Chapter 11

2.4K 229 2
                                    

Empress with No Virtue
Chapter 11
Translator – Utopia

ဧကရာဇ်ကတော့ သူ့ရဲ့ဧကရီကို လူတွေ အားလုံးရှေ့မှာ အပြစ်ဖော် ဆုံးမလိုက်ပြန်ပြီ။

ဒီတစ်ခေါက်ကတော့ ပိရှင်းရှုမျှော်ဆောင်မှာတွေ့တဲ့ အလောင်းကြောင့်ပဲ ဖြစ်တယ်။ အလောင်းက ခြေရောလက်ရော အတုပ်ခံထားရတယ်။ ပါးစပ်ကိုလည်း အဆို့ခံထားရပြီး ကန်ထဲကို တွန်းချလိုက်ကြတာပဲ။ အလောင်းက ရေ‌ပေါ် ပေါ်လာတဲ့အခါ ကျီဝူကျိုးက ရှာတွေ့သွားပြီး ယဲ့ကျန်းကျန်းကို လာခဲ့ဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်တယ်။

ပုံမှန်ဆိုရင် အနောက်နန်းဆောင်မှာ နန်းတွင်းသူအစေခံတွေနဲ့ ကုန်းကုန်းတွေ သေတဲ့ကိစ္စက အထူးအဆန်း မဟုတ်ဘူး။ ဒါပေမဲ့ အခုဟာက အရှင်မင်းကြီးကိုယ်တိုင် ရှာတွေ့တာဆိုတော့ ကိစ္စတွေက ရှုပ်ထွေးသွားပြီ။

ဒါ့အပြင် အလောင်းက ဝမ်ကျောင်းရိရဲ့ အနီးကပ် နန်းတွင်းသူဆိုတော့ သူ(မ) တွေ့တဲ့အခါ လန့်ပြီး မူးမေ့တော့မလိုတောင် ဖြစ်သွားတယ်။

ဆူပြီးတဲ့နောက်မှာတော့ ယဲ့ကျန်းကျန်းကို ဒီကိစ္စကို စစ်ဆေးဖို့ ကျီဝူကျိုးက အမိန့်ပေးလိုက်တယ်။ ဒါ့အပြင် ဒီနန်းတော်ထဲမှာ ဒီလိုလုပ်ရပ်မျိုး လုပ်ရဲတဲ့သူတွေ ရှိတဲ့အတွက် အနောက်နန်းဆောင်ကို ငြိမ်းချမ်းအောင် ပြန်လုပ်ဖို့ပါ နောက်ထပ် အမိန့်ပေးသွားပြန်တယ်။

အမိန့်တော်ကို လက်ခံပြီးတဲ့နောက်မှာတော့ ယဲ့ကျန်းကျန်း စိတ်ထဲကနေပဲ အေးစက်စွာ ရယ်သွမ်းပစ်လိုက်တယ်။ လူ့အထက်ကလူ ဧကရာဇ်မင်းတစ်ပါးဖြစ်တဲ့ ကျီဝူကျိုးအတွက် ဘာမဟုတ်တဲ့ နန်းတွင်းသူလေး သေတဲ့ကိစ္စက ဘာအရေးကြီးတာမို့လို့လဲ။ သူ တမင်သက်သက် ယဲ့ကျန်းကျန်းကို ဒုက္ခပေးချင်လို့ဆိုတာ အသိသာကြီးပဲဟာ။ အနောက်နန်းဆောင်ကို ပြန်လည်ငြိမ်းချမ်းအောင် လုပ်ရမယ် ?? ဒီအခွင့်အရေးကို အသုံးချပြီး သူမသာ ကောင်းကောင်းမလုပ်နိုင်ရင် အပြစ်ရှာဖို့ ကြံထားတာပဲကိုး ! ကောင်းကောင်း လုပ်နိုင်ပြန်ရင်လည်း သိသိသာသာကော မသိမသာပါ ရန်သူတွေများအောင် လုပ်မိပြီးသား ဖြစ်သွားလိမ့်မယ်။ ဧကရီမိဖုရားခေါင်အနေနဲ့ သူမနေရာက အခြေမကျသေးဘူး၊ ဧကရာဇ်မင်းကလည်း သူမကို မနှစ်သက်ဘူး၊ မယ်တော်ကြီးကလည်း သူမကို အမြင် မကြည်ဘူး။ ဒီလိုအခြေအနေမျိုးနဲ့ ယဲ့ကျန်းကျန်းအနေနဲ့ နန်းတော်မှာ ရှေ့ဆက်ရမယ့် နေ့ရက်တွေက ခက်ခဲတဲ့နေ့ရက်တွေ ဖြစ်လာလိမ့်မယ်။

