-1-

1K 72 7
                                    

[Unicode]

"ရှောင်လီ... ဟေ့... လှည့်ကြည့်ပါဦး"

လီချိန်ရှို့မှာ ဒယ်အိုးထဲ ဆားထည့်ရန်သာ အာရုံများနေရာ မန်နေဂျာကျန်း၏ ခေါ်သံကြားသောအခါ အလျင်စလို အသံပြန်ပေးလိုက်ပြီး ဆားထည့်ပြီးကာမှ နောက်လှည့်ကြည့်သည်။

ဤဟိုတယ်ဖွင့်တာ သုံးလသာရှိသေးသည်မို့ မီးဖိုချောင်သုံးပစ္စည်းများမှာ ငွေရောင်တလက်လက် သစ်လွင်နေသည်။ တလူလူတောက်နေသည့် မီးတောက်မှာ စတီးရောင်လက်နေသော ဗီရိုပေါ်တွင် ထင်ဟပ်နေလေရာ လီချိန်ရှို့၏ ဖြူဖွေးနုအုနေသော မျက်နှာလေးကို ပိုပြီးတလက်လက် တောက်ပနေ‌စေသည်မှာ သူ့နှာဖျားထိပ်မှ ချွေးသီးလေးကိုပင် သလင်းကျောက်လေးအလား အထင်မှားစေ၏။

သူသည် မျက်နှာပေါ်မှ ချွေးစက်တို့ကို ပွတ်သုတ်လိုက်ပြီးမှ...

"မန်နေဂျာကျန်း... ဘာဖြစ်လို့လဲ"

မန်နေဂျာကျန်းသည် ဘေးမှလူတစ်ယောက်ကို ဆွဲခေါ်လိုက်ရင်း "ရှောင်ချန်၊ မင်းသူ့အစား ဆက်လုပ်ထားလိုက်" ဟု ပြောပြီးမှ လီချိန်ရှို့အား "မင်း ငါနဲ့လိုက်ခဲ့" ဟု ပြောလေသည်။

လီချိန်ရှို့မှာ ဒယ်အိုးကို ရှောင်ချန်ဆီ အမြန်လွှဲပေးပြီး ရေပိုက်ခေါင်းဖွင့်ကာ လက်ထိုးခံပြီးမှ တုံဏှိဘာဝေဖြင့် လျှောက်လှမ်းလာလေ၏။

မန်နေဂျာကျန်းက သူ့ကို အပြင်ဆွဲထုတ်ရင်း "ရှောင်လီရေ... မင်းကတော့ ဒီတစ်ခါ ပွပေါက်တိုးပြီကွ" ဟု ပြောလေသည်။

လီချိန်ရှို့သည် ဇဝေဇဝါဖြစ်သွားရကာ မြန်လည်းမမြန်၊ နှေးလည်းမနှေးသော လေသံဖြင့်...

"မန်နေဂျာကျန်း... ကျွန်တော် ဘာဖြစ်လို့တုန်း"

"ဒီနေ့ ဒါရိုက်တာလျို လာတယ်လေ။ အရေးကြီးဧည့်သည်တွေကို ဧည့်ခံဖို့တဲ့။ ငါတို့သူဌေးပါ သွားအဖော်ပြုပေးနေရတယ်။ အဲ့မှာ ဧည့်သည်တစ်ယောက်က မင်းချက်တဲ့ဟင်းတွေကို လုံးဝကို ခံတွင်းတွေ့လို့တဲ့ကွာ။ သူနောက်လလောက် ဗစ်တိုးရီးယားဆိပ်ကမ်းမှာ ကျင်းပမဲ့ ရေပေါ်ပါတီမှာ တရုတ်အစားအစာ စားဖိုမှူးကို မသတ်မှတ်ရသေးတာနဲ့ မင်းကို အဆင်ပြေမပြေ စိတ်ဝင်စားလို့ တွေ့ကြည့်ချင်လို့တဲ့ကွာ"

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now