[Unicode]
နောက်နေ့တွင်တော့ လီချိန်ရှို့က သူထမင်းလာစားတာကို စောင့်နေဖို့ မဖြစ်နိုင်ချေ။
သူမနက်စောစောနိုးကတည်းက အပြင်သွားရန်ပြင်သည်။ သူ့သူဌေးက သူ့ကို ကျန်းမာရေးအာမခံပေးရန် သဘောတူထား၍ သူ့ဘာသာ ဆေးရုံသွားစစ်ဆေးရန် ပြောထားသည်။
သူအပြင်ထွက်ချိန်က အတော်လေးစောသည်။ ရှစ်နာရီဝန်းကျင်သာ ရှိသေး၏။ သို့သော် ရှောက်ချွင်သည် နံရံတစ်ဖက်မှ သူ့လှုပ်ရှားမှုကို အစဉ်နားစွင့်နေသည့်အလား သူအပြင်ထွက်သည်နှင့် ရှောက်ချွင်ကပါ တံခါးဖွင့်ထွက်လာကာ သူ့အား ရယ်ပြလာသည်။
လီချိန်ရှို့က သူ့အား တစ်ချက်သာကြည့်၍ တံခါးပိတ်လိုက်ပြီးသည်နှင့် အောက်ကိုဆင်းသည်။
ရှောက်ချွင်ငိုင်သွားပြီး အခန်းထဲ အမြန်ပြေးဝင်ကာ တွေ့ရာ တီရှပ်တစ်ထည်ကို ကောက်ဝတ်လိုက်ပြီး သော့နှင့်ပိုက်ဆံအိတ်ကို ဆွဲကာ အပြင်ကိုပြေးသည်။
သူကအရပ်လည်းရှည်ပြီး ခြေတံလည်းရှည်၍ လီချိန်ရှို့ကို အမှီလိုက်နိုင်သွားသည်။ သူ့ဘေးမှ လိုက်မေးသည်။
"ချိန်ရှို့ မင်းဘယ်သွားမလို့လဲ?"
လီချိန်ရှို့က သူ့ကိုအဖက်မလုပ်ဘဲ ဘတ်စ်ကားဂိတ်ဆီ သွားသည်။
ရှောက်ချွင်က သူ့ရှေ့မှ ကာလိုက်ပြီး
"မင်းဘယ်ပဲသွားသွား ကိုယ်ပို့မယ်လေ"
လီချိန်ရှို့က သူ့အားရှောင်ကွင်း၍
"မလိုဘူး"
ဒီနေ့ရာသီဥတုက သာယာသည်။ သူပို့မှဖြစ်မည်ဟူသော အကြောင်းပြချက်မရှိ။
ရှောက်ချွင်ကတော့ အလောလည်းမကြီး ဖြည်းဖြည်းလည်းမဟုတ်ပဲ ဆိုသည်။
"အဲ့ဒါဆို ကိုယ် မင်းနဲ့တူတူသွားမယ်လေ"
လီချိန်ရှို့ သက်ပြင်းချသည်။ သူ ရှောက်ချွင်အား ခွာထုတ်၍ မရ။ ခြေထောက်က သူ့ကိုယ်ပေါ်မှာရှိနေတာလေ။ သူကလိုက်မယ်ဆိုမှတော့ သူ့မှာ ဘာနည်းလမ်းမှမရှိ။
ဒီနေ့က စနေနေ့ဖြစ်၍ ဘတ်စ်ကားပေါ်တွင် အလုပ်သွားသူမများသော်လည်း လူများသေးသည်။
![](https://img.wattpad.com/cover/364089468-288-k258796.jpg)