“ ဒီကျီဝူကျိုးက တော်တော် ကောက်ကျစ်တာပဲ ! တကယ်ကို ကောင်းတဲ့သူ မဟုတ်ဘူး ! ”

စူးဖုန့်မျက်နှာက ဖြူဖျော့သွားပြီး ချက်ချင်း မိဖုရားခေါင်ရဲ့ ပါးစပ်ကို လှမ်းပိတ်ရတယ်။

“ မိဖုရား‌ခေါင်မယ်မယ် အဲ့လိုမပြောသင့်ပါဘူး ! ”
သူတို့က ခွန်းနင်နန်းဆောင်မှာဆိုပေမဲ့ အရှင်မင်းကြီးဆီ အရောက်ပို့မယ့် နားတွေ အများကြီး ရှိတယ်။ ဒီလိုရိုင်းစိုင်းတဲ့စကားမျိုးကို စိတ်ထဲကနေတောင် မတွေးသင့်ဘူး။ အရှင်မင်းကြီးရဲ့ နာမည်ကို ထုတ်ပြောတာက ပိုတောင် ဆိုးသေးတယ်။ ဒီလိုတောင် ပြောရဲတယ်ဆိုတော့ သတ္တိရှိတယ်ပြောရမလား ရူးသွပ်နေတယ်လို့ပဲ ပြောရမလားတောင် မသိတော့ဘူး။

စူးယွဲ့ကတော့ သေလောက်အောင် လန့်နေပြီမို့ အလိုလို ဒူးထောက်ပြီးသား ဖြစ်သွားပြီ။

“ မိဖုရား‌ခေါင်မယ်မယ် မယ်မယ်က ကျွန်တော်မျိုးမ ပြောခဲ့ဖူသလိုပဲ ပါးနပ်တဲ့ လူတစ်ယောက်ပါ။ ဒီအနောက်နန်းဆောင်မှာ မကောက်ကျစ်တဲ့သူ မယုတ်မာတဲ့သူဆိုတာ ရှိလို့လား။ လီကိုယ်လုပ်တော်တောင်မှ ရူးတယ်ပဲပြောပြော အတယ်ပဲပြောပြော ဒီနေ့ဒီနေရာအထိ သူ ဘယ်လို ရောက်လာခဲ့လဲ ကြည့်ပါလား။ မယ်မယ် အနောက်နန်းဆောင်ရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ပဲ။ အပင်မြင့်လေ လေသင့်လေပဲ။ မယ်မယ့်ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိတယ်။ ကျွန်တော်မျိုးမက မယ်မယ့်ဘေးမှာ နှစ်ပေါင်းများစွာ ခစားခဲ့တာမို့ မယ်မယ့်ရဲ့ စိတ်မာန်ကို နားလည်ပါတယ်။ မယ်မယ်က ယဲ့အိမ်တော်မှာ မျက်ရှုရတနာလေးလို တန်ဖိုးထားခံရပြီး ကြီးပြင်းလာခဲ့ရတာ။ တကယ်လို့ အပြစ်တစ်ခုခု လုပ်မိရင်တောင်မှ ယဲ့အိမ်တော်မှာ မယ်မယ့်ကို ဘယ်သူ့မှ အပြစ်‌ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနန်းတော်ထဲမှာတော့ မယ်မယ့်ကို ကာကွယ်ပေးမယ့်သူ ဘယ်သူ့မှ မရှိဘူး။ လူတိုင်းက မယ်မယ့်ကို ကျားချောင်း ချောင်းနေကြတာ။ မယ်မယ့်ကို ဆွဲချချင်နေကြတာ။ မယ်မယ့်အသက်ကိုပါ ရန်ရှာချင်နေကြတာ ”

