဲ့တာဖြစ်တယ်။ ဒီလူက သေနတ်ကို သူ့မိန်းမလိုပဲ အသေကြိုက်တဲ့သူ။ ဒါပေမဲ့ တချီမှာက သေနတ်ပိုင်ဆိုင်နိုင်ဖို့က ကန့်သတ်ချက်တွေ များလွန်းပြီး သူ့အနေနဲ့ မပိုင်နိုင်ဘူးဆိုတာ သိတယ်။ ဒါ့ကြောင့်မို့ သေနတ်ကို ရှာတွေ့တဲ့အခါ ချက်ချင်းပြန်မပေးဘဲ ရက်အနည်းငယ်လောက် ကစားပြီးမှ ပြန်အပ်လိုက်မယ်လို့ အစက စိတ်ကူးခဲ့တာ။ ဒါပေမဲ့ လီကိုယ်လုပ်တော်က ဒီအကြောင်းကို သိသွားပြီး ဧကရီမယ်မယ် ပျောက်သွားတဲ့ပစ္စည်းမို့ ပြန်ပေးစရာ မလိုဘူးလို့ပြောတယ်။ အနာဂတ်မှာ အသုံးဝင်လာမလား ဘယ်သူက ပြောနိုင်မှာလဲ။ ဒါ့ကြောင့် သူ့ကို ပြင်ခိုင်းပြီး သိမ်းထားခိုင်းလိုက်တယ်။ သူကလည်း ပျော်ပျော်ကြီး ပြင်တာပေါ့။

အဲ့နောက် ဝမ်ကျောင်းရိ ကိုယ်ဝန်ရတဲ့အခါ လီကိုယ်လုပ်တော်က မနာလိုဖြစ်ပြီး ဧကရီမိဖုရားခေါင်ကို ထောင်ချောက်ဆင်ချင်ခဲ့တယ်။ ဒီလိုနဲ့ ဝမ်ကျောင်းရိကို ဒုက္ခပေးပြီး ဧကရီမိဖုရားခေါင်ကို စွပ်စွဲလို့ရအယါ့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ အကြံကို လက်တွေ့လုပ်လိုက်တာပဲ။

သူ ပြောတာကို နားထောင်ပြီးတဲ့ ယဲ့ကျန်းကျန်း မေးလိုက်တယ်။

“သေနတ်က ဘယ်မှာလဲ။ ငါ့စိတ်ထင် သက်သေကို ဖျောက်ပစ်လိုက်ပြီနဲ့ တူတယ်”

“လီကိုယ်လုပ်‌တော်မယ်မယ်က ဖျက်စီးခိုင်းခဲ့ပေမဲ့ ကျွန်တော်မျိုး မလုပ်ခဲ့ဘူး။ လျှို့ဝှက်ပြီး သိမ်းထားပါတယ်။ ကျွန်တော်မျိုး နေတဲ့နေရာမှာပဲ ရှိတယ်”

ဒီတစ်ယောက်က အတော် သတ္တိရှိသားပဲလို့ ယဲ့ကျန်းကျန်း တွေးလိုက်တယ်။ ဒါပေမဲ့ ကိစ္စက အခုလိုဆို လွယ်လွန်းနေတယ်။

ဒီနေ့ ယဲ့ကျန်းကျန်း အားလုံးကို ခွန်းနင်နန်းဆောင်မှာ စုဝေးခိုင်းလိုက်တယ်။ အားလုံးရဲ့ရှေ့မှာ သူမ လီကိုယ်လုပ်တော်ကို စစ်မေးလိမ့်မယ်။

လီကိုယ်လုပ်တော် ချန်ခယ့်ပျောက်သွားတာကို သိကတည်းက တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်တယ်။ ဒါပေမဲ့ သက်သေက ဖျက်စီးပြီးပြီဆိုတာ သူမသာ စွပ်စွဲခံရတာပါလို့ ဘူးခံငြင်းနေသ၍ ဧကရီမိဖုရားခေါင်က သူမကို အပြစ်ပေးလို့ မရဘူး။ ဒါ့ကြောင့်မို့ မျက်နှာတစ်ချက် မပျက်ဘဲ ဧကရီမိဖုရားခေါင်ဆီ ရောက်လာတယ်။

ဒါပေမဲ့ သူမ မသိလိုက်တာက ယဲ့ကျန်းကျန်း လူတွေကို အမိန့်ပေးပြီး အားလုံးရှေ့မှာတင် ချန်ခယ့်ကို သက်သေနဲ့တကွ ဝန်ခံခိုင်းထားပြီးပြီ။ သေနတ်ကို သူ ရှာတွေ့ခဲ့ပြီး ဝမ်ကျောင်းရိကို ထိခိုက်စေခဲ့တယ်ဆိုတာအပြင် လီကိုယ်လုပ်တော်က သက်သေကို ဖျက်စီးခိုင်းတာပါ အကုန် ဝန်ခံသွားတယ်။

နောက်ပြီး သေနတ်ကို လုဟွားနန်းဆောင်မှာ ရှာတွေ့ခဲ့တယ်။

လီကိုယ်လုပ်တော် မျက်နှာက မည်းသွားတယ်။ သူမ ခုခံချင်ပေမဲ့ ဘယ်သူမှ ယုံတော့မှာ မဟုတ်ဘူး။

