Part 16

1.3K 148 0
                                    

16 01

အခန်း (၁၆)

လူအုပ်ကြီး ပြောနေကြတဲ့စကားတွေကို အရှင်းမကြားရပေမယ့် ဘာအကြောင်းလဲဆိုတာ သွားနားထောင်နေစရာတောင် မလိုဘူး။ ဒီတစ်ကြိမ်တော့ ကျီရှုးရန်က သူတို့ပြောနေတဲ့အကြောင်းကို သတိရှိစွာနဲ့စိတ်ဝင်စားနေခဲ့တယ်။သူမ ကျန်းလီကိုပြန်ကြည့်တဲ့အခါမှာတော့ အပြုံးတစ်ခုက မျက်နှာပေါ်မှာ ရိုက်ခတ်ပြီးသား။ ကျန်းလီရဲ့ အပြုအမူတွေက ကျိုးနွံပြီး ရိုးသားတယ်။ နောက်ဆုံးတော့ သူက အရင်က ကျန်းလီ မဟုတ်တော့ဘူး။ သူမက ကျီရှုးရန် ပြန်အပြောကို စောင့်မနေတော့ဘဲနေရာမှာ အခုထိ ကြက်သေသေနေတဲ့ ကျန်းယွမ်ပိုင်ဘက် လှည့်ပြီး ပြောတယ်။

"အဖေ အထဲဝင်ရအောင်"

သူ(ကျန်းယွမ်ပိုင်)က ပြန်သတိကပ်လိုက်ပြီး ကျီရှုးရန်ဆီ စူးရှတဲ့ အကြည့်တစ်ချက်ပို့လိုက်တယ်။

"ကောင်းပြီ"

သူကဦးဆောင်ပြီး အိမ်တော်ထဲဝင်သွားတယ်။ သူမရဲ့ လက်ဖျားစထဲမှာ ကျီရှုးရန်က လက်သည်းတွေဟာ သူ့လက်ကို သွေးစို့တဲ့အထိ ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ကျန်းယွမ်ပိုင်ရဲ့ အကြည့်က သူမအပေါ် မကျေနပ်ကြောင်း ပြနေတယ်။ သူမက ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းနေတုန်းမှာပဲ ကျန်းလီနဲ့ ကျန်းယွမ်ပိုင်တို့က အရင်ဝင်သွားနှင့်ပြီဖြစ်လို့ အပြုံးတွေကို ပြန်လုပ်ရင်း နောက်ကလိုက်လာခဲ့တော့တယ်။

ကျန်းယို့ရောင်က ပူပန်စွာနဲ့ပြောတယ်။

"အမေ သူ့ကိုကြည့်-" "ပါးစပ်ပိတ်ထား"

ကျီရှုးရန်က အသံတိုးတိုးနဲ့ ဟန့်လိုက်တယ်။သူက ပြန်မပြောခင်ခဏ ရပ်နေပြီးတော့မှ "အခုပဲ နင့်အဖေက စိတ်ဆိုးသွားပြီ ..ခန်းမကြီးထဲရောက်ရင်လည်း စကားတစ်လုံးတောင် မဟနဲ့"