ယဲ့ကျန်းကျန်း အံ့အားသင့်သွားပြီး

“ ဒါတောင်မှ ငါ့ကို ပြန်ပြောရဲနေသေးတယ်ပေါ့။ နင်မပြောသင့်ဘူးလို့ ပြောတဲ့အရာကို နင် အခုပဲ ပြောလိုက်တာလေ “

“ ကျွန်တော်မျိုးမ ဘယ်လိုမှ ဒီတိုင်း ရပ်ကြည့်မနေနိုင်တော့လို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးမ စကားကို နားထောင်ပါ မယ်မယ်ရယ်။ မယ်မယ့်စိတ်ထဲ ဘယ်လိုခံစားနေရမလဲ ကျွန်တော်မျိုးမ ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမဲ့ စိတ်ထဲ မျိုသိပ်မထားနိုင်တော့ဘူးဆိုတာနဲ့ပဲ စိတ်ထဲရှိသမျှ အကုန်ထုတ်ပြောနေရင် နောက်မှာ အကျိုးဆက်တွေ ရှိလာလိမ့်မယ်။ မယ်မယ့်အတွက်ကို မတွေးရင်တောင်မှ ယဲ့အိမ်တော်ကို ငဲ့တော်မူပါဦး ”

“ အရင် ထလိုက်ပါဦး ”

စူးယွဲ့ကို ထဖို့ ကူညီပေးနေတဲ့ စူးဖုန့်ကို လှမ်းကြည့်လိုက်ရင်း ယဲ့ကျန်းကျန်း သက်ပြင်းချလိုက်တယ်။

“ လူတိုင်းက ငါ့ကို ယဲ့အိမ်တော်ကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေကြတယ်။ ငါ့ကိုယ်ငါတောင် ကာကွယ်ဖို့ မတတ်နိုင်တာ ဘယ်လိုလုပ် ယဲ့အိမ်တော်ကို ကာကွယ်ပေးနိုင်မှာလဲ ”

နိုင်ငံရေးအရ အာဏာအရှိဆုံး မိသားစုဖြစ်ဖို့ဆိုရင် ပျော့ညံ့တဲ့ ဧကရာဇ်မျိုး ရှိဖို့ လိုအပ်တယ်။ ဒါပေမဲ့ ကျီဝူကျိုးက ကျန်းမာလိုက်တာမှ ဒေါင်ဒေါင်မြည်၊ အုပ်ချုပ်ရေးပိုင်းမှာလည်း မလစ်ဟင်းစေရဘူး။ ဘယ်မိသားစုကိုမှ အာဏာရှိလာဖို့ ခွင့်ပြုပေးမှာ မဟုတ်ဘူး။ တကယ်လို့သာ ကျီဝူကျိုးကို ကောက်ကျစ်တဲ့ကျားလို့ ခေါ်မယ်ဆို ယဲ့ကျန်းကျန်းက တစ်ကောင်တည်း ကျန်ခဲ့တဲ့ ခြင်္သေ့မပဲ။ သူမအဖိုးကို လျှော့တွက်တာတော့ မဟုတ်ပေမဲ့ အချိန်က တဖြေးဖြေးနဲ့ ကျီဝူကျိုးဘက်ကို ပစား ပေးလာနေပြီလေ။ တက်လူနဲ့ ကျလူ ဘယ်ယှဉ်နိုင်ပါ့မလဲ။ ယဲ့မိသားစုက ဒီအာဏာလုပွဲမှာ အနိုင်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

အာဏာများများကိုင်ထားလေ ပြဿနာများများ ရှင်းရလေပဲ။ အခု ယဲ့မိသားစုက မိသားစုအာဏာကို အသုံးချပြီး ဧကရီတစ်ပါးကို မြှောက်ထားတဲ့ဟာ ဘယ်သူက သူတို့ကို မနာလိုပဲ ရှိလိမ့်မလဲ။

