[Unicode]
လီချိန်ရှို့သည် ကုမ္ပဏီဖုန်းနှင့် လီရှော့ကို ဆက်လိုက်ပြီး မိမိဖုန်းနံပါတ်လဲလိုက်ကြောင်း ပြောလိုက်သည်။
လီရှော့က အနည်းငယ် ထူးဆန်းသလိုခံစားရကာ
"အကောင်းကြီးကို ဘာလို့ဖုန်းနံပါတ်လဲရတာလဲ?"
လီချိန်ရှို့က တိုးညင်းစွာဖြေသည်။
"ဖုန်းကဒ် ပျောက်သွားလို့"
လီရှော့ကပြောသည်။
"ကိစ္စမရှိပါဘူး။ ကဒ်ပျောက်သွားလဲ ပြန်လျှောက်လို့ရတာပဲ။ စနေနေ့ နေ့လည်ကိုယ်မင်းကို သွားလုပ်ပေးမယ်လေ"
လီချိန်ရှို့က အလျင်အမြန်ပြောသည်။
"မလိုဘူး"
လီရှော့က မျက်မှောင်ကုတ်သည် ။
"မလိုဘူး?''
လီချိန်ရှို့က အထစ်ထစ်အငေါ့ငေါ့နှင့်
"ကျွန်တော် ကျွန်တော်အသစ် ဝယ်လိုက်ပြီ"
လီရှော့ဘက်က ခဏတိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
"ဒါဆိုကိုယ့်ကို နံပါတ်အသစ်ပေးလိုက်"
လီချိန်ရှို့ စကားမဲ့သွားသည်။ အတန်ကြာသည်ထိ စကားပြောမထွက်နိုင်။
လီရှော့က သက်ပြင်းတစ်ချက်ရှိုက်ကာ လေသံတွင် အနည်းငယ် မျှော်လင့်ချက်မဲ့သယောင်ဖြင့်
"ချိန်ရှို့ ဘာကြောင့်လိမ်ရတာလဲ?"
လီချိန်ရှို့သည် ထိုင်ခုံပေါ်တွင် အားလျော့လျက် ဘယ်လိုရှင်းပြရမှန်းမသိချေ။
ရှောက်ချွင် သူ့ဆီဖုန်းဆက်ကြောင်း သူလီရှော့အား မပြောပြချင်သည့်အပြင် သူ့အား စိတ်မပူစေချင်ပါ ။ လီရှော့သည် သူ့အတွက်နှင့် ခံယူရန်မသင့်သော ပြစ်ဒဏ်များခံစားရသည်ကို တွေးမိလျှင် သူ့စိတ်ထဲ အပြစ်တစ်ခုလို ခံစားရသည်။
လီရှော့က တိုးညင်းစွာ
"ချိန်ရှို့ ကိုယ်က မင်းယုံကြည်ဖို့ မထိုက်တန်လို့လား?"
လီချိန်ရှို့က အလျင်စလိုပြောသည်။
"မဟုတ်ပါဘူး ။ မဟုတ်ပါဘူး"