[Unicode]
လီချိန်ရှို့သည် တစ်လမ်းလုံး စကားတစ်ခွန်းမှမဆို။ လီရှော့က သူ့လက်ကို ဆုပ်ကိုင်လိုက်စဉ် ရေခဲတမျှအေးစက်နေသည်ကို သိလိုက်ရပြီး ဘယ်လိုမှနွေးအောင်ဆုပ်ထားပေးလို့ မရပေ။
တံခါးဖွင့်ဖွင့်ချင်း ချာပေးက ပျော်ရွှင်မြူးတူးစွာ သူတို့ရှိရာ ပြေးလာ၏။
ချောကလက်ရောင် ကိုယ်ထည်ပိစိလေးက နှင်းလိုဖြူသော ကြွေပြားထက်တွင် ခုန်ပေါက်နေသည်မှာ ဘယ်လိုကြည့်ကြည့် မွှေးပွအရုပ်လေးနှင့်ပင် တူသည်။
လီရှော့က သူ့အားပွေ့ချီလိုက်ပြီး လက်ချောင်းဖြင့် သူ၏နွေးနေသော နှာခေါင်းလေးကို တို့ထိလိုက်ရင်း
"အသေးလေး"
ထို့နောက် သူ၏ မျက်နှာကို လီချိန်ရှို့ဘက် တိုးပေးလိုက်သည်။
လီချိန်ရှို့သည် အတင်း နှုတ်ခမ်းစေ့ကာ ရှောင်ချာပေးကို လှမ်းယူလိုက်သည်။
လီရှော့က လီချိန်ရှို့ကိုဆွဲ၍ ဆိုဖာပေါ်ထိုင်ခိုင်းရသည်။ သူ့အား ရေနွေးငှဲ့ပေးကာ သောက်စေပြီး နောက်ကျောကို ခပ်ဖွဖွပွတ်သပ်ပေး၏။
"နည်းနည်းသက်သာပြီလား?"
လီချိန်ရှို့သည် လည်ပင်းဆန့်ရင်း တောင့်တင်းစွာ ခေါင်းညိတ်သည်။
ခဏက သူရှောက်ချွင်ကို ကြည့်ပင်မကြည့်ရဲ။
သူ့အသံကို ကြားစဉ် မကောင်းသော မှတ်ဉာဏ်အမျိုးမျိုးက ဦးနှောက်လှိုင်းထဲ စိုးမိုးလာသည်။ ထာဝရ ငြိမ်းသတ်နိုင်မည်မဟုတ်သော စော်ကားခံရမှုနှင့် နာကျင်မှုများသည် သူ၏အရိုးထဲ ထိုးထွင်းထားသလိုမျိုး တစ်ခါ ပေါ်လာတိုင်း သွေးအလိမ်းလိမ်းနှင့်။
အကယ်၍ ထိုညမတိုင်ခင်ဆိုလျှင်တော့ သူရှောက်ချွင်နှင့် ချိုမြိန်သော အမှတ်တရများကို ပြန်တွေးမိနိုင်လောက်ပေမဲ့ အဲ့ဒီညနောက်တွင်တော့ သူ့မှာ ရှောက်ချွင်အပေါ်တွင် ကြောက်ရွံ့မှုနှင့် မုန်းတီးမှုသာ ကျန်ရှိတော့သည်။
သူတစ်စက်မှ မမှတ်မိချင်ပါ။ သို့သော် ကြောက်စရာကောင်းသည်က ရှောက်ချွင်ပြောခဲ့သည့် စကားအခွန်းတိုင်းက သူ့နားထဲတွင် ရှင်းလင်းနေခဲ့သည်။ နေ့စဉ်နေ့တိုင်း ပြန်ကြားယောင်မိပြီး မိမိက ဒီနာမည်တပ်ဖို့ပင် မထိုက်တန်သည့် ချစ်ခြင်းမှာ မည်မျှ အောက်ကျနောက်ကျနိုင်ခဲ့ကြောင်းအခေါက်ခေါက်အခါခါ သတိပေးနေခဲ့သည်။