သက်ပြင်းချလိုက်ရင်း ယဲ့ကျန်းကျန်း တွေးမိတယ်။ ဒီတစ်ခါ သူမကို ဧကရီမိဖုရားခေါင်နေရာ မြှောက်လိုက်တဲ့ သူမအဖိုးရဲ့ စိတ်ကူးက တကယ် တကယ်ကို အမှားကြီးတစ်ခုပဲ။

လျှောက်တင်ချက်တွေကို နားထောင်ပြီးတဲ့ နောက် ကျီဝူကျိုး စုတ်တံကို ချလိုက်ရင်း

“ ဘယ်လိုလုပ် လူ‌ရိုးလူကောင်းက ရှင်ဘုရင်ကောင်း ဖြစ်လာနိုင်မှာလဲ ”

အသံခပ်တိုးတိုးနဲ့ ရေရွတ်လိုက်တာ ဆိုပေမဲ့လည်း မသိရင် တစ်ယောက်ယောက်ကို ပြောနေသလိုပဲ။

အဲ့နေရာမှာ ကုန်းကုန်း ၂ယောက်ပဲရှိပြီး သူတို့ထဲက ဘယ်သူမှ မှတ်ချက်ပေးနိုင်လောက်တဲ့ အခွင့်အာဏာမျိုး မရှိပေ။

“ မင်းတို့ သွားလို့ရပြီ ”

ဒူးထောက်ခစားနေတဲ့ ကုန်းကုန်းက မတ်တပ်ရပ်လိုက်ပြီး ကိုယ်ကို ကိုင်းကာ ပြန်ထွက်သွားတယ်။ တကယ်လို့ စူးယွဲ့သာ သူ့မျက်နှာကို မြင်လိုက်မယ်ဆို အဲ့သူက တခြားသူမဟုတ်ဘူးဆိုတာ သူမ သေချာပေါက် သိနိုင်တယ်။

အခန်းထဲမှာ လူနှစ်ယောက်ထဲပဲ ရှိတော့တယ်။

“ ဧကရီက နားလည်ပါးနပ်တဲ့သူပဲ ”

“ သူမက လူကြီးမင်းယဲ့ရဲ့ မြေးမ ဖြစ်နေတုန်းပါပဲ ”

ဖုန့်ရိုးတျယ်က ပြန်‌ဖြေလာတယ်။ ဒီစကားက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမဲ့ နောက်ကွယ်မှာတော့ အဲ့ထက်ပိုလေးနက်တယ်။ ဒါက ကျီဝူကျိုးကို ယဲ့ကျန်းကျန်းနဲ့ သိပ်မရင်းနှီးသွားမိစေဖို့ ပြန်သတိပေးလိုက်တဲ့ စကားပဲ ဖြစ်တယ်။

ကျီဝူကျိုးက ဖုန့်ရိုးတျယ်ကို လှမ်းကြည့်ရင်း

“ သူမရဲ့ အစေခံ နာမည်က ဘယ်သူ ? စူးယွဲ့ ဆိုလား ?? ”

“ ဟုတ်ကဲ့ အဲ့နာမည်ပါပဲ ”

“ ရှန်ကိုယ်လုပ်တော်ရဲ့ နာမည်နဲ့ ဆင်တာပဲ ”

အရှင်မင်းကြီးက ရှန်ကိုယ်လုပ်တော်ကို စိတ်ထဲ တော်တော် နေရာပေးထားတာပဲလို့ ဖုန့်ရိုးတျယ် တွေးတောမိတယ်။ စူးယွဲ့က မိဖုရားခေါင်ကြီးရဲ့ အနီးကပ် နန်းတွင်းသူအစေခံ၊ သူမ နာမည်က ဆင်နေလား မဆင်နေဘူးလားက အရှင်မင်းကြီးက စကားတစ်ခွန်းနဲ့တင် အကုန် ပြီးတယ်။ ဧကရီမိဖုရားခေါင်နဲ့ ကိုယ်လုပ်တော်တွေကြား အဆင့်အတန်းကွာခြားချက်က ကြီးမားလွန်းတယ်။ တကယ်လို့ ရှန်ကိုယ်လုပ်တော်က မြှောက်စားခံရတယ်ဆိုရင်တောင်မှ သူမက ကိုယ်လုပ်တော်တစ်ယောက်မျှသာပေ။

