[Unicode]
ဓာတ်လှေကားက မတက်လာသေး၍ လီချိန်ရှို့မှာ လှေကားမှပင် ပြေးဆင်းရသည်။
ခြေတံရှည်သော ရှေက်ချွင်ကို သူဘယ်မှာ ရှောင်ပြေးနိုင်ပါ့မလဲ။ လှေကားမှာပင် ပိတ်ဆို့ခံလိုက်ရ၏။
လီချိန်ရှို့သည် ရှက်ဒေါသလည်းထွက် စိတ်လည်းလှုပ်ရှားကာ သူ့အား စိုက်ကြည့်နေသည်။
ရှောက်ချွင်က ကျေနပ်စွာ ရယ်ရင်းပြောသည်။
"ချိန်ရှို့ တောင်းပန်ပါတယ်။ ကိုယ်အရမ်းလောသွားတယ်"
လီချိန်ရှို့ တုန်ရီစွာ သူ့အား လက်ညှိုးထိုးရင်း
"လူဆိုးကောင်''
ရှောက်ချွင်သည် အခွင့်အရေးယူကာ သူ့လက်ကို ဖမ်းဆွဲလိုက်ရင်း
"ဟုတ်ပါတယ်။ ကိုယ်ကလူဆိုး။ ချိန်ရှို့...ကိုယ်က မင်းကိုပဲ ချစ်တာပါ။ ကိုယ့်အချစ်တွေကို ထိန်းမနိုင်သိမ်းမရဖြစ်သွားတာ"
လီချိန်ရှို့သည် တစ်လှမ်းချင်း နံရံဆီကပ်သွားသည်။
"ငါအိမ်ပြန်မယ်"
"စိတ်ချပါ။ ကိုယ်မင်းကို အိမ်ပြန်လိုက်ပို့ပေးမှာပါ။ ဒါပေမဲ့ မင်းအရင်ဆုံး ကိုယ့်ကိုခွင့်လွှတ်ရမယ်"
လီချိန်ရှို့စိတ်ဆိုးစွာပြော၏။
"မင်း......"
ရှောက်ချွင်က ကိုယ်ကိုကိုင်းလိုက်ပြီး နံရံနှင့် သူ့ခန္ဓာကိုယ်ကြား ပိတ်ထားလိုက်ကာ သူ၏ လက်ဖဝါးကို တွယ်ချိတ်လျက် သူ့အား ရုန်းထွက်ခွင့်မပေး။ သူ၏ မျက်နှာကို နွေးထွေးစွာ ပွတ်သပ်နေရင်း
"ချိန်ရှို့ မင်း အဲ့ဒီအနမ်းကို မှတ်မိသေးတယ်မလား"
လီချိန်ရှို့ တစ်ကိုယ်လုံး တုန်သွားသည်။
"ကိုယ်တို့ရဲ့ အနမ်းဦးလေ။ မင်းမေ့သွားမယ်ဆိုတာ ကိုယ်မယုံဘူး။ ကိုယ်အဲ့တုန်းက ခံစားချက်ကို မှတ်မိနေသေးတယ်။ တစ်ခါမှ အဲ့လို ပြောင်မြောက်တဲ့ခံစားမှုမျိုး မရခဲ့ဖူးဘူး။ တစ်ကမ္ဘာလုံးကို အပိုင်ရလိုက်သလိုမျိုး ခံစားချက်။ မင်းပြောကြည့်။ အဲ့တုန်းက ကိုယ်ကမင်းကို စနမ်းတာလား။ မင်းဘက်က ကိုယ့်ကို စနမ်းတာလားဟင်"