[Unicode]
ရှောက်မမလေးသုံးက ကြာကြာမနေပါ။ သူတို့နှင့်အတူ ထမင်းစားပြီးတာနှင့် ပြန်သွားသည်။
ထမင်းစားချိန်တွင် သူက စကားပြောခြင်းကို တာဝန်ယူပြီး ရှောက်ချွင်က လီချိန်ရှို့ထံ ဟင်းထည့်ပေးခြင်းကို တာဝန်ယူကာ လီချိန်ရှို့က နှုတ်ဆိတ်ခြင်းကို တာဝန်ယူသည်။
ထိုထမင်းတစ်နပ်က မည်သို့စားပြီးသွားသည်မသိ။ မည်သို့ပင်ဆိုစေ သုံးယောက်လုံးစိတ်ထဲတွင်တော့ အထုံးအဖွဲ့ကိုယ်စီရှိနေကြသည်။
ရှောက်ချွင်က သူ့မမကို ပို့ပြီးနောက် လီချိန်ရှို့ အိမ်တွင် ခဏလောက်ကပ်နေချင်သေးသော်လည်း တံခါးပိတ်ထားသည်ကို တွေ့လိုက်ရသည်။ သူအပြင်မှ ခဏခေါက်လိုက်သော်လည်း ဘာတုံ့ပြန်မှုမှမလာ။
ရှောက်ချွင်က သူ့ကိုယ်သူ လှောင်ပြုံးလိုက်ရင်း တံခါးအပြင်မှ အသံကျယ်ဖြင့် လီချိန်ရှို့အား အချိန်မှန်ဆေးသောက်ရန်နှင့် တစ်ခုခုဆို သူရှိကြောင်း မှာကြားလိုက်သည် ။
လီချိန်ရှို့၏ ဒီတစ်ခါဖျားနာမှုအဆုံးသတ်သွားတော့ ရခဲလှသည့် အလုပ်သမားနေ့ပိတ်ရက်ရှည်ကြီး ပြီးဆုံးသွားပြီဖြစ်သည်။
သူ ကုမ္ပဏီပြန်တော့ သူဌေး၏ စိတ်အခြေအနေက မဆိုးပေ။ ကြည့်ရတာ ဒီကာလအတွင်း အကျိုးအမြတ်ရပြီထင်၏။ သူ့ကို မြင်တာနှင့် ဆေးရုံတက်ရသော အဖိုးအခကို ပေးမည်ဟု စပြောလာသည်။ ထပ်ပြီး ကုမ္ပဏီက စာရင်းကိုင်အသစ်ထပ်ခေါ်ဦး မည်ဟု ဆိုသေးသည်။ သူ့အား ဒီရက်ပိုင်းအတွင်း တာဝန်ယူထားပေးဖို့နှင့် မကြာခင်အကူရတော့မည်ဟု ဆိုသည်။
လီချိန်ရှို့ အတော်လေး ပျော်ပါသည်။
ဒါက သူစာရင်းကိုင်အလုပ်နှင့်ပတ်သက်၍ ပထမဆုံး ကိုယ့်ဘာသာကြိုးစားရလာသည့် အလုပ်ဖြစ်သည်။ ကုမ္ပဏီကသေးငယ်သော်လည်း အလားအလာကောင်းရှိသည် ဟု ထင်သည်။ သူသာ ပိုပြီး စေ့စေ့စပ်စပ်ကြိုးစားပါလျှင် သူနှင့်ရှောင်ချာပေးစားဝတ်နေရေးအတွက် တတ်နိုင်ရုံမျှမက တစ်နေ့မှာ ပြေလည်အောင်မြင်လာမည်ဟုလည်း ထင်သည်။
အလုပ်သမားနေ့ပြီးနောက် မထွက်ခဲ့သော ကုန်များက အခုထိ ကျန်နေသေးသည်။ ထိုကုန်များက ကြီးမားသော အလုပ်ထုထည်ကိုဖြစ်စေပြီး လီချိန်ရှို့ ထပ်မံ အလုပ်ရှုပ်လာပြန်သည်။