အရှင်မင်းကြီးက ယဲ့ကျန်းကျန်းကို စူးယွဲ့ရဲ့နာမည်ကို ပြောင်းဖို့ အမိန့်ပေးလိမ့်မယ်လို့ သူ တွေးလိုက်တယ်။ ဒါပေမဲ့ အတော်ကြာတဲ့အထိအောင် အရှင်မင်းကြီးက ဘာမှ မိန့်မလာဘူး။ သူ လှမ်းကြည့်လိုက်တော့ ကျီဝူကျိုးက သူ့စုတ်တံကို ပြန်ကိုင်ရင်း လျှောက်တင်လွှာတွေကို ဆက်ကြည့်နေပြီ။
“….”

အရှင်မင်းကြီးကို မေးရမလား မမေးရဘူးလား ဖုန့်ရိုးတျယ် စဉ်းစားရခက်နေတယ်။ အတော်လေးကြာမှ သတ္တိမွေးပြီးတော့ မေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျီဝူကျိုးက အေးစက်စက်အကြည့်နဲ့ တစ်ချက်လှမ်းကြည့်လိုက်တယ်။ ဖုန့်ရိုးတျယ် ကျောချမ်းသွားပြီး မြန်မြန်ပဲ ခေါင်းကို ငုံ့ထားလိုက်တော့တယ်။

ကျီဝူကျိုး လျှောက်တင်လွှာကို ဖွင့်လိုက်တယ်။ ဒီတစ်ခုက အသစ် ခန့်အပ်ထားတဲ့ စစ်စခန်း ၃ခုက လာတာပဲ ဖြစ်တယ်။ စစ်သားတွေ စိတ်ဓာတ်ခွန်အားရအောင်လို့ အရှင်မင်းကြီးကို လာရောက်ကြည့်ရှုစစ်ဆေးပေးဖို့ ဖိတ်ခေါ်ထားတဲ့ စာပဲ ဖြစ်တယ်။

ဒီလိုလူမျိုးကမှ သူ လိုချင်တဲ့လူမျိုးပဲ။ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိတဲ့သူမျိုးပေါ့။

ဒီရက်ပိုင်းထဲ အနောက်နန်းဆောင်မှာ ကောလဟလတွေက ပျံ့နေတယ်။ ပိရှင်းရှုမျှော်ဆောင်မှာ သေသွားတဲ့ အစေခံက ယဲ့ကျန်းကျန်းကို အိပ်မက်လာပေးပြီး ဘာတွေဖြစ်ခဲ့တာလဲနဲ့ လူသတ်သမားက ဘယ်သူလဲဆိုတာ ပြောပြသွားခဲ့တယ်လို့ လူတိုင်းက ပြောနေကြတယ်။

ဒါပေမဲ့ မိဖုရားခေါင်ဘေးနားက လူတွေက နှုတ်လုံကြတော့ သူတို့ဘယ်လောက်ပဲ စပ်စုမေးမြန်းကြပါစေ ဘာအဖြေမှ ထွက်မလာဘူး။ စူးဖုန့်ကသာ လူသတ်သမားက ပန်းနတ်ဘုရားနဲ့ ဆင်တူနေတယ်လို့ လွှတ်ကနဲ နည်းနည်း ပြောလိုက်မိတယ်။ ဒီစကားက အစေခံတွေ ကြားထဲ ပျံ့သွားပြီး တကယ်လို့ မိဖုရားခေါင်က အပြစ်‌မပေးရင်တောင်မှ ပန်းနတ်ဘုရားက အပြစ်ပေးလိမ့်မယ်ဆိုတဲ့အထိပါ စကားက ချဲ့ကားသွားတယ်။

တကယ်တော့ ဒီကိစ္စက ရယ်တော့ ရယ်ချင်စရာပဲ။ ပန်းနတ်ဘုရားနဲ့ ဆင်တူနေတယ်လို့ ပြောဖို့ နည်းလမ်းတွေက အများကြီးလေ။ မွေးနေ့ဆင်နေတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကံတရား ဆင်နေတာ၊ ဒါမှမဟုတ် အဲ့နေ့ အဲ့အချိန်မှာ မတော်တဆ ဆင်တူသွားတာလဲ ဖြစ်နိုင်တယ်။ ဘယ်တစ်ခုကို ဧကရီက ပြောချင်နေတာလဲ ??

