-20-

258 22 1
                                    

[Unicode]

"ရို့...တကယ်ပဲ အဲ့ဒီလီချိန်ရှို့ဟ"

ဦးဆောင်လာသည့်တစ်ယောက်က ရှောက်ချွင်၏ပခုံးကို ဖက်လိုက်ရင်း ကိုယ်ကိုကိုင်းချကာ လီချိန်ရှို့၏မျက်နှာရှေ့တည့်တည့်ရောက်မှ တဟီးဟီးနှင့်

"ဟေ့...ငါ့ကို မှတ်သေးတယ်မလား?"

ရှောက်ချွင်ကို သူမှတ်မိနိုင်မှတော့ ဒီသုံးယောက်ကိုလည်း သေချာပေါက်မမေ့နိုင်ချေ။ မျက်စိရှေ့မှဒီတစ်ယောက်က ငယ်စဉ်က ဆံပင်နီဆိုးခဲ့သည့် တစ်ယောက်၊ ကြယ်သီးနှစ်လုံး ဖြုတ်ထားသည့် ရင်ဘတ်ဟပြဲနှင့်တစ်ယောက်က လူဆိုးလေးကျိုးလိ၊ အနောက်မှ ရွှေရောင်မျက်မှန်ကိုင်းနှင့် ငယ်ရွယ်ရှင်းသန့်သည့်လူငယ်က လီဝိန်ရွှင့်ဖြစ်ပြီး ဘေးမှမျက်နှာ ရှုတည်တည်နှင့်တစ်ယောက်က ခေါယီရှိန်းပင်။

သူတို့နှင့် ဒီမှာတွေ့ရလိမ့်မည်ဟု မထင်ထားပါ။ သူရှောက်ချွင်ကို မတွေ့ချင်ဘူးဟုပြောစဉ်က သူသာမတွေ့ချင်လျှင် မမြင်စေရဘူးဟုပြောခဲ့သည်ကို မှတ်မိသည်။

လီချိန်ရှို့သည် ဖြူဖျော့နေသောမျက်နှာနှင့် ရှောက်ချွင်အား မျှော်ကြည့်သည်။

ရှောက်ချွင်က လက်တစ်ချက်ယမ်းပြပြီး မျက်နှာပေါ်တွင် တောင်းပန်သည့်သဘောနှင့်

"ချိန်ရှို့ သူတို့ကအတင်းလာတာ။ ကိုယ်က သူတို့ခြေထောက်တွေကို ချုပ်ခြယ်နေလို့မှမရတာ မဟုတ်ဘူးလား"

သူပြောရင်း ကျိုးလိ၏ခေါင်းကို ရိုက်လိုက်ပြီး

"သူ့ကို မခြောက်လှန့်နဲ့"

"ယား...ရှောက်ချွင် ဒီလောက်ဆတ်ဆတ်ထိမခံဖြစ်နေပြီလား။ ငါနည်းနည်းလေးပဲ အနားကပ်စကားပြောတာကို ကြည့်စမ်းပါဦး ရင်တွေနာနေတာများ"

လီဝိန်ရွှင့် လက်ပိုက်ထားရင်း ရယ်ပုံကယဉ်ကျေးဟန်အပြည့်နှင့်

"လီချိန်ရှို့ ငါတို့တကယ်ပဲ မတွေ့တာအတော်ကြာပြီနော်။ ဆယ်နှစ်ကျော်လောက်ရှိလောက်ပြီ။ မျက်စိတစ်မှိတ်နဲ့တင် ငါတို့တောင် အသက်သုံးဆယ်ကပ်နေပြီ။ မင်းနဲ့ ရှောက်ချွင်လည်း အတော်ကိုရေစက်ပါတာပဲ။ ထပ်ပြီး မတော်တဆဆုံနိုင်သေးတယ်။ သူငါတို့ကို ပြန်ပြောပြတဲ့အချိန်တုန်း‌က ငါတို့လည်း တအားအံ့ဩနေတာ"

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now