[Unicode]
လီချိန်ရှို့သည် အပြင်ထွက်ပြီးနောက် သိပ်ဝေးဝေးမသွားခဲ့။ အကြောင်းက သူထွက်လာသည်မှာ အလျင်စလိုဖြစ်လွန်း၍ ပိုက်ဆံမပါ ၊ ဖုန်းမပါ ၊ အနည်းဆုံး သော့ပင် ပါမလာခဲ့၍ဖြစ်သည်။
သူခဏက ရှောင်ပြေးလာခဲ့သည်ပင်။
ရှောက်ချွင်၏ ထိုသို့အေးစက်သော အပြုအမူက သူ့မမရှေ့တွင် မိမိအား အိမ်ဖော်လို ဆက်ဆံလိုက်သည်ပင်။ သူတို့ဆက်ဆံရေးကို အလွယ်တကူ သိစေ၍မရ ၊အထူးသဖြင့် မိသားစုဝင်တွေကို သူနားလည်သော်လည်း သူစိတ်ထဲအလွန်ဝမ်းနည်းမိသည်။
ရှောက်ချွင်သည် သူက ကျွန်တော့်မိတ်ဆွေဟုပင် တစ်ခွန်းတစ်လေ မပြောခဲ့။
လီချိန်ရှို့သည် ပိုက်ဆံမပါ၍ ဝေးဝေးမသွားရဲသည့်တိုင် စားသောက်ဆိုင်တစ်ခုအတွင်းလဲ ဝင်မနေရဲ။ သို့သော် ရာသီဥတုက အလွန်အေးလွန်း၍ သူအနီးဆုံး ကုန်တိုက်တစ်ခုအတွင်း ဝင်ကာ လျှောက်ပတ်ကြည့်နေမိသည်။
လှည့်ပတ်ရင်း ဆယ်နာရီထိုးချိန်တွင် ကုန်တိုက်က ပိတ်ပြီဖြစ်သည်။ ထိုအချိန်မှ သူမတတ်သာတော့ပဲ ထွက်လာကာ လက်နှစ်ဖက်ယှက်လျက် တုန်တုန်ရီရီဖြင့် အိမ်ပြန်မည့်လမ်းကို ဦးတည်သည်။
အိမ်ရာဝင်းထဲရောက်ချိန်တွင် အခန်းမီးပွင့်နေသည်ကို မြင်ရသော်လည်း ရှောက်ချွင်၏ ကားတစ်စီးက လျော့နေသေးသည်။ ရှောက်ချွင်က များသောအားဖြင့် အိမ်မကပ်တာသူသိသည်။ သူအိမ်ပြင်ထွက်လျှင် မီးပိတ် အဲယားကွန်းပိတ်ရသည့် အသိမရှိ။
လီချိန်ရှို့သည် ဝေဝါးစွာ ဤလှပသည့် အိမ်ရာဝန်းကို ငေးကြည့်နေမိသည်။
အပြင်တွင် မီးရောင်က လင်းလက်စူးရှနေသော်လည်း သူ့မှာတော့ တစ်ကိုယ်လုံးတုန်ရီလောက်အောင် အေးခဲနေသည်။ အပြင်ဘက်၌သာ ရပ်နေရပြီး ဝင်ရောက်လို့မရနိုင်။ ဒီအိမ်က သူများအိမ်လို အထဲ၌ရှိနေသော နွေးထွေးမှု များသည် သူနှင့် တစ်စက်မှ မသက်ဆိုင်သလို။
အမှန်တကယ် အဲ့လိုပဲ မဟုတ်လား။ ဒါက ရှောက်ချွင်၏ အိမ်ဖြစ်ပြီး သူကနေခွင့်ရထားသူလေ။