ဒီအကြောင်းကို ကြားတဲ့အခါ ကျီဝူကျိုး နည်းနည်း ရယ်လိုက်တယ်။ ဒီလို သရဲတွေ နတ်တွေနဲ့ လန်ကြုတ် ဇာတ်လမ်းတွေ ဖန်တီးထားတာ ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့။

ယဲ့ကျန်းကျန်းရဲ့ ဇာတ်လမ်းက တကယ်တော့ ရိုးရိုးရှင်းရှင်းလေး။ သူမ တကယ်တော့ ဒီအမှုကို မဖြေရှင်းချင်ဘူး။ နန်းတော်ထဲမှာ အကြောင်းအရင်းမရှိ သေသွားတဲ့သူတွေ အများကြီးပဲ ရှိတယ်။ ဆိုတော့ကာ ကျီဝူကျိုး မေးလာရင် ဖြေဖို့ တစ်ခုခုကို ဖန်တီးလိုက်ရ ရုံတင်။ ဒါပေမဲ့ ဘယ်လိုဟာမျိုးလဲဆိုရင်တော့ သေချာ‌ပေါက် သူမ မကြိုက်တဲ့ဟာမျိုးပေါ့။

ဒီရက်တွေမှာ သူမ မကြိုက်ဆုံးသူက စူးယွဲ့ကို ပါးချခဲ့တဲ့ ဖန်ချွမ်းပဲ ဖြစ်လိမ့်မယ်။
နောက်ပြီး ဖန်ချွမ်းရဲ့ နာမည်ကလည်း ပန်းနတ်ဘုရားတွေနဲ့ ဆင်တူနေတယ်။

ဒီနေ့ ဝမ်ရိုးချိုင်နဲ့အတူ တော်ဝင်ဉယျာဉ်ထဲ ယဲ့ကျန်းကျန်း လမ်းလျှောက်ထွက်နေတုန်း လူကောင်ထွားထွားနဲ့ သူတစ်ယောက်က တပ်စုတစ်စုကို ဦးဆောင်ပြီး လာနေတာကို ခပ်လှမ်းလှမ်းကနေ လှမ်းတွေ့လိုက်တယ်။ မိဖုရားခေါင်ကြီးရဲ့ နောက်က အခြံအရံတွေကို တွေ့တဲ့အခါ တပ်သားတွေက ခပ်သုတ်သုတ်ပဲ ထွက်ခွာသွားကြတော့တယ်။ အတွင်းနန်းဆောင်မှာ အစောင့်ရဲမက်တွေက သူတို့ တာဝန်ကျတဲ့ နေရာမှာပဲ သွားလာခွင့်ရှိတယ်။ မဖြစ်မနေကိစ္စကလွဲလို့ ကျန်တဲ့အချိန်တွေမှာ အတွင်းနန်းဆောင်က အမျိုးသမီးတွေနဲ့ အဆက်အဆံလုပ်ခြင်းကို တားမြစ်ထားတယ်။

“ ခေါင်းဆောင်လု ”

ယဲ့ကျန်းကျန်းက တပ်စုကို ဦးဆောင်လာတဲ့သူကို လှမ်းခေါ်လိုက်တယ်။

သူမ ခေါ်တာကို ကြားတဲ့အခါ လုလီက လှည့်လာပြီး ဒူးထောက်ကာ

“ ဧကရီမိဖုရားခေါင်ကြီး ”