16 02

သူ့အမေရဲ့ မျက်နှာက အတည်ပုံပေါက်နေတာကြောင့် သူမက အတော်ထိတ်လန့်သွားတယ်။ သူမစိတ်ထဲ ဒါက မှားနေပြီး မကျေနပ်ရင်တောင်မှ မျက်နှာပေါ်မှာ မဖော်ပြရဲတော့ဘူး။ တံခါးအပြင်မှာတော့ အထိန်းတော်စွမ့်တစ်ယောက် စိတ်ပူစွာနဲ့ လက်ထဲက လက်ကိုင်ပုဝါကိုလှည့်နေခဲ့တယ်။ အဲ့ဒါနဲ့ ပြောင်းပြန် ယွီရှန်းကတော့ အခုမှ သူ့ရင်ထဲက အလုံးကြီး ကျသွားသလိုပဲ။ နဂိုထဲက သခင်မလျူက သူမကို ကျန်းလီရဲ့ ဘေးမှာ စောင့်ရှောက်ဖို့ရော စိတ်ပုတ်တဲ့ အစေခံတွေဆီက အနိုင်ကျင့်မခံရအောင် ကာကွယ်ဖို့ပါ ထားခဲ့တာ ဖြစ်တယ်။ အိမ်ကို အချိန်အကြာကြီး ပြန်မလာတဲ့ ၁၄ ၁၅အရွယ် မိန်းမငယ်လေးတစ်ယောက်က သူ့အဖေနဲ့ ခိုင်မြဲတဲ့ဆက်ဆံရေးလည်း မရှိတဲ့အပြင် သူ့မိထွေးလက်ထဲမှာပါ နေရတော့မယ် ဆိုတော့ ဆင်းရဲဒုက္ခတွေကို ရှောင်လွှဲဖို့က အတော် ခက်မှာပဲ။ ဒါပေမယ့် ဘယ်သူက တွေးမိမှာလဲ။ ကျန်းလီက အိမ်ပေါက်ဝမှာပဲ ရှိသေးတယ် ကျီရှုးရန်တို့သားအမိကို ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ပညာပြပြီးသွားပြီ။ ကျန်းလီရဲ့ စိတ်ဓာတ်က လူတွေထင်ထားသလို မဟုတ်ဘူး။ သူမကအရင်က သည်းမခံတတ်ဘဲ ခပ်ရိုင်းရိုင်း ပြန်ပက်တတ်တဲ့ ရွှတ်နောက်နောက် ကောင်မလေး ဖြစ်ခဲ့တယ်။ ယွီရှန်းက တွေးတယ် ကျီရှုးရန်အတွက် သူမကို မသက်မသာ ဖြစ်အောင်လုပ်ဖို့ မလွယ်လောက်ဘူးလို့။ တစ်ဖက်မှာတော့ ကျန်းယွမ်ပိုင်နဲ့အတူ ကျန်းလီဟာ အိမ်တော်ကြီးရဲ့ အဓိကခန်းဆောင်ဆီကို သွားနေတယ်။ ကျန်းအိမ်တော်က ကျန်းယွမ်ပိုင်ရဲ့ နန်းတွင်းရေးရာလက်ထောက်ချုပ်ဆိုတဲ့ ရာထူးကြောင့် ထင်ပါရဲ့ တည်တည်ကြည်ကြည်နဲ့ အထက်တန်းဆန်တယ်။ အလျှံပယ် မြိုင်ဆိုင်နေတာမျိုး မဟုတ်ပေမဲ့ တည်ဆောက်ပုံက ခေတ်မှီဆန်းပြားတယ်။ လျှောက်လမ်းတွေ၊ ခြံဝန်း၊ ဥယျာဉ်ထဲကအပန်းဖြေဆောင်လေးနဲ့ တံတားတွေရဲ့ ထောင့်လေးတွေမှာ အပင်တွေ ပန်းတွေနဲ့ အပြည့်ဖြစ်နေပြီး အများစုကို သူတို့ရဲ့အဓိက အရောင်ဖြစ်တဲ့ အဖြူနဲ့ အနက်ကိုသုံးထားတယ်။ ကျက်သရေရှိသပ်ရပ်ပြီး အံချီးလောက်ဖွယ် လက်ရာမြောက်တယ်။ ပြိုင်ဘက်ကင်းတာမို့ ပိုက်ဆံပမာဏကလည်း အမြောက်အမြား သုံးစွဲထားပုံရတယ်။ ပုံမှန်လို ရွှေနဲ့ငွေသုံးတာထက်စာရင် ဒီလိုမျိုးက ပိုပြီး ခန့်ညားထည်ဝါစေတယ်။ ကျန်းလီဟာ ဥယျာဉ်ရဲ့ ထောင့်တစ်နေရာမှာ ပေါက်နေတဲ့ ဝါးပင်တွေတောင် တွေ့ခဲ့သေးတယ်။ အဲ့ဒါက တကယ့်ကို မတူကွဲပြားတဲ့ ပညာရှင်ပုံအထက်တန်းဆန်စေတယ်။ ဘာပဲဖြစ်ဖြစ် သူက ကျန်းလီ အစစ်မှ မဟုတ်တာ.. သူ အိမ်တော်ထဲဝင်လိုက်တာနဲ့ သူ့မျက်လုံးထဲမှာ စိမ်းသက်မှုတွေကို အရင်ဆုံးမြင်လိုက်ရတယ်။ သူမက ကျန်းမိသားစုနဲ့ မရင်းနှီး စိမ်းသက်နေတာကို ဖုံးကွယ်ဖို့ မရည်ရွယ်ခဲ့ဘူး။ သူ လျှောက်လာရင်း မျက်စိထဲ မြင်သမျှကို ကြည့်ရှုမှတ်သားနေတယ်။ အဲ့လိုကြည့်နေတာကို အိမ်တော်ရဲ့ အစေခံတွေကလည်း မလွတ်သွားဘူး။ သူတို့က မမလေးကျန်းက တောင်ပေါ်မှာပဲ နေခဲ့ရတော့ ​ကြွယ်ဝမှုနဲ့ဂုဏ်ဒြပ်တွေကို မြင်တော့ ကိုယ့်ကိုယ်ကိုယ်တောင် မထိန်းနိုင်တော့ဘူးလို့ ချက်ချင်း တွေးကြတော့တယ်။ ကျန်းယွမ်ပိုင်ကလည်း ဒါကိုမြင်တော့ လုံးဝ စိတ်ပျက်သွားတယ်။ ဘယ်လောက်ဆိုးဆိုး သူမက သူနဲ့ပထမဇနီးရဲ့ သမီးဖြစ်နေတုန်းဘဲ။ ဆင်းရဲတဲ့မိသားစုက လာသလိုမျိုး အမြင်မကျယ် ခပ်နုံနုံပုံစံနဲ့သာ အပြင်ထွက်သွားလို့ကတော့ ကျန်းမိသားစုရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ။ ကျန်းလီက သူ့ပုံစံကို ဂရုမစိုက်ပေမဲ့ တုန်အာကတော့ ဘေးမှာ အတော်လေး သင့်တင့်စွာနဲ့ လျှောက်နေတယ်။ သူမ စိတ်ထဲမှာ သူ့သခင်မကို မျက်နှာပျက်အောင် မလုပ်မိဖို့ဘဲ ဆက်တိုက် တွေးနေခဲ့တယ်။ အဲ့တော့ သူမက တမင်တကာ ဒီလိုအရာတွေနဲ့ ရင်းနှီးသလိုလို လုပ်ယူထားတယ်။ ကျန်းလီက သူမကို ကြည့်ပြီး ရယ်ချင်သွားတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now