သက်သေတွေက ခိုင်မာတာမို့ ယဲ့ကျန်းကျန်းရဲ့ ရန်သူလည်း ဘာမှ မပြောနိုင်တော့ဘူး။ ဧကရီမိဖုရားခေါင် ဘယ်လိုအပြစ်ပေးမလဲဆိုတာသာ စောင့်ကြည့်ရတော့မယ်။ တစ်လျှောက်လုံးမှာ ကျီဝူကျိုး ဘာမှဝင်မပြောဘဲ နှုတ်ဆိတ်နေခဲ့ပေမဲ့ နောက်ဆုံးမှာ ပြောလာတယ်။

“လီကိုယ်လုပ်တော်ကို စုကျဲယွီအနေနဲ့ ရာထူးချလိုက်ပြီ။ ကျန်တဲ့ကိစ္စကိုတော့ ဧကရီပဲ ကိုင်တွယ်လိုက်တော့”

ယဲ့ကျန်းကျန်း စုကျဲယွီကို ခွန်းနင်နန်းဆောင်အပြင်ဘက် ထုတ်ပြီး သစ်သားပြားနဲ့ အကြိမ် ၄၀ အရိုက်ခံစေဖို့ အမိန့်ချလိုက်တယ်။ အပြစ်ပေးတာကို လုပ်ပေးရမယ့်သူတွေက ယဲ့ကျန်းကျန်းနဲ့ ပြောထားဆိုထားပြီးသား။ သူမ အသက်ရှင်ရုံလောက် ချန်ထားပြီး အားကုန်ရိုက်ဖို့ မှာထားတယ်။

အချက် ၄၀ အရိုက်ခံရပြီးချိန်မှာတော့ သူမ ဖြူဖျော့ကာ အသက် ဖြေးဖြေးပဲ ရှူနိုင်တော့တယ်။ အစေခံတွေ အများကြီးရှေ့မှာ အရိုက်ခံရတာက ရာထူးချခံရတာထက်တောင် ပိုရှက်ဖို့ကောင်းတယ်။

“စုကျဲယွီက တော်ဝင်ကြင်ယာတော်နဲ့ သွေးသားကို အန္တရာယ်ပေးခဲ့တယ်။ ဒီအပြစ်မျိုးက ခွင့်လွှတ်ပေးလို့ မရဘူး။ ဒါပေမဲ့ အရှင်မင်းကြီးနဲ့ မယ်တော်ကြီးက ကြင်နာတတ်လို့ ဒီနေ့မှာ ငါ အချက်၄၀ အပြစ်ပေးတာနဲ့တင် ပြီးသွားတာ။ နောက်နောင်များမှာ ဒီလိုကိစ္စမျိုး လုပ်ရဲတဲ့သူရှိရင် ငါ သေချာပေါက် ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”

လူတွေ အများကြီး ရှိနေပေမဲ့လည်း အပ်ကျသံတောင် မကျရဘူး။

ကျီဝူကျိုး ယဲ့ကျန်းကျန်းဘေးမှာ ရပ်နေရင်း သူမကို ကြည့်မိတယ်။ သူမရဲ့ ဩဇာအပြည့်နဲ့ အမူအရာက တကယ်ကို ကျားမလေးအတိုင်းပဲ။ သူမမျက်ဝန်းတွေက တောက်ပနေပြီး ရှည်လျားကော့ညွှတ်တဲ့ မျက်တောင်တွေအောက်မှာ ပုလဲနက်လား ထင်ရတယ်။ လူတွေ သူမအပေါ် ကြွေဆင်းအောင် ပြုစားနေတယ်။

ယဲ့ကျန်းကျန်းကတော့ ကျီဝူကျိုး ကြည့်နေတယ်ဆိုတာ သတိမထားမိဘူး။ အာဏာအကြည့်နဲ့ပဲ သူမက ဆက်ပြီးတော့ ပြောလိုက်တယ်။

“ဒီနေ့ ဒီလောက်နဲ့ပဲ တော်လိုက်တော့မယ်။ တကယ်လို့များ တစ်ယောက်ယောက်များ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်မယ်ဆို ငါ လှလှပပလေး သေသွားရအောင် လုပ်ပေးမယ်”

ထို့နောက် လူတွေအားလုံးကို ပြန်ခွင့်ပြုလိုက်တယ်။ ဒီနေ့ သူမ သတိပေးပြီး အာဏာနည်းနည်း ပြထားလိုက်တာမို့ ရက်အနည်းငယ်တော့ တိတ်ဆိတ်သွားလောက်မှာပါ။

အားလုံးထွက်သွားပြီးတဲ့နောက် ကျီဝူကျိုးက ယဲ့ကျန်းကျန်းဘေး ရပ်နေတုန်းပဲ။

“အရှင်မင်းကြီး ကျွန်တော်မျိုးမကို ပြောချင်တာများ ရှိသေးလား”

--တောင်းပန်ပါတယ်။ ကျီဝူကျိုး ပါးစပ်ဟလိုက်ပေမဲ့ ဒီစကားတွေက လည်ချောင်းထဲ တစ်နေတယ်။ ဘယ်လိုမှ ပြောမထွက်နိုင်ဘူး။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now