[Unicode]
နှစ်ယောက်သား ကျောချင်းကပ် မှီထိုင်နေကြသည်။ နေ့လယ်ခင်း နေရောင်ခြည်က လူကိုပင် မူးဝေစေလောက်သည့်ထိ ပူပြင်းလှသည်။ ယခု ထိုနှစ်ယောက်မှာ ပြင်ပမှ ပူပြင်းလွန်းလှသည်က တစ်ကြောင်း ခြောက်သွေ့နေသော လှော်ခံနေရဆဲ လက်ဖက်ခြောက်ရွက်လေးလို စိတ်နှလုံးကပါ ပူလောင်နေရသည်။
လီချိန်ရှို့က ရုတ်တရက် ကိုယ်ကိုလှည့်လိုက်ပြီး မေးသည်။
"မင်းရော...... ရည်းစားထားလား?"
ထိုစကားမှာ တွေးတောခြင်းမရှိဘဲ မေးလိုက်တာဖြစ်သည်။ သို့သော် စကားအသွားအလာအရ အဓိပ္ပါယ်များစွာ သက်ရောက်နေသည်။ လူကို ဘယ်လို ပြန်ဖြေရမှန်းမသိ ဖြစ်စေသော်ငြား ရှောက်ချွင်က သူမေးချင်သည့်သဘောကို နားလည်သည်ဟု ထင်မိသည်။ သူသက်သက်မဲ့ ပေါ့ပါးဟန် ပခုံးတွန့်ပြလိုက်ကာ ဘာရယ်ကြောင့်မသိ အလွယ်တကူ ရှောင်တိမ်းပြီး ဖြေချင်သည်။
"ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ငါသခင်လေး ကြည့်လို့ရတဲ့ မိန်းမ မရှိသေးဘူး"
လီချိန်ရှို့က "ေဩာ" ဟု အသံပြုလိုက်ပြီး မြေပြင်ကိုသာ ငုံ့ကြည့်နေသည်။ ရှောက်ချွင်သည် ရုတ်တရက် ပခုံးချင်းတိုက်လိုက်ပြန်ရာ ခေါင်းမော့ကြည့်တော့ စနောက်လိုသည့် အကြည့်များနှင့်ဆုံသည်။
"ခုနက ဟိုဟာ... ကြည့်ကောင်းလား?"
လီချိန်ရှို့မျက်နှာ အနီသွေးဖြာသွားသည်။ ရှောက်ချွင်က သူ၏ မျက်နှာကို ဖိဆွဲလိုက်သည်။
"မင်းဘာလို့ အဲ့လောက် မျက်နှာနီလွယ်ရတာလဲ? ဘာပြောပြော မျက်နှာနီလာတော့တာပဲ။ အရေပြားက ဖက်ထုပ်ရွက်ထက်တောင် ပါးသေးတယ်"
လီချိန်ရှို့က ပြောသည်။
"အဲ့ဒါ... ကြည့်တာ... မ မကောင်းဘူး"
"ဘယ်ယောက်ျားလေးက ဒီအရွယ်မှာ အဲ့ဒါမျိုး မကြည့်ဖူးလို့လဲ? မင်းက မြေကြီးအောက်ထဲမှာများ ရှင်သန်နေတာလား?"
လီချိန်ရှို့ နှုတ်ခမ်းသာစူနေပြီး အတင်းမငြင်းတော့ချေ။
"ဟေ့ မင်းအထင်... အဲ့မိန်းကလေး ကြည့်ကောင်းလား? မကောင်းဘူးလား?"