[Unicode]
"ဟေ့! မင်း ငါ့ခါးကိုဖက်ထား"
ကျောင်းစောင့်ဦးလေးကြီးက စက်ဘီးကိုရပ်ရင်း လီချိန်ရှို့ကို နောက်လှည့်ပြောသည်။
"အာ?"
လီချိန်ရှို့ ကြောင်အသွား၏။
"ငါမင်းကို ဖက်ထားခိုင်းတာ။ ငါအရက်သောက်ထားတယ်လေ။ စက်ဘီးနင်းတာ ငြိမ်မှာမဟုတ်ဘူး။ လဲပြီး မင်းပြုတ်ကျရင် ဘယ်လိုလုပ်မလဲ?"
လီချိန်ရှို့ တွန့်ဆုတ်နေသည်။ မူလက စက်ဘီးထိုင်ခုံမှ လက်က သူ့အင်္ကျီစပေါ် ရောက်သွား၏။
"ငါမင်းကို ဖက်ထားခိုင်းနေတာ!"
ထိုကျောင်းစောင့်၏ အသံက ပိုမာလာသည်။
"ဟုတ်တယ်။ တင်းတင်းဖက်ထား။ ပြုတ်ကျခဲ့ရင် ငါကတော့ ဂရုစိုက်မှာ မဟုတ်ဘူးနော်"
အနားကပ်လိုက်လျှင် တကယ်ပဲ ထိုလူထံမှ အရက်နံ့နှင့် ချွေးနံ့ပါရ၏။ အနံ့က စူးလွန်း၍ လီချိန်ရှို့ပင် မျက်မှောင်ကြုတ်ရကာ လက်ကို အနည်းငယ် အပေါ်တင်ပြီး ခါးကို လက်နှစ်ဖက်နှင့် ဖက်လိုက်ရသည်။ ထိုကျောင်းစောင့်က တဟားဟားရယ်ပြီး ရုတ်တရက် သူ့လက်ဖမိုးကို ရိုက်သည်။
"ဒီလိုမှပေါ့။ မင်းပြုတ်ကျပြီး အနာတရဖြစ်ရင် ငါဖြင့် သနားနေမိမှာပဲ။ ဘယ်လောက်လိမ္မာတဲ့ ကလေးလဲ"
လီချိန်ရှို့စိတ်ထဲ တိုက်ပွဲတစ်ခုလို ရှုပ်ထွေးနေရသည်။ စိတ်ထဲတွင်လည်း သင်္ကာမကင်းဖြစ်လာသည်။
နှစ်ယောက်သား တစ်လမ်းလုံး ထိုလူက စကားမရှိစကားရှာပြောနေပြီး လီချိန်ရှို့က မေးတစ်ခွန်းဖြေတစ်ခွန်းသာ ပြန်ပြောနေသည်။ နာရီဝက်ခန့် စီးလာပြီးနောက် ထိုလူက မောသည်ဟု ညည်းညူ၍ နှစ်ယောက် လမ်းဆင်းလျှောက်ရပြန်သည်။ မြို့ဟောင်းဘက် သွားသည့်လမ်းတွင် ညဉ့်နက်သန်းခေါင်မို့ လူသွားလူလာက အလွန်ပါးသည်။ လမ်းမီးများကပင် မှိန်ပျပျဖြစ်နေရာ ဆယ်မီတာပတ်ဝန်းကျင်လောက်သာ စမ်းတဝါးဝါးမြင်ရပြီး မည်းမှောင်နေသည်က ကြောက်စရာ။
ထိုကျောင်းစောင့်က လက်ကို လီချိန်ရှို့ပခုံးထက် တင်လာသည်။ အနားကပ်ကာ ကျောင်းက သတင်းများအကြောင်း ပြောရင်း မျက်နှာကား အလွန်အနားကပ်လာသလို ခန္ဓာကိုယ်ကလည်း အလွန်အနားကပ်လာ၏။ သူသံသယတွေးတွေးနေစဉ်မှာပဲ ထိုလူ၏ လက်များက ပခုံးထက်မှ ခါးဆီသို့ ခရီးဆက်လာကာ ခပ်ဖွဖွ ဖက်လိုက်သည်။