ဒူးထောက်နေတဲ့ အမျိုးသားက အနီရင့်ရောင် တော်ဝင်နန်းဝတ်စုံကို ဝတ်ဆင်ထားတယ်။ အဲ့ဒီဝတ်စုံပေါ်မှာ အဆင့်လေး အရာရှိကို ကိုယ်စားပြုတဲ့ ရုပ်ပုံကို ရွှေချည်ပန်းထိုး ထားတယ်။ ဒီအမျိုးသားက ထွားထွားကြိုင်းကြိုင်း ရှိပြီး လမ်းလျှောက်ထဲ အခါ လူအများကြား ထင်းထွက်နေတယ်။ ဒူးထောက်လိုက်တဲ့အခါမှာလည်း သူ့ပုခုံးက ယိမ်းယိုင်ခြင်းမရှိ ဖြောင့်တန်းနေတယ်။

သူမနဲ့အတူ ကြီးပြင်းလာတဲ့သူတွေက အခုကျ သူမကို စည်းမျဉ်းတွေနဲ့ အညီ တရိုတသေကြီး ခေါ်တာကို ကြားရတော့ ယဲ့ကျန်းကျန်း နည်းနည်း နေရထိုင်ခက်သလို ခံစားလိုက်ရတယ်။ ခေါင်းငုံ့ထားတဲ့ သူ့ကို ကြည့်လိုက်ရင်း

“ မော်ဖူးစေ ”

“ ကျွန်တော်မျိုး မလုပ်ဝံ့ပါ ”

“ ဝမ်းကွဲအ ... ”

“ မယ်မယ် !? မယ်မယ် ... ကျွန်တော်မျိုး အကူအညီပေးနိုင်တာများ ရှိပါသလား ”

“ တလီရှီးက လူတစ်ယောက်ယောက်ကိုများ သိလား ”
( တလီရှီး = ထောက်လှမ်းရေးဌာန ( FBI လိုမျိုးပါ )

“ တလီရှီးမှာ ကျွန်တော်မျိုး သိတဲ့သူတော့ ရှိပါတယ်။ တစ်ခုခုများ ဖြစ်လို့လား ”

“ ထွေထွေထူးထူး မဟုတ်ပါဘူး။ တလီရှီးမှာ ကုန်းကုန်းဖြစ်ချင်တဲ့သူများ ရှိလား မေးခိုင်းချင်လို့ ”

“…..”

ယဲ့ကျန်းကျန်းကို နှုတ်ဆက်ပြီး ထွက်လာပြီးတော့မှပဲ လုလီ စိတ်ထဲ နေလို့ အဆင်ပြေသွားတော့တယ်။ ပြန်တွေးကြည့်မိတဲ့အခါ သူ မျက်မှောင်ကျုံ့ပြီး ခေါင်းသာ တွင်တွင် ရမ်းမိတယ်။ ယဲ့ကျန်းကျန်းက ဘွင်းဘွင်းရှင်းရှင်း လူစားမျိုး။ ဒီအနောက်နန်းဆောင်ထဲက သူမ ဘယ်လောက်တောင် ဒုက္ခတွေ ခံစားရဦးမလဲ ဘယ်သူသိနိုင်မှာလဲ။

ခဏလောက် လမ်းလျှောက်ပြီးတဲ့နောက်မှာ အစေခံတစ်ယောက်က သူမဆီ အပြေးအလွှား ရောက်ချလာပြီး ယဲ့ကျန်းကျန်းကို ခပ်တိုးတိုး လျှောက်တင်လာတယ်။

“ သူမကို ဒီခေါ်လာခဲ့ ”

ယဲ့ကျန်းကျန်း အမိန့်ပေးလိုက်တယ်။

ခဏကြာတော့ သူမရှေ့အစေခံတစ်‌ယောက် ရောက်လာတယ်။ သူမ မျက်နှာက ဖြူဖျော့နေတယ်။ ယဲ့ကျန်းကျန်းကို မြင်တဲ့အခါ ချက်ချင်းပဲ ဒူးထောက်ပြီး နဖူးနဲ့ ကြမ်းပြင် ထိအောင် တောင်းပန်တော့တယ်။

“ မယ်မယ် ကျေးဇူးပြုပြီး ချမ်းသာပေး ကျေးဇူးပြုပြီး ချမ်းသာပေးပါ ”

“ နင်က ဘယ်နန်းဆောင်က လူလဲ ”

“ မယ်မယ် ကျွန်တော်မျိုးမက စစ်နင်နန်းဆောင်ကပါ ”

ယဲ့ကျန်းကျန်း ဆက်မမေးတော့ဘဲ လက်ဟန်ပြကာ

“ သူမကို ပြန်ခေါ်သွားတော့ ”

ဒီကိစ္စက တကယ် မမျှော်လင့်ထားတာပဲ။ သစ်စေ့လေးတချို့ ချပေးထားတာက ငှက်ကို ရောက်လာအောင် ဆွဲဆောင်လိမ့်မယ်မှန်း ယဲ့ကျန်းကျန်း မ‌ထင်ထားခဲ့ဘူး။ နေ့ခင်းကြောင်တောင်ကြီးမှာ ဒီအစေခံက တော်ဝင်ဉယျာဉ်ထဲ အသုဘသုံးစက္ကူနဲ့အမွှေးတိုင်တွေကို လာမီးရှို့နေတယ်။ သူမကပဲ ထောင်ချောက်ထဲ အမိခံချင်လို့လား ဒါမှမဟုတ် ကောလဟလတွေထဲကအတိုင်း ပန်းနတ်ဘုရားအပြစ်ပေးမှာကို ကြောက်လို့ပဲလား မပြောတတ်ဘူး။ ဒါ့ကြောင့်မို့ ဒီအမှုကို ဆက်စုံစမ်းလို့ မဖြစ်တော့ဘူး။ အနောက်နန်းဆောင်မှာ ဘာကိစ္စပဲ ဖြစ်ပါစေ ဘယ်သူမှ စစ်နင်နန်းဆောင်ကို အပြစ်တင်လို့မရဘူး။ ဆိုတော့ကာ လူသတ်သမားက သူမပဲ ဖြစ်ရလိမ့်မယ်။ တစ်ခုပဲ ... လူတစ်ယောက်ကို ချည်ပြီး တုပ်ပြီး ပါးစပ်ကို ဆို့ပြီး ရေထဲ ပစ်ချဖို့ဆိုတာ ဘာမဟုတ်တဲ့ အစေခံနန်းတွင်းသူလေး တစ်‌ယောက်ထဲ လုပ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။

ဒါပေမဲ့ မယ်တော်ကြီးက ဘာလို့ ဝမ်ကျောင်းရိကို ဒုက္ခပေးချင်ရတာလဲ။ ဒါက စဉ်းစားရခက်သား။ ဝမ်ကျောင်းရိက ရာထူးမြင့်တဲ့သူလည်း မဟုတ်၊ အရှင်မင်းကြီးဆီကလည်း အဲ့လောက်ကြီး နှစ်သက်ခံရနေတာမဟုတ်ဘူး။ သူမကိုယ်သူမ လူကြားထဲ ထင်ပေါ်အောင် လုပ်ခဲ့တာလည်း မဆိုသလောက်လေးပဲရှိတာ။ ဘယ်သူ့ကိုမှတောင် ထိခိုက်အောင် မလုပ်ခဲ့ဖူးဘူး။ ကြည့်ရတာ ကံဆိုးရှာတဲ့ အစေခံမလေးက သူမ မမြင်သင့်တာ တစ်ခုခုကို မြင်လိုက်လို့ပဲ ဖြစ်ရမယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ အဆုံးသတ်မှာတော့ စစ်နင်နန်းဆောင်ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီအမှုက ပိတ်သွားပြီး ကျီဝူကျိုးရဲ့ ပါးစပ်ကိုလည်း ပိတ်လိုက်နိုင်ပြီ ဖြစ်တယ်။

အနောက်နန်းဆောင်ကို ပြန်လည်ကြပ်မတ်ဖို့ ကိစ္စကတော့ ... ဟီးဟီး ရှင်က ကျွန်မကို ပြန်လည်ကြပ်မတ်စေချင်တယ်ဆိုတော့လည်း ကျွန်မက ရှင့်အတွက် သေချာလေး ပြန်လုပ်ပေးရတာပေါ့။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now